အရှေ့တောင်အာရှတက္ကသိုလ်လှေလှော်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ရိုးရာလှေပြိုင်ပွဲမှ ရွှေတံဆိပ် ထပ်မံရရှိ

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်အားကစားပြိုင်ပွဲ၏ လှေလှော်ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းက ငလိုက်ဆည်၌ ဆက်လက်ကျင်းပရာ မြန်မာအမျိုးသမီးအသင်းက ရိုးရာလှေပြိုင်ပွဲမှ ရွှေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲဒုတိယနေ့တွင် အမျိုးသမီး မီတာ (၁၀၀၀) ပြိုင်ပွဲတစ်မျိုးတည်းသာ ကျင်းပခဲ့ပြီး မြန်မာအမျိုးသမီးအသင်းက ရွှေဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် မြန်မာအသင်းက ၅ မိနစ် ၀၄ ဒသမ ၈၄ စက္ကန့်ဖြင့် ပထမ၊ ထိုင်းအသင်းက ၅ မိနစ် ၀၉ ဒသမ ၅၀ စက္ကန့်ဖြင့် ဒုတိယ၊ စင်ကာပူအသင်းက ၅ မိနစ် ၁၅ ဒသမ ၉၂ စက္ကန့်ဖြင့် တတိယရရှိသည်။

မြန်မာအမျိုသမီးအသင်းသည် မီတာ ၅၀၀ ကျော်အထိ ဦးဆောင် ယှဉ်ပြိုင်နေသည့် ထိုင်းအသင်းကို ကျော်ဖြတ်ကာ ပန်းဝင်ခါနီးတွင် ၅ စက္ကန့်နီးပါး အသာရကာ ဒုတိယမြောက် ရွှေဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးလှေလှော်အသင်းသည် ရိုးရာလှေပြိုင်ပွဲတွင် ရွှေနှစ်ခုရထားပြီး မီတာ (၅၀၀) ပြိုင်ပွဲတွင်လည်း ရွှေဆုရထားသည်။

ဒုတိယနေ့တွင် အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲမှ ပြိုင်ပွဲအမျိုးအစား ၁၀ မျိုး၏ လက်ရည်စစ်ပွဲများ ကျင်းပခဲ့သည်။

ပြိုင်ပွဲတတိယနေ့ကို ဒီဇင်ဘာ ၁၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲ ငါးမျိုးနှင့် ရိုးရာလှေပြိုင်ပွဲ တစ်မျိုး ကျင်းပမည်ဖြစ်သည်။ မြန်မာလှေလှော်အဖွဲ့သည် ဒုတိယနေ့အပြီးတွင် ရွှေနှစ်ခု၊ ငွေနှစ်ခု ရရှိထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ကိုကိုစိုးညွန့်