အရေးပေါ်အခြေအနေများဖြစ်တဲ့ သဘာဝဘေးအန္တရာယ် ပေါ်ပေါက်ချိန်များမှာလည်း သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များ ကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိပါတယ်

ရဲရဲ (ပျဉ်းမနား)

 

နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းရှင်များအတွက် မူဝါဒအသစ်ဖြင့် ၂၀၁၉ နှစ်ဆန်းပိုင်းမှစကာ လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း လုပ်ငန်းများနှင့် လက်ရှိပြည်တွင်း ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လိုင်စင်ထုတ်ပေးခြင်း လုပ်ငန်းများကို လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနက ဆောင်ရွက်ပေးလျက်ရှိရာ ဆောင်ရွက်မှု အခြေအနေများနှင့် ဆောင်ရွက်ပေးမှု ပုံစံများကို ပြည်သူအများ ရှင်းလင်းသိမြင်စေရေးအတွက် နေပြည်တော် တိုင်းဦးစီးမှူး ဦးစိန်ဝင်းလှိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။    လုပ်ငန်းလိုင်စင်နဲ့ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနအနေနဲ့ လက်ရှိတာဝန်ယူ ဆောင်ရွက်ပေးနေရတဲ့ အပိုင်းကို သိပါရစေ ဆရာ။

ဖြေ။    ကျွန်တော်တို့ဌာနအနေနဲ့ ကျင့်သုံးခဲ့တဲ့ဥပဒေ၊ နည်းဥပဒေ စည်းကမ်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကတော့ အရင်က ၁၉၆၃ ခုနှစ် ကရဖ ဥပဒေ၊ ၁၉၆၄ ခုနှစ် ကရဖ နည်းဥပဒေ၊ ၁၉၆၅ ခုနှစ် ကရဖ စည်းကမ်းဥပဒေနဲ့ ပို့ဆောင်ရေး ညှိနှိုင်းမှုကော်မတီ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်တွေ ဖြစ်ပါတယ်။ အခုအခါမှာတော့ ၂၀၁၆ ခုနှစ် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ဥပဒေနဲ့ ၂၀၁၈ ခုနှစ် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆိုင်ရာ နည်းဥပဒေတွေနဲ့ ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းကို စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ငန်းဆောင်ရွက်တဲ့ စက်တပ်ယာဉ်တွေကို လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ လုပ်ငန်းလိုင်စင်ပါ စည်းကမ်းတွေအတိုင်း လိုက်နာပြေးဆွဲမှု ရှိ/မရှိ စစ်ဆေးခြင်း၊ အရေးယူခြင်းတို့ကို ဆောင်ရွက်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်အဆင့် ပွဲတော် အခမ်းအနားတွေနဲ့ နိုင်ငံတော်အတွင်း ဒေသအလိုက် ကျင်းပတဲ့ ပွဲတော်အခမ်းအနားတွေမှာ သယ်ယူပို့ဆောင်ရေး လိုအပ်ချက်တွေကို ဒေသအသီးသီးရှိ ကျွန်တော်တို့ရုံးတွေက စီမံဆောင်ရွက်ပေးတဲ့အပြင် အရေးပေါ် အခြေအနေတွေဖြစ်တဲ့ သဘာဝဘေးအ္တရာယ် ပေါ်ပေါက်ချိန်တွေမှာလည်း သယ်ယူပို့ဆောင်ရေး လိုအပ်ချက်တွေကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေး နေပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးကဏ္ဍ တန်းတူဖြိုးတိုးတက်လာ စေရေးအတွက် လိုအပ်တဲ့ နေရာဒေသတွေမှာ ကျွန်တော်တို့ဌာနတွေက ပုဂ္ဂလိက ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း တွေကို ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေပါတယ်။

မေး။    ဌာနအနေနဲ့ လက်ရှိထုတ်ပေးနေတဲ့ လုပ်ငန်းလိုင်စင် အမျိုးအစားတွေကို ရှင်းလင်းပေးစေချင်ပါတယ်။

