အရှေ့တောင်အာရှဆီ ပျံ့နှံ့လာနေတဲ့ ဆေးယဉ်ငှက်ဖျားရောဂါ

ကလျာမိုးမြင့်

ပုံမှန်ပေးနေကျ ငှက်ဖျားဆေးတွေကို ခံနိုင်ရည်ရှိတဲ့ ဆေးယဉ်ငှက်ဖျားရောဂါဟာ အရှေ့တောင်အာရှ နိုင်ငံတွေဆီကို မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့လာနေပြီလို့ ဗြိတိန်နဲ့ ထိုင်းနိုင်ငံက ဆေးပညာရှင်တွေက ပြောပါတယ်။

မပျောက်ကင်းနိုင်
ကူးစက်ရောဂါပိုးဟာ ကမ္ဘောဒီးယားကနေ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေဆီ ရွေ့လျား လာနေပြီဖြစ်ပြီး ဒီရောဂါခံစားရတဲ့ လူနာတွေရဲ့ ထက်ဝက်လောက်က ပထမရွေးချယ်ထားတဲ့ ဆေးဝါးတွေနဲ့ ကုသလို့ ပျောက်ကင်းနိုင်ခြင်း မရှိတော့ပါဘူး။ လေ့လာတွေ့ရှိချက်တွေအရ ဆေးယဉ်ပါးတဲ့ ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားနိုင်တဲ့ ထိတ်လန့်စရာ အလားအလာတစ်ခုဟာ အာဖရိကဆီကို ပြန့်ပွားနိုင်တယ်လို့လည်း သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွမ်းကျင်သူတွေရဲ့ ပြောပြချက်အရ နောက်ဆက်တွဲ ပြဿနာရပ်တွေကတော့ မူလက တွေးထင်ထားတာလောက် မပြင်းထန်နိုင် လောက်ဘူးလို့ ဆိုပါတယ်။ လတ်တလောမှာ အာတီမီစီနင်နဲ့ ပီပါရာကွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုတွေကို အာတီမီစီနင်နဲ့ ပီပါရာကွင်းလို့ခေါ်တဲ့ နှစ်မျိုးပေါင်းထားတဲ့ဆေးနဲ့ ကုသမှုပေးနေပါတယ်။ ဒီဆေးကို ၂၀ဝ၈ ခုနှစ်က ကမ္ဘောဒီးယားမှာစပြီး အသုံးပြုခဲ့တာပါ။

ပျံ့နှံ့ရောက်ရှိ
ဒါပေမယ့်လည်း ၂၀၁၃ ခုနှစ်မှာတော့ ကမ္ဘောဒီးယားနိုင်ငံ အနောက်ပိုင်းမှာ အဲဒီဆေး နှစ်မျိုးလုံးကို ခံနိုင်ရည် ပိုရှိလာတဲ့ ရောဂါပိုးကူးစက်မှုကို ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိလာခဲ့ပါတယ်။ နောက်ဆုံးပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ အရှေ့တောင် အာရှဒေသတစ်လွှားက ငှက်ဖျားရောဂါဖြစ်ပွားတဲ့ လူနာတွေဆီကနေ သွေးနမူနာ ရယူပြီး ခွဲခြမ်းစိစစ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ စစ်ဆေးရှာဖွေမှု လုပ်ဆောင်နေတဲ့ ကပ်ပါးရောဂါပိုးရဲ့ ဒီအင်န်အေမှာ ဖော်ပြနေတာကတော့ ဆေးဒဏ်ကို ခံနိုင်ရည်ရှိတဲ့၊ တစ်နည်းအားဖြင့် ဆေးယဉ်နေတဲ့ ရောဂါပိုး ဟာ ကမ္ဘောဒီးယားနိုင်ငံတစ်လွှားမှာတင်မကဘဲ လာအို၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်တွေကိုပါ ပျံ့နှံ့ရောက် ရှိနေခဲ့ပြီဆိုတာပါပဲ။

ဆေးယဉ်ပါးနေ
နောက်ထပ် သန္ဓေပြောင်းသွားတဲ့ ကပ်ပါးပိုးတွေ တွယ်ကပ်နေခြင်းက ပိုပြီးပြဿနာဖြစ်စေ ခဲ့တဲ့အကြောင်း ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တချို့ဒေသတွေမှာဆိုရင် ငှက်ဖျား ရောဂါပိုးရဲ့ ရာခိုင်နှုန်း ၈၀ လောက်က ဆေးယဉ်ပြီးသားတွေ ဖြစ်နေကြပါတယ်။ ဒီရောဂါပိုးတွေက အသုတ်လိုက်ပြန့်ပွားနေပြီး အရင်ကထက်ပိုဆိုးရွား လာတယ်လို့  Wellcome Sanger Institute မှ ဒေါက်တာ ရောဘတ်တိုအမာတိုက ပြောကြားခဲ့ပါတယ်။ ဒုတိယအကြိမ် ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ လူနာတွေရဲ့ထက်ဝက်ဟာ ပုံမှန်သုံးစွဲနေကျ ကုထုံးတွေနဲ့ အလုပ်မဖြစ်တော့ပါဘူး။

