အရိုင်းစံပယ်

အရိုင်းစံပယ်

 

အောင်လင်း

 

၉-၁၁-၂၀၂၂ ရက်မှအဆက်

 

တစ်နည်းနှင့်မရလျှင် အခြားတစ်နည်းနှင့်လှည့်၍ ပြောရန်ကိုသာ စိတ်ကူးရတော့သည်။ ‘မ’ သည် မော်၏လက်တစ်ဖက်ကို အသာဆွဲ၍ ဆုပ်ထားမိသည်။

 

“‘မ’ ကို စိတ်မဆိုးပါနဲ့ ညီမလေးရယ်။ ‘မ’ပြောတာဟာ မော့်အယူအဆနဲ့ လွဲချင်လွဲမယ်။ ဒါပေမဲ့ မော်တစ်ခုနားလည်ဖို့ကတော့ ခု ‘မ’ မင်းကို စေတနာ နဲ့ပြောနေတယ်ဆိုတာတော့ နားလည်ပါကွယ်”

 

မော်သည် ‘မ’ လက်ကို ပုတ်ချလိုက်သည်။ ပြီးမှဒေါသခိုးလျှံသော မျက်လုံးများဖြင့်    ကြည့်ရင်း ရန်တွေ့လိုက်ပြန်သည်။

 

“ဒီမှာ ‘မ’၊ မော်ဟာ ကလေးမဟုတ်ဘူး။ ကိုယ့် ကိုယ်ကိုယ် စဉ်းစားနိုင်တယ်။ မွန့်လိုပဲ ယောက်ျား တစ်ယောက်ကို စိတ်ကြိုက် ခေါင်းခေါက်ရွေးနိုင် တယ်။ ‘မ’ လို ယောက်ျားရှားပြီး လမ်းဘေးကလူကို ငမ်းငမ်းတက်ရွေးတဲ့မိန်းမစားမျိုး မှတ်နေသလား”

 

မော်၏ ရင့်သီးလှသောစကားများကြောင့် ‘မ’ သည် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်၍ လာသည်။

 

ဒေါသကို ချုပ်တည်းနိုင်သော်လည်း နာကြည်းသည့်စိတ်ကို ချုပ်တည်း၍မရချေ။ သို့သော် ‘မ’ သည် သူ့စိတ်ကိုသူ အတတ်နိုင်ဆုံး ချုပ်တည်း၍ထားလိုက်သည်။ မျက်ရည်များသည် မျက်လုံးအိမ်အတွင်းသို့ အန်ထွက်လာသည့်တိုင်အောင် အပြင်သို့ စီးမကျရန် သိမ်း၍ထားလိုက်သည်။

 

“အေး ... မင်းထင်ချင်သလို ထင်နိုင်တယ်။ ဒါပေမဲ့ တို့ရဲ့ရွေးချယ်တဲ့နေရာမှာ အချစ်ကိုတော့ တို့ တန်ဖိုးထားတယ်။ သွေးသားနှိုးဆွပြီး လူမှန်းမသိမူးရူးပြီး ဖောက်ပြန်တဲ့လူမျိုးတော့ တို့အထင်မကြီးဘူး။ မင်းတစ်ခုနားလည်စမ်းပါ မော်။ ငါဟာ မင်းပြောသလို ကြမ်းပိုးတေလေတစ်ယောက်ကို ချစ်မိချင်လည်း ချစ်မိမယ်။ ဒါပေမဲ့ အချစ်ဆိုတာတော့ ငါ့ရင်ထဲမှာ အမြဲတန်ဖိုးထားတယ်။ ဒီလိုလူမျိုးကို ချစ်မိလို့ ငါမှားတယ်ဆိုရင် နှုတ်နဲ့ဖြစ်စေ၊ စိတ်နဲ့ ဖြစ်စေပဲ မှားတယ်။ ငါမှားတာက ရည်းစား တစ်ယောက်ထားခဲ့မိတယ်ဆိုတဲ့ အမည်းကွက်အပြင် တခြားဘာမှမဖြစ်နိုင်ဘူး။ မင်းတို့မှားရင် နစ်မွန်းမယ်မော်။ ငါသိတယ် မော်။ ငါ့ကို မင်း ဒီတစ်ချက်နဲ့ အနိုင်ယူမယ်ဆိုတာ”