ဖြေ။    ပြည်တွင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအတွက် လက်ရှိထုတ်ပေးနေတဲ့ လုပ်ငန်းလိုင်စင် အမျိုးအစားကတော့ ခရီးစဉ်ဒေသ ကုန်စည်ပို့ဆောင်ခွင့် “က”လုပ်ငန်းလိုင်စင်၊ ခရီးစဉ်အလိုက် ခရီးသည်ပို့ဆောင်ခွင့် “ခ”လုပ်ငန်းလိုင်စင်၊ စင်းလုံးငှား ခရီးသည်ပို့ဆောင်ခွင့် “ဂ”လုပ်ငန်းလိုင်စင်၊ ပဋိညာဉ်အရ ပို့ဆောင်ခွင့် “ဃ” လုပ်ငန်းလိုင်စင်၊ ကိုယ်ပိုင်စီးပွားရေး အတွက် ပို့ဆောင်ခွင့် “င”လုပ်ငန်းလိုင်စင်တို့ ဖြစ်ပါတယ်။ ပဋိညာဉ်အရ ပို့ဆောင်ခွင့် “ဃ” လုပ်ငန်းလိုင်စင်ဆိုတာက ကြို/ပို့ယာဉ်ကို ဆိုလိုတာပါ။ ကျောင်းကြို/ပို့၊ ဝန်ထမ်းကြို/ပို့စတဲ့ ကြို/ပို့ယာဉ်တွေကို ထုတ်ပေးတဲ့ လုပ်ငန်းလိုင်စင် အမျိုးအစားပါ။ အဲဒီ “ဃ”လုပ်ငန်း လိုင်စင်အပြင် “ဃ”(ခြား) ဆိုတဲ့ လုပ်ငန်းလိုင်စင် ရှိပါသေးတယ်။ နိုင်ငံခြား ဧည့်သည်တွေကို ကြို/ပို့ ဆောင်ရွက်ပေးတဲ့ ယာဉ်တွေကို ထုတ်ပေးတဲ့ လုပ်ငန်းလိုင်စင် အမျိုးအစားပါ။ ကိုယ်ပိုင်(အနက်) လိုင်စင်နဲ့ တက္ကစီအဖြစ် ခရီးသည်ပို့ဆောင်နေတာက ဥပဒေနဲ့ အကျုံးမဝင်ပါဘူး။ တက္ကစီပြေးဆွဲမယ်ဆိုရင် တရားဝင် လုပ်ငန်းလိုင်စင်ဆောင်ရွက်ပြီးမှ ပြေးဆွဲခွင့်ရရှိမှာပါ။ ကျွန်တော်တို့ဌာနအနေနဲ့ တက္ကစီပြေးဆွဲနေတဲ့ လေဆိပ်နေရာမျိုး တွေကို သွားရောက်ပြီး တက္ကစီပြေးဆွဲသူတွေနဲ့ တွေ့ဆုံပြီး “ဃ”(ခြား) လုပ်ငန်းလိုင်စင် လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့လို့ အခုဆိုရင် တက္ကစီပြေးဆွဲနေသူတချို့ ဌာနကိုလာရောက်ပြီး “ဃ”(ခြား) လုပ်ငန်းလိုင်စင် လုပ်ဆောင်လာကြပါတယ်။ “ဃ” (ခြား) လုပ်ငန်းလိုင်စင်ရရှိထားတဲ့ ယာဉ်တွေမှာ ယာဉ်နံပါတ်ပြား (အပြာရောင်) တပ်ဆင်ထားမှာပါ။ အပြာရောင်နံပါတ်ပြား တပ်ဆင်ပြီး ပြေးဆွဲနေတဲ့ယာဉ်တွေသာ တရားဝင်ပြေးဆွဲခွင့်ရတဲ့ ယာဉ်တွေဖြစ်တယ်ဆိုတာ တက္ကစီပြေးဆွဲနေသူ အတော်များများ သိရှိနေပါပြီ။ ဆက်လက်ပြီး နေပြည်တော်မှာ တက္ကစီပြေးဆွဲနေတဲ့ ယာဉ်တွေရှိရာ နေရာဒေသ အသီးသီးကို ကျွန်တော်တို့ ဌာနကနေ သွားရောက်ပြီး ယာဉ်မောင်းသူတွေထံ တရားဝင် လုပ်ငန်းလိုင်စင်ပြုလုပ်ဖို့ အသိပေးစည်းရုံး ပြောဆိုနေပါတယ်။ လက်ရှိ လုပ်ငန်းလိုင်စင်ထုတ်ပေးတဲ့အခါ ယာဉ်တစ်စီးချင်းအပေါ် အခြေခံပြီး လုပ်ကိုင်တဲ့ လုပ်ငန်း အမျိုးအစားအလိုက် ယာဉ်တစ်စီးကို လုပ်ငန်းလိုင်စင်တစ်ခု ထုတ်ပေးတာ ဖြစ်ပါတယ်။ လုပ်ငန်းလိုင်စင် သက်တမ်းကို က.ည.န ယာဉ်မှတ်ပုံတင်စာအုပ် သက်တမ်းအတိုင်း ဆောင်ရွက်ပေးနေပါတယ်။

