အရိုင်းစံပယ်

အောင်လင်း

 

၁၆-၁၁-၂၀၂၂ ရက်မှအဆက်

 

ဘလှသန်းထွန်းသည် မော်၏ပခုံး ကလေးကိုပွေ့ယူလိုက်ရင်း  မျက်နှာချင်း ကပ်ထားလိုက်သည်။ မော်က ဘလှသန်းထွန်း၏ရင်ပြင်ကို လက်ဖြင့် အသာတွန်းထားသည်။ သို့တွန်းထားရင်းမှ လက်များသည် ဘလှသန်းထွန်းကျောကို ရစ်သိုင်း၍ဖက်ပြီး သားဖြစ်သွားပြန်သည်။ ဘလှသန်းထွန်းသည် မော့်တစ်ကိုယ်လုံး သိမ်းကျုံး၍ဖက်ထားရင်း မော်၏နှုတ်ခမ်းများကို အတင်းနမ်းလိုက်ပြန်သည်။ မော်က လူးလွန့်ရုန်းကန်ရင်း ခပ်တိုးတိုးတောင်းပန်လိုက်သည်။

 

“ဖယ် ... ဂျော်နီရာ၊ ယူတို့ယောက်ျားတွေဟာ အတူတူပဲ။ မိန်းကလေးတွေကို တွေ့ရင် ဒါလောက်ပဲစိတ်ကူးကြတာ”

 

မော်သည် စိတ်မပါ့တပါရုန်းကန်ရင်း ထိုင်ခုံပေါ်တွင် လဲကျသွားသည်။ ဘလှ သန်းထွန်းက မော်၏မျက်နှာကို အပေါ်မှ မိုး၍ထားသလိုရှိတော့သည်။

 

“ကိုယ် မော့်ကိုချစ်တယ်။ ဒါပဲနော် ... မော့်ကို ကိုယ်လက်ထပ်မယ်။ မော့်ကို ကိုယ်ချစ်တယ် ... သိလား။ ကိုယ့်ကို အရူးမလုပ်နဲ့”

 

ဘလှသန်းထွန်းသည် ဆီမန်းမန်းသလို တတွတ်တွတ်ပြောရင်း မော်၏ လည်တိုင်ကြော့ကြော့၊ ပါးမို့မို့၊ နဖူး ပြန့်ပြန့်လေးကို အနှံ့နမ်းလိုက်ပြန်သည်။ မော်က ကလေးသံလေးဖြင့် ညည်းရှာသည်။

 

“ပြန်မယ် ... ဂျော်နီရယ်၊ မော် ကနေ့ည ဒါတွေနားမထောင်ချင်ဘူး။ ပြန်ကြရအောင် ဂျော်နီ၊ နောက်နေ့ကျမှ အေးအေး ဆေးဆေးတွေ့ကြရအောင်ပါ...နော်”

 

“ဟင့်အင်း ... မပြန်သေးဘူး”

 

ဂျော်နီက မကောင်းဘူးကွယ်။ အို ... ပြောတာလည်းမရဘူး”

 

“မရဘူး ... မရဘူး။ မော့်ကို ကိုယ်ယူ မှာပဲဟာ”

 

“တော်တော့ကွယ်။  မော်စိတ်ညစ် အောင်မလုပ်နဲ့ကွယ်”

 

မော်၏ အသံကလေးများသည် တဖြည်းဖြည်း တိမ်၍သွားသည်။

 

ကောင်းကင်မှ ကြယ်ကလေးများသည် သစ်ပင်များကြားမှနေ၍ မော်၏ဇာတ်လမ်းကို မှိတ်တုတ်မှိတ်တုတ်ဖြင့် ကြည့်နေကြသည်။  သို့ကြည့်ရင်း  အင်းလျားရေပြင်မှ လှိုင်းတွန့်တွန့်ကလေးများကို လှမ်း၍သတင်းပေးလိုက်သည်။

 

ထိုအချိန်တွင်  ခါတိုင်းလာနေကျ သူတို့မိတ်ဆွေ ကိုခင်မောင်ကြည်နှင့် မော်တို့ကို မျှော်နေကြမည့် အင်းလျား ရေပြင်မှ လှိုင်းကလေးကိုကား မော်သည် သတိရနိုင်တော့မည် မဟုတ်တော့ချေ တကား ....

