အရေးပေါ်လူနာတင်ယာဉ်နှင့် ကျောင်းကြို/ပို့ မော်တော်ယာဉ်များ မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေး တံတားမှ ဖြတ်သန်းခွင့်ပြုရန် နှစ်နိုင်ငံ ဆွေးနွေးမည်

တာချီလိတ် ၂၆  ဇူလိုင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား၌ အရေးပေါ် လူနာတင်ယာဉ်နှင့် ကျောင်းကြို/ပို့ မော်တော်ယာဉ်များကို မကြာမီ ဖြတ်သန်းသွားလာခွင့် ပြုတော့မည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

“အရေးပေါ် လူနာတင်ယာဉ်တွေနှင့် ကျောင်းကားတွေ ဖြတ်သန်းသွားလာခွင့်ပြုဖို့ မယ်ဆိုင်မြို့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေနဲ့ တာချီလိတ်က တာဝန်ရှိသူတွေ လာမယ့်ရက်ပိုင်းအတွင်း နောက်ဆုံးအဆင့် တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲပြီးရင် နှစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့်ပေးသွားမှာပါ” ဟု တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းသွားလာမည့် ကျောင်းကြို/ပို့ မော်တော်ယာဉ်များ၊ အရေးပေါ် လူနာတင်ယာဉ်များ၊ ပုဂ္ဂလိကဆေးရုံးနှင့် လူမှုရေးအသင်းအဖွဲ့မှ  လူနာတင်ယာဉ်များသည် မော်တော်ယာဉ်နံပါတ်နှင့် ယာဉ်အမျိုးအစားများကို မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် စာရင်းပေးသွင်းရမည်ဖြစ်သည်။

“ကျွန်တော်တို့မြို့မှာ တံတားကြီးနှစ်စင်းရှိပါတယ်၊ အမှတ် (၁)တံတားကနေ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ ကိစ္စတွေနဲ့ သွားလာကြပြီး ကားငယ်၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်၊ စက်ဘီးနှင့် လမ်းလျှောက်သူတွေအတွက် အသုံးပြု သွားလာရပါတယ်။ ယနေ့လို တိုးတက်လာတဲ့ခေတ်မှာ သွားလာမှုများပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာခဏ  ကြုံတွေနေရပါတယ်။ တစ်ခါတစ်ရန် အမှတ်(၁)တံတားမုခ်ဦးမှ ကိုက် ၄၀ဝ-၅၀ဝ ခန့်အကွာ ဘုရင့်နောင်ရုပ်ထု အရှေ့ထိ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့တယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာခဏ ဖြစ်လေ့ရှိတာကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့တဲ့အနေနဲ့ လူနာတင်ယာဉ်နှင့် ကျောင်းကားတွေကို အမှတ် (၂) ချစ်ကြည်ရေးတံတားကနေ ဖြတ်သန်းသွားလာခွင့်ပေးဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တာချီလိတ်မြို့ကို လာရောက်တဲ့ ခရီးစဉ်မှာလည်း တင်ပြခဲ့ဘူးပါတယ်” ဟု တာချီလိတ်ဒေသခံတစ်ဦးဖြစ်သည့် ဦးဆန်းဝင်းက ပြောသည်။

မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တို့အား နှစ်နိုင်ငံဆက်သွယ်ထားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား နှစ်စင်းရှိသည့်အနက် အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် လူနှင့် တစ်ပိုင်တစ်နိုင် ကုန်စည်ယာဉ်များကို ဖြတ်သန်းသွားလာခွင့်ပြုကာ၊ အမှတ်(၂)ချစ်ကြည်ရေး တံတားတွင် ကုန်တင်ယာဉ်ကြီးများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး မကြာမီကာလအတွင်း အမှတ် (၂) ချစ်ကြည်ရေး တံတားမှ အရေးပေါ် လူနာတင်ယာဉ်နှင့် ကျောင်းကားများ ဖြတ်သန်းသွားနိုင်ရေးအတွက် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း မြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြင့်မိုရ်(တာချီလိတ်)