မေး။    မူဝါဒအသစ် ပြင်ဆင်ခဲ့ပုံနဲ့ ဘယ်နေ့မှာ စတင်ဆောင်ရွက်ခဲ့သလဲဆိုတာ သိပါရစေဆရာ။

ဖြေ။    မူဝါဒအသစ်ကို ပြင်ဆင်ရတာက အိမ်နီးနားချင်းနိုင်ငံတွေနဲ့ နိုင်ငံချင်း သဘောတူညီချက် စာချုပ်ငယ်တွေအရ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး၊ နိုင်ငံဖြတ်ကျော် ပို့ဆောင်ရေးလုပ်ငန်းတွေ တိုးတက်လာမှာဖြစ်လို့ စာချုပ်ဝင် နိုင်ငံတွေနဲ့ သဘောတူညီချက်အတိုင်း ဖြစ်စေရေး၊ ပြည်တွင်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်မှုနဲ့ ပတ်သက်ပြီး တည်ဆဲဥပဒေပါ မူလအခြေခံ သဘောသဘာဝအတိုင်း ဆောင်ရွက်နိုင်ရေး၊ ခေတ်မီတဲ့ သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ပေါ်လာစေရေးအတွက် ဥပဒေနဲ့အညီ ပြောင်းလဲဆောင်ရွက်လာရတာဖြစ်ပြီး လုပ်ငန်းတွေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့က စတင်ဆောင်ရွက်နေပါတယ်။

မေး။    နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင် အမျိုးအစားတွေအတွက် ပြောင်းလဲပြင်ဆင် သတ်မှတ်ထား တာတွေကို ရှင်းလင်းပေးစေလိုပါတယ် ဆရာ။

ဖြေ။    နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအနေနဲ့ မဟာမဲခေါင်ဒေသခွဲအတွင်း လူနှင့် ကုန်စည်တွေ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး၊ မူဘောင်သဘောတူစာချုပ်ရဲ့ နောက်ဆက်တွဲနဲ့ အခြေပြစာချုပ်ငယ် (၂၀) အနက် ကျွန်တော်တို့ဌာနမှ တာဝန်ယူဆောင်ရွက်တဲ့ နောက်ဆက်တွဲ စာချုပ်ငယ် (၉) နဲ့ (၁၀) မှ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်သူတွေအတွက် လိုင်စင်ထုတ်ပေးဖို့နဲ့ ပို့ဆောင်ရေးဆိုင်ရာ သတ်မှတ်ချက်တွေကို ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ လုပ်ငန်းလိုင်စင် အမျိုးအစားကတော့
- ကုန်စည်ပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင်
- ခရီးသည်ပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင် (ခရီးစဉ်ရှိ)
- ခရီးသည်ပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင် (ခရီးစဉ်မရှိ) တို့ ဖြစ်ပါတယ်။