 

“တော်ပြီ ‘မ’၊ မော့်ကိစ္စကို ဝင်မပြောနဲ့။ ‘မ’ ကိစ္စကို မော်မပြောဘူး။ ဒီအရွယ်တွေမှာ တစ်ယောက် နဲ့တစ်ယောက် ဆရာလုပ်စရာမလိုဘူး။ ဆုံးမစရာ ကိုမလိုဘူး။ ကိုယ့်အသိနဲ့ကိုယ် ကိုယ်ကြိုက်တာကို ကိုယ်လုပ်ကြတာပဲ။ ဘာမှပြောစရာမလိုဘူး”

 

“ပြောရမယ်မော်။ မပြောလို့မဖြစ်ဘူး။ အစတုန်းက ငါ မပြောရဲဘူး။ မပြောရဲတဲ့အကြောင်းက သတ္တိ မရှိလို့ပဲ။ ဒီအကြောင်းကိုပြောရင် ငါ့ကိုနိုင်ကွက်နဲ့ လှည့်မယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါမကြောက်တော့ဘူး။ ငါကြောက်ပြီးမပြောရင် မင်းနစ်မွန်းမှာပဲ။ မင်းနစ်မွန်းမှာကိုတော့ ငါမကြည့်နိုင်ဘူးမော်”

 

မော်သည် အသံကြောင်ကလေးဖြင့် ခေါင်းကို မော့၍ရယ်လိုက်မိသည်။ ပြီးမှ ‘မ’ ရှေ့တွင်ရပ်၍ ပြန်မေးလိုက်သည်။

 

“နေစမ်းပါဦး ... ‘မ’က လူတစ်ယောက်အကြောင်းကို ဘယ်လိုလုပ်ပြီး တပ်အပ်ပြောနိုင်သလဲ။ မော့်အကြောင်းကို မော့်ထက်များ ‘မ’ က သိလို့လား။ ဒီလိုဆိုရင် အံ့သြစရာသိပ်ကောင်းတာပေါ့နော်”

 

“ဒီမှာမော်၊ မင်း ကိုယ့်ကို လှောင်နေစရာမလိုဘူး။ ကိုယ့်မှာနားရှိတယ်။ မင်းသတင်းတွေ ကိုယ့်နားမှာ မဆံ့အောင်ကြားရတယ်။ ရှက်လည်းရှက်တယ်။ မင်းအတွက် ဝမ်းနည်းတယ်။ ယောက်ျားတကာနဲ့ ဖက်ပြီးက၊ သူတို့ခေါ်ရာလိုက်။ အချိန်မရှိပြန်လာ။ ဒါဟာ မိန်းမကောင်းတွေရဲ့ အပြုအမူ အနေအထိုင်မျိုး မဟုတ်ဘူး”

 

မော်၏မျက်နှာကလေးသည် နီရဲ၍လာသည်။ သို့သော် မော်က ငေါ့၍ တမင်ရယ်လိုက်သည်။

 

“‘မ’ဘာပြောတယ်၊ မိန်းမကောင်းတွေအလုပ် မဟုတ်ဘူး ... ဟုတ်လား။ ဒါဖြင့် မိန်းမကောင်း တွေကရော ဘယ်လိုများနေထိုင်ကြသလဲ။ အိမ်ထဲမှာ အခိုင်းအစေ ကြမ်းပိုးတေလေနဲ့ကုပ်ပြီး ကမြင်းတာမျိုးလား။ ဒီမှာ ‘မ’... သူများနှာခေါင်း ဇောက်ထိုးဖြစ်နေတာကိုပဲ လက်ညှိုးမထိုးနဲ့။ ကိုယ့် ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး။ မော်က ယောက်ျားတကာနဲ့ ဖက်ပြီးကတယ်၊ သူတို့ခေါ်ရာလိုက်တယ်ဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီယောက်ျားတွေက ကြမ်းပိုးတွေမဟုတ်ဘူး၊ ဖက်ခွက်စားတွေမဟုတ်ဘူး။ ပညာတတ်တွေ၊ တကယ့်အဖိုးတန် ယောက်ျား တွေ နားလည်လား”