အလှည့်ကျကုထုံးတွေ
ဒါပေမယ့်လည်း ယခင်ပေးနေကျ ဆေးဝါးတွေအစား အလှည့်ကျသုံးနိုင်တဲ့ ဆေးဝါးတွေရှိနေလို့ တော်သေးတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ကူးစက်ပြန့်ပွားမှုနဲ့ ဆေးဒဏ်ခံနိုင်ရည်စွမ်း ပြင်းထန်မှုတွေ ကြောင့် ကျွန်ုပ်တို့ရဲ့ လေ့လာတွေ့ရှိမှုတွေက ကုထုံးတွေကို တစ်မျိုးပြီးတစ်မျိုး အလှည့်ကျ လုပ်ဆောင်သွားဖို့ အရေးပေါ်လိုအပ်တယ်ဆိုတာကို မီးမောင်းထိုးပြခဲ့တယ်လို့ ဒေါက်တာရောဘတ်တိုက ဆိုပါတယ်။ ဒီတော့ ငှက်ဖျားရောဂါကို ကုတဲ့အခါမှာ အာတီမီစီနင် ဒါမှမဟုတ် သုံးမျိုးစပ်ဆေးပေါင်းကို ပေးတဲ့အပြင် ဆေးယဉ်တာ ကို ကျော်လွှားနိုင်ဖို့အတွက် တခြားမတူညီတဲ့ ဆေးဝါးတွေလည်း ထည့်သွင်းရနိုင်တယ်လို့ ၎င်းက ပြောပါတယ်။

စိုးရိမ်ရမည့်အရာ
ငှက်ဖျားရောဂါ နှိမ်နင်းတိုက်ဖျက်တဲ့နေရာမှာ အောင်မြင်ဖြစ်ထွန်းမှု ကြီးကြီးမားမား ရရှိအောင် လုပ်ဆောင် နိုင်ခဲ့ပြီးပြီ။ ဒါပေမယ့် အဲဒီအောင်မြင်မှုကို ဆေးဒဏ်ခံနိုင်တဲ့ ရောဂါပိုးပျံ့နှံ့လာနေမှုက လာပြီး ခြိမ်းခြောက် နေပြန်ပါတယ်။ အကယ်၍ ဆေးယဉ်နေတဲ့ရောဂါပိုးက နောက်ထပ် ပိုမိုပျံ့နှံ့လာပြီး အာဖရိကဆီ ရောက်ရှိသွားမယ်ဆိုရင် စိုးရိမ်စရာတွေ အများကြီး ရှိလာပါမယ်။ ငှက်ဖျားရောဂါဖြစ်ပွားမှု ၁၀ ခုမှာ ကိုးခုလောက်ဟာ အာဖရိကမှာ ဖြစ်ပွားတာဖြစ်တဲ့အတွက် သိပ်ကို အန္တရာယ်ရှိပါတယ်။

သန်းချီသေဆုံး
ဆေးဒဏ်ခံနိုင်မှုမြင့်မားတဲ့ ကပ်ပါးပိုးအစုဟာ နယ်မြေသစ်တွေဆီကို ကျူးကျော်လာနိုင်စွမ်းရှိပြီး မျိုးရိုးဗီဇ ဆိုင်ရာ အစွမ်းသတ္တိသစ်တွေ ရှိလာနိုင်ပါတယ်။ အာဖရိကဆီကို ပျံ့နှံ့ရောက်ရှိသွားနိုင်တဲ့ ထိတ်လန့် တုန်လှုပ်ဖွယ် အလားအလာ ရှိလာစေနိုင်ပါတယ်။ ၁၉၈၀ ပြည့်များအတွင်းမှာ ကလိုရိုကွင်း ဆေးယဉ်ပါးမှု ကြုံတွေ့ ခဲ့ရဖူးပြီး လူသန်းနဲ့ချီ သေဆုံးစေခဲ့တယ်လို့ အောက်စဖို့ဒ် တက္ကသိုလ်နဲ့ Wellcome Sanger Institute မှ ပရော်ဖက်ဆာအိုလီဗိုမီအိုတိုက ပြောကြားခဲ့ပါတယ်။