 

ကိုခင်မောင်ကြည်ပေးသောဓာတ်ပုံကို ယူ၍ကြည့်လိုက်မိသောအခါ ‘မ’ မှာ မျက်လုံးများပင် ပြာ၍သွားလေသည်။ ပါတီပွဲတွင် ဖြစ်ချင်တိုင်းဖြစ်နေသော မော်နှင့် ဘလှသန်းထွန်း၏ ပုံဖြစ်သည်။ ‘မ’ သည် ဓာတ်ပုံကို ကြာကြာပင်ဆက်၍ မကြည့်ရဲတော့ချေ။ ကိုခင်မောင် ကြည်ကိုသာ မရဲတရဲကြည့်ရင်း မေးလိုက်ရသည်။

 

“ဘယ်လိုဖြစ်တာလဲ ကိုကိုကြည်”

 

“ညကပေါ့၊ မစ္စတာရှားမားတို့ပါတီမှာ မော်တစ်ယောက် မူးပြီးခုလိုဖြစ်တာပဲ။ ကိုကိုကြည့်ကိုတောင် အထင်လွဲပြီး အရက်နဲ့ပက်သွားတယ်။ အဲဒါကို သတင်းထောက်တွေက ဖမ်းပြီးဓာတ်ပုံရိုက်တာ။ ညက မနည်းတောင်းပန်ပြီး ဖလင်ကို လုယူခဲ့ရတယ်။ အမှန်က သိပ်ရှက်စရာကောင်းတယ်။ မစ္စတာရှားမားတို့ပါတီဆိုရင် တကယ့်လူကုံထံ မျက်နှာကြီးတွေ လာတာများတယ်။ ဒီပွဲမျိုးမှာ ခုလိုဖြစ်တာကတော့ လူကြီးတွေဂုဏ်သရေပါ ထိခိုက်တယ်”

 

‘မ’ သည် ကိုခင်မောင်ကြည်၏စကားတို့ကြောင့် ကိုယ့်ညီမဘက်မှ မခံချင်သလို ဖြစ်မိသော်လည်း အောင့်၍ထားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ခုနေအခါမျိုးတွင် ကိုခင်မောင်ကြည်လို လူတစ်ယောက်ကပင် ကယ်တင်ရှင်ကြီး ဖြစ်နေသည် မဟုတ်လား။

 

“ကိုကိုကြည်ကိုတော့ ‘မ’ တစ်ခု တောင်းပန်ပါရစေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖေဖေတို့ မေမေတို့ မသိပါစေနဲ့။ ‘မ’ သူ့ကိုကြည့်ပြီးပြောပါ့မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုကိုကြည်ကလည်း မော့်ကို အပြစ်မယူစေချင်ဘူး။ မော့်ကိုယ်စား ‘မ’ကပဲ တောင်းပန်ပါတယ်”

 

ကိုခင်မောင်ကြည်သည် ‘မ’ ၏ တောင်းပန်ချက်ကို စိတ်ထဲမှ ကျေနပ်သော်လည်း ဟန်ဆောင်၍နေလိုက်သည်။ မော့်ကိစ္စနှင့်ပတ်သက်၍ သူကိုယ်တိုင်ကပင် စိတ်မကောင်းဟန်ဖြင့် ခေါင်းကို ခပ်လေးလေး ညိတ်ပြလိုက်သည်။

 

“ကျွန်တော်နားလည်ပါတယ်။ ဒီကိစ္စကို မွန်နဲ့ ‘မ’ ပဲ ပြောတာပါ။ ဒါကတော့ ညီအစ်မချင်းချင်း တိုးတိုးတိတ်တိတ် ဆုံးမနိုင်အောင်လေ။ မော်က တစ်ဇွတ် ထိုးဆိုတော့ အပြောရခက်တယ်”

 

“မော်က ကလေးစိတ်ကမကုန်သေးတဲ့အထဲ ထင်ရာလျှောက်လုပ်တဲ့စိတ်က ရှိပြန်တော့ ပိုခက်တာပေါ့။ ဒါပေမဲ့ ‘မ’ သူ့ကို ချော့မော့ပြီးပြောပါ့မယ်”

 

ကိုခင်မောင်ကြည်သည် ‘မ’ ကို တစ်ချက်မျှစိုက်ကြည့်ပြီးလျှင် နေရာမှထလိုက်သည်။

 

“ကဲ ... ဒါဖြင့် ကိုယ်သွားမယ်”

 

‘မ’ က ခေါင်းကို အသာညိတ်လိုက်သည်။ ကိုခင်မောင်ကြည်သည် တစ်လှမ်း နှစ်လှမ်းမျှ လှမ်းလိုက်ပြီးလျှင် တစ်စုံတစ်ခုကိုသတိရဟန်ဖြင့် ပြန်၍လှည့် လိုက်သည်။

 