 

‘မ’ သည် နေရာမှ ရုတ်တရက်ထလိုက်သည်။ ချစ်သူကိုထိတော့လည်း မချိအောင်နာမိသည်။ ဒေါသစိတ်ကြောင့် အသားများ တဆတ်ဆတ် တုန်နေသည့်တိုင်အောင် အသံကိုအုပ်၍ ခပ်တိုးတိုး သာပြောလိုက်သည်။

 

“အေး ... ငါ ပြောထားပြီးပြီမဟုတ်လား။ ငါ့ ချစ်သူဟာ ကြမ်းပိုးပဲဖြစ်ဖြစ်၊ တေလေပဲဖြစ်ဖြစ် ချစ်တာကတော့ ချစ်တာပဲ။ ဘုရင့်သမီးတောင် စောင်းဆရာနဲ့ ချစ်ချင်ချစ်ကြတာပဲ။ သူဌေးသမီးလည်း သူတောင်းစားနဲ့ ချစ်ချင်ချစ်ကြတာပဲ။ ဒါဟာ ဘာမှမဆန်းဘူး။ တစ်ဘဝမှာ ချစ်သူယောက်ျား တစ်ယောက်ကိုရွေးတဲ့ မိန်းမမျိုးက တန်ဖိုးရှိသေးတယ်။ ယောက်ျားတကာနဲ့တွဲပြီး လေချင်ရာလေ၊ လွင့်ချင်ရာလွင့်နေတဲ့ မိန်းမမျိုးက တန်ဖိုးလုံးလုံး မရှိဘူး။ လမ်းဘေးမိန်းမရွှင်နဲ့ ဘာမှမထူးဘူး သိလား”

 

‘မ’ ၏ စကားမဆုံးခင် မော့်လက်တစ်ဖက်က ‘မ’ပါးပေါ်သို့ တဖြန်းဖြန်းကျ၍လာသည်။

 

‘မ’ ၏ မျက်လုံးအစုံမှ မီးများပွင့်ထွက်လာသည် ဟုပင် ထင်လိုက်ရသည်။ ရှေ့တွင် ရပ်နေသော မော့်ကိုပင် မမြင်နိုင်ဘဲ မျက်လုံးများက ပြာသွားတော့သည်။ ‘မ’ သည် သူ့ပါးတစ်ဖက်ကိုပွတ်ရင်း မော့်ကို တွေ၍စိုက်ကြည့်နေသည်။ ‘မ’ မျက်လုံးအိမ်တွင်း ၌ကား မျက်ရည်များ ပြည့်လျှံ၍လာသည်။ မော်၏မျက်လုံးတို့သည်ကား ဒေါသခိုးဖြင့် တောက်ပ၍နေတော့သည်။

 

‘မ’ သည် ရီဝေသောမျက်လုံးများဖြင့်သာ မော့်ကို မျက်တောင်မခတ် စိုက်၍ကြည့်နေသည်။ ပြီးမှ တစ်ချက်မျှရှိုက်လိုက်ပြီး မျက်နှာကို လက်ဝါးဖြင့်အုပ်၍ အောက်သို့ ပြေးဆင်း၍သွားတော့သည်။

 