မေး။    အခြားစာချုပ်ဝင် နိုင်ငံတွေမှ ပြည်တွင်းသို့ ဝင်ရောက်မယ့် နယ်စပ်ဖြတ်ကျော်ကုန်းလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်မယ့်ယာဉ်တွေကို စိစစ်ခြင်းနဲ့ ခွင့်ပြုခြင်းအပိုင်းကို သိပါရစေဆရာ။

ဖြေ။    နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ဦးစွာ လုပ်ငန်းကော်မတီကို ဖွဲ့စည်း ရပါတယ်။ လုပ်ငန်းကော်မတီအနေနဲ့ အမျိုးသားကော်မတီက ချမှတ်ထားတဲ့ မူဝါဒနဲ့ စီမံချက်တွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းခြင်း၊ လမ်းညွှန်ခြင်းနဲ့ ကြီးကြပ်ကွပ်ကဲခြင်း အခြားစာချုပ်ဝင် နိုင်ငံမှပြည်တွင်းသို့ မော်တော်ယာဉ်ဖြင့် ခရီးသည်နဲ့ ကုန်စည်တွေ ယာယီဝင်ရောက် ပို့ဆောင်ခြင်း၊ တစ်ဆင့်ဖြတ်သန်း ပို့ဆောင်ခြင်းတွေအတွက် လျှောက်ထားမှုကို စိစစ်ခြင်းနဲ့ ခွင့်ပြုခြင်း၊ စာချုပ်ဝင်နိုင်ငံတစ်ခုအတွက် ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်နိုင်ဖို့ ခွဲတမ်းခေါက်ရေကို ကာလ သတ်မှတ်ချက်ဖြင့် ခွင့်ပြုခြင်း၊ အခြားစာချုပ်ဝင် နိုင်ငံတစ်ခုခုမှ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူအား တရားဝင် ထုတ်ပေးထားတဲ့ လုပ်ငန်းလိုင်စင်ကို အသိအမှတ်ပြုပြီး ခွင့်ပြုထားတဲ့ သတ်မှတ်လမ်းကြောင်းအတိုင်း ပြည်တွင်းသို့ ဝင်ရောက်ခွင့်ပြုခြင်း၊ နိုင်ငံတော်မှတစ်ဆင့် ဖြတ်သန်း၍ အခြားစာချုပ်ဝင်နိုင်ငံသို့ သယ်ယူပို့ဆောင်တဲ့ ကုန်စည်တွေအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေ ဆုံးဖြတ်ခြင်း၊ အခြား စာချုပ်ဝင်နိုင်ငံတစ်ခုမှ နယ်စပ်ဖြတ်ကျော်၍ ပြည်တွင်းသို့ ဝင်ရောက်တဲ့ ကုန်စည်တွေအတွက် အကောက်ခွန်နဲ့ အခြားအခွန်အခတွေကို သတ်မှတ်ခြင်းတွေနဲ့အညီ ကောက်ခံခြင်း၊ နယ်စပ်ဖြတ်ကျော်ဖို့ ပြည်တွင်းသို့ဝင်ရောက်တဲ့ ယာဉ်မောင်းနဲ့ ယာဉ်အကူတွေကို ယာယီအသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း၊ စာချုပ်ဝင်နိုင်ငံတွေရဲ့ မူဘောင် သဘောတူညီချက်အရ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကိစ္စရပ်တွေအား သက်ဆိုင်ရာဌာနတွေနဲ့ ကြီးကြပ်ညှိနှိုင်းခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းစတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ မဟာမဲခေါင်ဒေသခွဲအတွင်း လူနဲ့ ကုန်စည်တွေ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်အရ လုပ်ငန်းတွေ ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံတွေ ညှိနှိုင်းဆောင်ရွက် နေပါတယ်။ နယ်စပ်ဖြတ်ကျော်လိုင်စင်တွေ ထုတ်ပေးနေပြီဖြစ်လို့ မကြာခင်မှာ ဒီဘက် ဟိုဘက် နိုင်ငံတွေမှ ယာဉ်တွေ အပြန်အလှန် ကူးလူးဆက်သွယ်ကြမှာ ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေးမှာ ဖွဲ့ဖြိုးတိုးတက်လာ တော့မယ်ဆိုတာ သတင်းကောင်းပါးချင်ပါတယ်။