“ဪ ... ဒါထက် ‘မ’ကို ကိုယ်တစ်ခု ပြောရမယ်။ ကိုယ်နဲ့ ‘မ’ နဲ့ ကိစ္စအတွက်တော့ မွန့်ကိုပြောပြီးပြီ။ ကိုယ်တော့ ‘မ’ ဆုံးဖြတ်မယ့်အချိန်ကို စောင့်နေပါတယ်။ ‘မ’ ဆီက အဆုံးအဖြတ်ကျလာရင် အန်ကယ်တို့ အန်တီတို့နဲ့တိုင်ပင်ပြီး စီစဉ်ဖို့ပဲရှိတော့တယ်။ ဒီကိစ္စကလေး တွေကို မမေ့လိုက်ပါနဲ့နော် ‘မ’”

 

ကိုခင်မောင်ကြည်သည် ပြောပြောဆိုဆို ထွက်၍သွားလေသည်။ ‘မ’ က ပြန်၍ပြောချိန်မရမီ ကိုခင်မောင်ကြည် သည် ဧည့်ခန်းမှထွက်သွားသည်။

 

‘မ’ သည် ကိုခင်မောင်ကြည်ကို မကျေမချမ်း ရပ်၍ကြည့်နေမိသည်။

 

ပြီးမှ အပေါ်ထပ်သို့တက်ခဲ့သည်။ အပေါ်ထပ်သို့ရောက်သောအခါ ရေဒီယိုမှသီချင်းကို နားထောင်ရင်း ရုတ်တရက် ငိုင်၍နေမိသည်။ လှမိုးဆိုသော ညီမလေးရယ် စိုးရိမ်တယ် သီချင်းသည် ရေဒီယိုမှ ကြည်လင်စွာ ပေါ်ထွက်လာသည်။ အမှန်၌ ‘မ’ သည် ဂီတအနုပညာကို ဝါသနာပါသော်လည်း ရေဒီယိုသီချင်းများကို စိတ်ဝင်စားခြင်း မရှိလှ။

 

မြန်မာအနုပညာ မြန်မာ့ဟန်နှင့် အတွေးအခေါ်ပါသော သီချင်းများ ကြားရခဲသည်။ ခဏခဏလာ၍ ပါစပ် ဖျားရောက်ပြီး ပျောက်ဆိုသော သီချင်း များသာ လာတတ်သည်။ ထို့ကြောင့် လည်း မြန်မာ့အသံ ရေဒီယိုသီချင်းများ ကို တစ်ခါတစ်ရံ အားမလိုအားမရ ဖြစ်မိသည်။ ကိုယ်ကြိုက်သောအဖွဲ့နှင့် သီချင်းများသာ ရွေး၍နားထောင်တတ်သည်။ ယခုမူ တိုက်ဆိုင်၍လားမသိ၊ ‘မ’ သည် ရေဒီယိုမှ သီချင်းများကို နားထောင်ရင်း ငိုင်၍နေမိသည်။

 

အပျံသင်စ ငှက်ကလေးပမာလို မရေရာသေးတဲ့လောကအလယ် မသိတာရှိသေးတယ်။ ကျယ်ဝန်းတဲ့ ဟောဒီကမ္ဘာ ဝယ် အယောင်ဆောင်တွေနဲ့တွေ့မှာစိုးလှတယ်။

 

“ပုရစ်နွယ်အညွန့်ဖူး အချစ်နယ်မလွန့်လူးလေနဲ့ အပျံသင်စအရွယ် ညီမလေးရယ် စိုးရိမ်မိသေးတယ်”

 

‘မ’ သည် သီချင်းကိုနားထောင်ရင်း မော့်အဖြစ်နှင့်ယှဉ်၍ တွေးလိုက်မိသည်။

 

မော်သည် ရေဒီယိုကို ထ၍ပိတ်လိုက်ရင်းမှ ‘မ’ ကို တစ်ချက်မျှ ရှူသိုးသိုးဖြင့် စိုက်ကြည့်လိုက်သည်။

 

“အလကားသီချင်းကြီး ... သူတို့နှမပဲ သူတို့စိုးရိမ်ဖို့ကောင်းတယ်။ ကြီးကြီးကျယ်ကျယ် သူတို့ကပဲစိုးရိမ်တယ်ရှိသေးတယ်”

 

မော်သည် ပြောရင်းဆိုရင်း နေရာမှ ထလိုက်သည်။ ‘မ’ က မော့်ကို လှမ်းကြည့်လိုက်ရင်း ပြောရန် စကားစလိုက်သည်။

 

