အရေးပေါ်ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံကို ကုလသမဂ္ဂ တောင်းခံ

ဂျီနီဗာ ၅ ဒီဇင်ဘာ 

ရာသီဥတုပြောင်းလဲမှုနှင့် ပိုမိုများပြားလာသည့် ပဋိပက္ခဖြစ်ပွားမှုများကြောင့် ပြည်သူသန်းပေါင်းများစွာတို့ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိရာ ကုလသမဂ္ဂသည် ဒီဇင်ဘာ ၄ ရက်တွင် အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ် ရန်ပုံငွေအဖြစ် တောင်းခံလိုက်ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း၌ ခန့်မှန်းခြေ ပြည်သူ ၁၆၈ သန်းခန့်တို့သည် လာမည့် ၂၀၂ဝ ပြည့်နှစ်တွင် အစားအသောက်၊ အမိုးအကာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင် လူသားချင်း စာနာထောက်ထားမှု အကူအညီအထောက်အပံ့ မျိုးစုံကို အရေးပေါ်လိုအပ်လာနိုင်သောကြောင့် ကမ္ဘာ့အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ယေဘုယျ လေ့လာမှုအဖွဲ့က ခန့်မှန်းတွက်ချက်ခဲ့သည်။

အဆိုပါ ကိန်းဂဏန်းသည် ခေတ်သစ် စံချိန်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်သူ မာ့ခ်လိုကော့က သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်ပွားမှုများ လျော့ပါးမသွားသည့်အပြင် ပိုမိုအရှိန်အဟုန် ပြင်းထန်လာလျက်ရှိနေသည့်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ လိုအပ်မှုမှာလည်း ဆက်လက်တိုးပွားလာဦးမည်သာဖြစ်ကြောင်း လိုကော့ က ပြောသည်။

ပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များ၊ မိုးခေါင်ရေရှားမှုနှင့် ရေလွှမ်းမိုးမှု အခြေအနေများကလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေများကို ဖန်တီးနေသည်ဖြစ်ရာ မရှောင်လွဲနိုင်သည့် အမှန်တရားတစ်ခုမှာ လာမည့် ၂၀၂၀ ပြည့်နှစ်သည် ပြည်သူသန်းပေါင်း များစွာအတွက် ခက်ခဲသည့်နှစ် တစ်နှစ်ဖြစ်လာမည် ဆိုသည့်အချက် ပင်ဖြစ်ကြောင်း ၎င်းကပြောသည်။

သို့ဖြစ်ရာ ကုလသမဂ္ဂအဖွဲ့ကြီး၏ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၈ ဘီလီယံ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများလိုအပ် လာမည့် ပြည်သူ ၁၆၈ သန်းတို့အနက် အရေးပေါ်အကူအညီ အလိုအပ်ဆုံး ဖြစ်လာမည့် ပြည်သူ ၁၀၉ သန်း အတွက် ရည်ရွယ်လျက် ရန်ပုံငွေ တောင်းခံခြင်းဖြစ်ကြောင်း သိရသည်။

အေအက်ဖ်ပီ