မေး။    ဒီလို လုပ်ငန်းလိုင်စင်တွေ လာရောက်လျှောက်ထားသူထဲမှာ ဦးစားပေးဆိုပြီး သတ်မှတ်ထားတာ ရှိပါသလားခင်ဗျာ။

ဖြေ။    ကျွန်တော်တို့ဌာနက မည်သူကို ဦးစားပေးဆောင်ရွက်ရမယ်လို့ ခွဲခြားသတ်မှတ်ထားတာ မရှိပါဘူး။ လုပ်ငန်းလာ ရောက်ဆောင်ရွက်သူတွေကို အချိန်တိုအတွင်း လုပ်ငန်းပြီးစီးရေးနဲ့ စိတ်ချမ်းမြေ့စွာ လုပ်ငန်းဆောင်ရွက်နိုင်စေရေးကိုပဲ ဦးစားပေး ဆောင်ရွက်လျက် ရှိပါတယ်။

မေး။    မူဝါဒအသစ်နဲ့ ပြောင်းလဲလုပ်ဆောင်မှုတွေကို သက်ဆိုင်ရာ ယာဉ်လုပ်ငန်းရှင်တွေ သိရှိစေရန် ဘယ်လို အစီအစဉ်တွေ လုပ်ဆောင်နေပါသလဲ ဆရာ။

ဖြေ။    မူဝါဒအသစ်နဲ့ ၂-၁-၂၀၁၉ ရက်နေ့မှ စတင်ပြောင်းလဲ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အများပြည်သူနဲ့ ဒေသအတွင်းရှိ ဆက်စပ်ဌာနတွေ၊ သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းတွေကို အသိပေးရှင်းလင်းခြင်း၊ လုပ်ငန်းဆောင်ရွက်လာသူတွေ သိရှိနိုင်ဖို့ရုံးမှာ ဗီနိုင်းကြော်ငြာ ကပ်ပေးထားခြင်း၊ လက်ကမ်း စာစောင်တွေ ဝေငှခြင်း၊ တစ်ဦးချင်းဆီကိုလည်း ရှင်းလင်းပြောကြားခြင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တင်ပြခြင်းတွေကို ရုံးအသီးသီးမှ ဆောင်ရွက်ပေး နေပါတယ်။ ဒါ့အပြင် နေပြည်တော်ရှိ ဘောဂသီရိ ယာဉ်ရပ်နားစခန်းအတွင်းရှိ မ-ထ-သ (အဝေးပြေး) ရုံးရှေ့ ရှင်းလင်းဆောင်မှာ အပတ်စဉ် ဆောင်ရွက်နေတဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲမှာလည်း ယာဉ်လိုင်းပိုင်ရှင်တွေ၊ ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်လိုင်းတာဝန်ခံတွေ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေနဲ့ အခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေ သိရှိနိုင်ဖို့ ထည့်သွင်းရှင်းလင်း ပြောကြားနေပါတယ်။