အောက်ထပ်ဧည့်ခန်း၌ကား တိတ်ဆိတ်လှသည်။ အလင်းရောင်လည်း မရှိ။ ‘မ’ သည် လှေကားခြေရင်း တိုင်တွင်မှီ၍ ရပ်လိုက်သည်။ တိတ်ဆိတ်သော ဧည့်ခန်းအတွင်းဝယ် ‘မ’ ၏ ရှိုက်သံကလေးများကို ခပ်သဲ့သဲ့ကြားနေရသည်။ နှုတ်ခမ်းကလေးများကို ပြတ်လုမတတ် ကိုက်ထားရင်းမှ စိတ်ကို တင်းထားသည်။ ရှိုက်သံများက ဆောင့်၍ထွက်လာသည်။

 

ထိုအတွင်းဝယ် ကိုဘခက်အခန်းဆီမှ မီးလင်း၍ လာသည်။ တံခါးဖွင့်သံလည်း ကြားရသည်။ ‘မ’ သည် ကိုဘခက်အခန်းဆီသို့ လှမ်း၍ကြည့် လိုက်မိသည်။ ကိုဘခက်သည် အပေါက်ဝတွင် မလှုပ်မယှက် ရပ်ရင်း ‘မ’ ကိုသာ စိုက်ကြည့်နေသည်။ ကိုဘခက် ကိုမြင်ရမှ ‘မ’ မှာ ပို၍ဝမ်းနည်းမိပြန်သည်။

 

‘မ’ သည် တိုင်တွင်မှီ၍ရပ်နေရာမှ မျက်နှာကို လက်ဖြင့်အုပ်လိုက်ရင်း လှေကားအောက်ဆုံး အဆင့်ပေါ်တွင် ထိုင်ချလိုက်သည်။ တစ်ကိုယ်လုံး သိမ့်သိမ့်ခါအောင် ရှိုက်နေမိသော်လည်း ငိုသံကို အပြင်သို့မထွက်ရန် အတတ်နိုင်ဆုံး ချုပ်တည်း၍ ထားလိုက်သည်။

 

ငယ်ရွယ်သူမို့ သည်းခံရမည်ကို နားလည်မိသော်လည်း ကိုယ်က ချစ်မြတ်နိုးသူအပေါ်တွင် ချိုးနှိမ်၍ ပြောလိုက်သော မော်၏စကားများမှာ ‘မ’ ၏ အသည်းကို ဓားဖြင့်မွှန်းသလို အခံရခက်လှသည်။

 

မော်တို့အရွယ်သည် ကလေးစိတ် မကုန်တတ်သေး၍မို့ အရာရာ စိတ်မြန်ကိုယ်မြန် လုပ်တတ် သည်ကို ‘မ’ က နားလည်ခဲ့သည်။ လူကြီးများ ဆိုဆုံးမလျှင်လည်း ဆတ်ဆတ်ထိမခံ။ ကက်ကက် လန်ရန်တွေ့တတ်သည်ကိုလည်း နားလည်ခဲ့သည်။ သို့သော် မော်သည် ‘မ’အပေါ်တွင် ခုလောက် ရင့်ရင့်သီးသီးပြောလိမ့်မည်ဟုလည်း လုံးလုံးမထင် မိချေ။

 

ယခုမူ မော်၏အပြုအမူမှာ ရက်စက်လွန်းလှသည်။ ‘မ’ သည် တွေးရင်း တစိမ့်စိမ့်နာကြည်းမိသည်။ သည်တော့လည်း မျက်ရည်ကိုသာ သွန်ချမိတော့သည်။ ဒူးပေါ်တွင် မျက်နှာအပ်ကာ ငိုလိုက်မိသည်။ ကိုဘခက်က ‘မ’၏နဖူးဆံစကလေးများကို သပ်၍ ပေးလိုက်သည်။

 

“ကျွန်တော်ရှေ့ကရပ်ရတဲ့အတွက် ‘မ’ မှာ ဒုက္ခ ကြီးလှပါတယ်။ ‘မ’ ရယ်”

 