လေ့လာတွေ့ရှိမှုတွေဟာ အရှေ့တောင်အာရှ ဒေသက မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ နယ်နိမိတ်အတွင်းမှာ ရှိနေကြတဲ့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကို သိပ်ပြီးပြောင်းလဲစေမှာတော့ မဟုတ်ပါဘူး။ ငှက်ဖျားရောဂါကို ကိုင်တွယ်ရတာဟာ ကူးစက်ခံရမှု ဖြစ်ပွားပြီးတဲ့နောက် မှန်ကန်တဲ့ ကုထုံးတစ်ခုကို ရွေးထုတ်ရတယ် ဆိုတာထက်ပိုတဲ့ အလုပ်တစ်ခုပါပဲ။ ရောဂါကူးစက် ပျံ့နှံ့မှုကိုဖြစ်စေတဲ့ ခြင်တွေကို ထိန်းချုပ်တဲ့ ကြိုးပမ်းမှု အားလုံးသည်လည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

မျိုးရိုးဗီဇဆိုင်ရာလေ့လာမှု
သို့သော်လည်း သုတေသနပြုနေသူတွေက ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားပြီးတဲ့နောက် ပြည်သူတွေကို ပေးထားတဲ့ ဆေးဝါးတွေ အပြောင်းအလဲ လုပ်သင့်တယ်လို့ ဆိုထားပါတယ်။ လေ့လာမှုတွေ အတွင်းမှာ မျိုးရိုးဗီဇဆိုင်ရာ စိစစ်လေ့လာမှုကလည်း ဆရာဝန်တွေအနေနဲ့ လူနာတွေကို မှန်ကန်တဲ့ ကုထုံးတွေပေးဖို့ အတွက် ဆေးယဉ်ပါးမှုမဖြစ်ခင် ခြေတစ်လှမ်း အသာရအောင် အထောက်အကူ ပြုပေးနိုင်တယ်ဆိုတာကို ဖော်ပြ နေတယ်လို့ ဆိုပါတယ်။

အနှောင့်အယှက်ပေး
ဆေးဒဏ်ကိုခံနိုင်တဲ့ ရောဂါပိုးတွေ ပြန့်ပွားမှုဟာ ဒေသအတွင်းမှာ ရောဂါတိုက်ဖျက်မှုတွေကို အနှောင့်အယှက် ပေးနေပါတယ်။ ဒီကပ်ပါးပိုးတွေဟာ သိပ်ကြောက်ဖို့ကောင်းတဲ့ သတ္တဝါဆိုးတွေလို့ ခြွင်းချက်မရှိ ပြောနိုင်တယ်လို့ လန်ဒန်ဆေးတက္ကသိုလ်တစ်ခုမှ ပါမောက္ခကိုလင်စူသာလန်က ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကပ်ပါးပိုးတွေဟာ သိပ်ကိုကြံ့ခိုင်သန်မာတဲ့ အခြေအနေမျိုးတော့ မရောက်ရှိသေးဘူး လွှမ်းခြုံထားတယ်လို့ ၎င်းကို ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှုဟာ ၂၀ဝ၈ ခုနှစ်အတွင်းမှာ လူပေါင်း ၂၆၂၀ဝဝ ရှိခဲ့ပြီး ၂၀၁၈ မှာ ကူးစက်ပြန့်ပွားမှု လူပေါင်း ၃၆၉၀ဝ ရှိခဲ့ပါတယ်။ ဒီတော့ ဆေးယဉ်ပါးတဲ့ ကပ်ပါးပိုးဟာ ပျံ့နှံ့နေတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု အဖြစ်တော့ သတ်မှတ်လို့မရသေးဘူးလို့ ပါမောက္ခ စူသာလန်က ရှင်းပြခဲ့ပါတယ်။ ပြီးတော့ နောက်ဆက် တွဲ လက္ခဏာရပ် တွေကလည်း ကျွန်ုပ်တို့ တွေးထင်ထားသလောက် မဆိုးရွားဘူးလို့ သိရပါတယ်။

ဘယ်လောက်ဆိုးသလဲ
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၁၉ သန်း ရှိနေပါတယ်။ ငှက်ဖျားရောဂါ ခံစားရတဲ့ အခါ ဖြစ်လာမယ့် လက္ခဏာတွေကတော့ ချမ်းစိမ့်ပြီး အဖျားတက်မယ်။ အပူချိန် မြင့်မားခြင်းနဲ့အတူ ချွေးထွက်များတာတွေ ဖြစ်လာပါမယ်။ မကုသဘဲ ထားလိုက်မယ်ဆိုရင် ရောဂါပိုးက အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာတွေအထိ ဖြစ်လာနိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးသွားတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ငှက်ဖျားရောဂါကြောင့် နှစ်စဉ်နှစ်တိုင်း လူလေးသိန်း သုံးသောင်းကျော် အသက်ဆုံးရှုံး နေရပြီး သေဆုံးသူတွေထဲမှာ အများစုက ငါးနှစ်အောက် ကလေးငယ်တွေပါပဲ။      ။
ကိုးကား- ဘီဘီစီ၊ ဆင်ဟွာ