“ဒီသီချင်းဟာ ခေတ်နဲ့လိုက်ပါတယ်ကွယ်။ ခေတ်အပျိုပေါက်ကလေးတွေဟာ စိုးရိမ်စရာ အကောင်းဆုံးနေရာတွေမှာ ဝင်ပြီးတိုးနေကြတယ်။ ဒါဟာ သူတို့ ရဲ့ ပျက်စီးခြင်းလမ်းစပဲ။ ဘာပဲဖြစ်ဖြစ် ဒီသီချင်းမှာ ကရုဏာရသလေးတော့ ပါသေးတယ်”

 

‘မ’ က စကားစရန် သီချင်းနှင့် နိဒါန်းပျိုးလိုက်သည်။ မော်က ‘မ’ ပြောသော စကားများကို ရှုံ့ရှုံ့မဲ့မဲ့ဖြင့် နားထောင်နေသည်။ ပြီးမှ မျက်နှာသုတ်ပဝါကိုဆွဲ၍ နောက်ဖေးခန်းသို့ ထွက်သွားသည်။ ‘မ’ သည် မော့်အကြောင်းကိုသာတွေးရင်း စောင့်နေရှာသည်။ မျက်နှာသစ်၍ ပြန်လာတော့လည်း မော်သည် ‘မ’ ကို စကားမပြော။ ပွနေသောခေါင်းကို ပြင်ရင်း သီချင်းတအေးအေး ဆိုနေတော့ သည်။ ‘မ’ သည် လက်ထဲမှဓာတ်ပုံကို မှန်တင်ခုံရှေ့သို့ ပစ်ပေးလိုက်ပြီးလျှင် ဘာမျှမပြောဘဲ မော်၏အရိပ်အခြည်ကို အကဲခတ်နေလိုက်သည်။

 

မော်သည် ဓာတ်ပုံကိုမြင်ရမှ တစ္ဆေ ခြောက်ခံရသူကဲ့သို့ ရုတ်တရက် လန့်သွားဟန်ရှိသည်။ ပြီးမှ ဣန္ဒြေဆည်၍ မေးလိုက်သည်။

 

“ဒါ ဘယ်ကရတာလဲ”

 

“ဘယ်ကရတာမရတာ အရေးမကြီးဘူး မော်။ မင်း ဘာဖြစ်ခဲ့သလဲဆိုတာ အရေးကြီးတယ်”

 

မော်သည် ငှက်ကလေးကဲ့သို့ သူ့ဆံပင်ကို ခေါင်းတဆတ်ဆတ်ဖြင့် ခါလိုက်ပြီးလျှင် လက်နှစ်ဖက်သပ်ကာ ဖဲကြိုးစည်းလိုက်သည်။ ပြီးမှ ခပ်အေးအေး ပြန်၍ ဖြေလိုက်သည်။

 

“ကိုကိုကြည်ကို အမြင်ကပ်လို့ အရွဲ့တိုက်ခဲ့တာ။ ဘယ်ကောင်တွေကများ လက်ကမြင်းပြီး ဓာတ်ပုံရိုက်သလဲမသိပါဘူး”

 

“လက်ကမြင်းပြီးရိုက်တာ မဟုတ်ဘူးမော်။ သတင်းစာထဲကို ထည့်ဖို့ရိုက်တာ။ တောင်းပန်ပြီး ယူလာခဲ့ရတာ။ မိုက်လှချည်လား ညီမငယ်ရယ်။ ဘာလို့ ဒီလို လုပ်ရတာလဲ”

 

“ညက မော်နည်းနည်းမူးသွားတယ်။ အဲဒါ မူးမူးနဲ့ ဘာတွေဖြစ်မှန်းမသိဘူး”

 

‘မ’ သည် မျက်လုံးဝိုင်းကလေးဖြင့် မော့်ကိုစိုက်ကြည့်နေမိသည်။ မော်က ခပ်ပေါ့ပေါ့ ပြောလိုက်သော်လည်း နားထောင် ရသူ ‘မ’ မှာ အသက်ရှူမှားတော့မလို ဖြစ်ရ၏။

 

“ဖြစ်မှဖြစ်ရလေ ညီမလေးရယ်။ အရက်ဆိုတာ မိန်းကလေးတွေနဲ့ လုံးဝမစပ် ဟပ်တဲ့အရာပါလား။ သူစိမ်းယောက်ျားတွေနဲ့ တွဲသွားပြီး အရက်မူးနေတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်များ အသည်းယားစရာကောင်းသလဲ။ ‘မ’ ဖြင့် မင်းအစား ရင်တုန်တယ်”

 

ဆက်လက်ဖော်ပြပါမည်။