‘မ’ သည် ကိုဘခက်ကိုသာ မျက်လုံးဝိုင်းကြီးများဖြင့် မော့၍ကြည့်လိုက်မိသည်။ ကိုဘခက်သည် ‘မ’ ဘေးတွင် ဒူးထောက်၍ထိုင် လိုက်ရင်း ‘မ’၏နဖူးပြင်ကို တယုတယ သပ်၍ ပေးလိုက်သည်။ ခုလိုအချိန်မျိုးတွင် ကိုဘခက်၏ ယုယကြင်နာမှုများသည် ‘မ’ အတွက် ပို၍ပင် ရင်နာစရာကောင်းတော့သည်။

 

“ဆရာနဲ့မဆိုင်ပါဘူး ဆရာ။ ‘မ’ တို့ ညီအစ်မချင်း ဖြစ်တာပါ။ မော်ဟာ နည်းနည်းမှ အကြင်နာတရား မရှိဘူး။ ညီမအငယ်ဆုံးမို့ ‘မ’ တို့ကချစ်ရသလောက် ‘မ’ အပေါ်ကျတော့ သိပ်ပြီးရက်စက်တယ်။ ‘မ’ ခွင့်လွှတ်ပါတယ် ဆရာ။ ‘မ’ ကို ဘယ်လောက်ပဲ နာကြည်းအောင်ပြောပေမယ့် ‘မ’ ခွင့်လွှတ်ပါတယ်။ လူတွေကို ခွင့်လွှတ်သည်းခံရတဲ့ဘက်က ‘မ’ အမြဲ တမ်းရပ်နိုင်ပါစေဆိုတာပဲ ဆုတောင်းမိတယ်”

 

ကိုဘခက်သည် ‘မ’ ၏ မေးဖျားကလေးကို အသာမတင်လိုက်သည်။  အမှန်တော့ ကိုဘခက်ကိုယ်တိုင်ကလည်း ‘မ’ အတွက် မခံမရပ်နိုင်အောင် ရှိနေတော့သည်။

 

“ကျွန်တော်အားလုံးသိပါတယ် ‘မ’ ရာ။ ကျွန်တော့်ကို ဘယ်လိုဖုံးပေမယ့် ကျွန်တော် အားလုံးသိတယ်။ အဆင့်အတန်းချင်းမညီမျှ သူတွေရဲ့အချစ်ဟာ ကြီးမားတဲ့အန္တရာယ်တွေနဲ့ အမြဲတမ်း ရင်ဆိုင်ရတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ အမှန်တော့ ဒါဟာ အစပဲရှိသေး တယ်။ နောက်တွေ့မယ့်အန္တရာယ်ကတော့ ဒါထက် ပိုကြီးမားပါလိမ့်မယ်။ နေရာချင်းလဲလို့ရရင် လဲယူ ချင်တယ်။ ‘မ’ နေရာမှာ ကျွန်တော်နေပြီး အခု ‘မ’ ရင်ဆိုင်နေရတဲ့အန္တရာယ်တွေကို ကျွန်တော် ရင်ဆိုင်ချင်တယ်။ ‘မ’ ပင်ပန်းတာကို နည်းနည်းမှ ကျွန်တော်မကြည့်ရက်နိုင်ဘူး သိလား။ ‘မ’ ဆင်းရဲ ပင်ပန်းတာကိုမြင်ရရင် ကျွန်တော်ကိုယ်တိုင် ခံရတာထက် နှစ်ဆပိုပြီး ပင်ပန်းရတယ်”

 

ကိုဘခက်သည် ‘မ’ ၏ပခုံးကလေးကို ဆုပ်ကိုင်ရင်း ကြိတ်မနိုင်ခဲမရ ပြောလိုက်မိရှာသည်။ ‘မ’ က မချိတင်ကဲ ပြုံးလိုက်မိရှာသည်။ အသက်မျှကြီးမားသောအန္တရာယ်များနှင့် ရင်ဆိုင်နေရစေကာမူ ကိုယ့်အပါးတွင် အမြဲတစေရပ်နေသည့် ချစ်သူတစ် ယောက်ရှိနေကြောင်းကို သိရသောအခါ အားတက်မိသည်။

 

ဆက်လက်ဖော်ပြပါမည်။