မေး။    ဖြည့်စွက်ပြီး ဆရာအနေနဲ့ ပြောကြားလိုတာရှိရင် ပြောကြားစေချင်ပါတယ်ဆရာ။

ဖြေ။    ဖြည့်စွက်ပြီးပြောရရင် ကျွန်တော်တို့ဌာနကနေပြီး လုပ်ငန်းလိုင်စင်တွေ ထုတ်ပေးနေတာနဲ့ပတ်သက်ပြီး “ဃ” ခြား လုပ်ငန်းလိုင်စင်အကြောင်း ရှင်းပြခဲ့သလိုမျိုး “င” လုပ်ငန်းလိုင်စင် အမျိုးအစားကို ထပ်မံရှင်းပြစေချင်ပါတယ်။ “င” လုပ်ငန်းလိုင်စင်က ကိုယ်ပိုင်စီးပွားရေးအတွက် ပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင် အမျိုးအစားပါ။ တချို့စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ ကုန်စုံဆိုင်တွေ၊ အထည်အလိပ်ဆိုင်တွေ ဖွင့်လှစ်ထားကြပါတယ်။ မိမိတို့ ကုန်စုံပစ္စည်းတွေ၊ အထည်အလိပ် ပစ္စည်းတွေကို ကိုယ်ပိုင်ယာဉ်ဖြင့် သယ်/ပို့ ဆောင်ရွက်တဲ့အခါ မိမိကိုယ်ပိုင် ယာဉ်ကို “င” ကိုယ်ပိုင်စီးပွားရေးအတွက် ပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင် လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ယာဉ်နံပါတ်ပြား အနက်အတိုင်း ပြောင်းလဲမှုမရှိဘဲ “င” လုပ်ငန်းလိုင်စင် ထုတ်ပေးနေပါတယ်။

ခရီးသည်တင်ယာဉ်တစ်စီးမှာ ယာဉ်လိုင်းအသင်း တစ်သင်းမှ အခြားယာဉ် လိုင်းအသင်းသို့ ပြောင်းရွှေ့ပြေးဆွဲမယ်ဆိုပါက မူလယာဉ်လိုင်းအသင်း တံဆိပ်တပ်ပြီး ပြေးဆွဲလို့ မရပါဘူး။ ဒါကြောင့် နောက်ယာဉ်လိုင်း အသင်းတစ်သင်းသို့ ပြောင်းလဲ ပြေးဆွဲဖို့ ပြင်ဆင်နေစဉ် ကြားကာလမှာ ခရီးစဉ်မပျက် ပြေးဆွဲခွင့်ရရှိဖို့ ကျွန်တော်တို့ ဌာနမှနေပြီး ရက်ပေါင်း ၃၀ ပြေးဆွဲခွင့် “စ” ယာယီခွင့်ပြုလက်မှတ် ထုတ်ပေးပါတယ်။ အဲဒီ “စ” ယာယီလက်မှတ်ဖြင့် အခြားယာဉ်လိုင်းအသင်းသို့ မပြောင်းလဲခင် စပ်ကြား တရားဝင်ပြေးဆွဲခွင့် ရရှိတဲ့အတွက် ရက်ပေါင်း ၃၀ အတွင်း အခြားယာဉ်လိုင်းအသစ်သို့ ပြောင်းရွှေ့ပြေးဆွဲဖို့ စီစဉ်နိုင်ရန် အချိန်ရရှိစေမှာ ဖြစ်ပါတယ်။

“ဃ” (ခြား) ကြို/ပို့ လုပ်ငန်းလိုင်စင်တွေကို ယာဉ်ပိုင်ရှင်တွေ လွယ်ကူချောမွေ့ စွာ လုပ်ကိုင်နိုင်ဖို့ ကျွန်တော်တို့ ဌာနအနေနဲ့ ဆောင်ရွက်ပေးနေပါတယ်။ ဟိုတယ်/ခရီးမှ ကိုယ်ပိုင်သော်လည်းကောင်း၊ ကုမ္ပဏီသော်လည်းကောင်း၊ တက္ကစီလုပ်ငန်း လုပ်ဆောင်နေတာဟာ မှန်ကန်ကြောင်း ထောက်ခံစာပါလာရင် ယာဉ်လက်ဝယ်ရှိသူ အော်ပရေတာကို “ဃ” (ခြား) လုပ်ငန်း လိုင်စင်ထုတ်ပေးမှာ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းလည်း လုပ်ဆောင်ပေးသလို ကုမ္ပဏီက တာဝန်ခံ လုပ်ဆောင်မယ် ဆိုရင်လည်း လုပ်ဆောင်ပေးမှာပါလို့ ဖြည့်စွက်ပြောကြားလိုပါတယ်။    ။