အရှေ့အလယ်ပိုင်းဒေသမှာ စစ်မက်နယ်မြေကျယ်ပြန့်လာနိုင်တဲ့ အလားအလာတွေ ထင်သာမြင်သာရှိလာ

 

လင်းလက်ကြယ်

 

ဂါဇာ ကမ်းမြောင်ကို အစ္စရေးက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်နေချိန် အစ္စရေး-အီရန်ပဋိပက္ခ ထပ်မံပေါ်ပေါက်လာတာကြောင့်  စစ်မက်ဖြစ်ပွားမှုအရှိန်  ပိုမို ပြင်းထန်လာနိုင်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိပါတယ်။  အစ္စရေးရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဂါဇာ ကမ်းမြောင်မှာ ပါလက်စတိုင်းသေဆုံးသူ အရေအတွက်ဟာ ၃၄၀၀၀ နဲ့ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်မှာဆိုရင် လည်း ၇၆၀၀၀ ကို ကျော်လွန်လာပြီ ဖြစ်ပါတယ်။

 

အမေရိကန်ကို ဝေဖန်ရှုတ်ချ

 

အစ္စရေး - ဟားမားစ် ပဋိပက္ခစတင် ဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံက တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ ကြားဝင်တိုက်ခိုက်လာမှာကို ဟန့်တားဖို့အတွက် အရှေ့အလယ်ပိုင်းဒေသကို  စစ်သင်္ဘောတွေ  စေလွှတ်ခဲ့တယ်။  အဲဒီလို စေလွှတ်ပြီးနောက်မှာ အီရန်နိုင်ငံ အပါအဝင်  ဒေသတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေက အမေရိကန်ကို ဝေဖန်ရှုတ်ချခဲ့ကြတယ်။

အမေရိကန်က အစ္စရေးကို နိုင်ငံတကာမျက်နှာစာတွေမှာ အကာအကွယ်ပေးခဲ့သလို အစ္စရေးရဲ့ ကာကွယ်ရေးဘက်မှာလည်း အကာအကွယ်ပေးမှုတွေ ရှိတာကြောင့်  အရှေ့အလယ်ပိုင်းဒေသရှိ  နိုင်ငံအချို့နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဒေါသအမျက် ပိုထွက်စေပါတယ်။ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စု၊ ယီမင်နိုင်ငံအခြေစိုက် ဟူသီအုပ်စု၊ အီရတ်နိုင်ငံအခြေစိုက် ရှီးယားအုပ်စု စတဲ့အုပ်စုတွေက အစ္စရေး - ဟားမားစ်ပဋိပက္ခ စတင် ဖြစ်ပွားပြီးနောက်ပိုင်း ဟားမားစ် နဲ့ တစည်းတလုံးတည်းရှိကြောင်း ပြသကာ အစ္စရေးနဲ့ အမေရိကန်ကို ပစ်မှတ်ထား တိုက်ခိုက်လာတယ်။

 

ကုန်စည်သင်္ဘောတွေကို မကြာခဏတိုက်ခိုက်

 

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။ ယီမင်နိုင်ငံအခြေစိုက် ဟူသီအုပ်စုက ဟားမားစ်တွေနဲ့အတူရှိကြောင်း ပြသကာ ပင်လယ်နီအတွင်း ခုတ်မောင်းသွားလာနေတဲ့ ကုန်စည်သင်္ဘောတွေကို မကြာခဏတိုက်ခိုက်လေ့ရှိပါတယ်။ လတ်တလောမှာ အီရန်နိုင်ငံက အစ္စရေးနဲ့ ဆက်နွှယ်မှုရှိတယ်လို့ဆိုကာ ပါရှန်ပင်လယ်ကွေ့မှာ ခုတ်မောင်းသွားလာနေတဲ့ သင်္ဘောတစ်စင်းကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

 

အမေရိကန် တပ်ဖွဲ့ဝင်အချို့ထိခိုက်သေဆုံးမှုဖြစ်ပွား

 

အီရတ်နိုင်ငံရှိ အီရန်ကျောထောက် နောက်ခံပြုထားတဲ့ ရှီးယားလက်နက်ကိုင်အဖွဲ့က ဂျော်ဒန်နိုင်ငံမှာ ရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ဇန်နဝါရီ ၂၈ ရက်က ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အမေရိကန်တပ်ဖွဲ့ဝင် အချို့ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၂ ရက်မှာ အမေရိကန်လေတပ်က အီရတ်နဲ့ ဆီးရီးယားနိုင်ငံတို့ မှာရှိတဲ့ အီရန်တော်လှန်ရေး အစောင့် တပ်ဖွဲ့နဲ့ အီရန်ကျောထောက်‌နောက်ခံပြုထားတဲ့ စစ်သွေးကြွအဖွဲ့တွေကို ပစ်မှတ်ထားကာ လက်တုံ့ပြန် လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့ပါတယ်။

အစ္စရေး - ဟားမားစ်ပဋိပက္ခစတင် ဖြစ်ပွားတဲ့ ယမန်နှစ် အောက်တိုဘာ ၇ ရက် နောက်ပိုင်း အီရန်ကျောထောက်ခံပြု စစ်သွေးကြွအဖွဲ့တွေက အီရတ်၊ ဂျော်ဒန်နဲ့ ဆီးရီးယားနိုင်ငံတွေမှာရှိတဲ့ အမေရိကန် အခြေစိုက်စခန်းတွေကို အကြိမ် ၁၇၀ ကျော် တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ အစီရင်ခံဖော်ပြချက်တွေအရ သိရပါတယ်။ အမေရိကန်ရဲ့ လုပ်ရပ်တွေက စစ်မျက်နှာမကျယ်ပြန့်ဖို့ ရည်ရွယ်လုပ်ဆောင်သော်ငြား တင်းမာမှုတွေ မြင့်တက်နေတဲ့ အရှေ့အလယ်ပိုင်းဒေသမှာ မီးလောင်ရာလေပင့်သကဲ့သို့ဖြစ်နေကြောင်း ဝေဖန်ပြောဆိုမှုတွေ ရှိပါတယ်။

 

အီရန်သံရုံးကို လေကြောင်းတိုက်ခိုက်

 

အစ္စရေးနိုင်ငံက ဧပြီ ၁ ရက်မှာ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ရှိ အီရန်သံရုံးကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အကြီးတန်းတပ်မှူးတစ်ဦး၊ ၎င်းရဲ့လက်ထောက်နဲ့ အခြားအရာရှိငါးဦး သေဆုံးခဲ့ပါတယ်။ ယင်းတပ်မှူးမှာ အီရန်နိုင်ငံပြင်ပ အထူးစစ်ဆင်ရေးအတွက် တာဝန်ယူထားတဲ့ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ Quds တပ်ဖွဲ့မှ ဖြစ်ပါတယ်။

အစ္စရေးရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အီရန်တော်လှန်ရေးအစောင့် တပ်ဖွဲ့အဖွဲ့ဝင်နဲ့ တခြားအရာရှိ သေဆုံးမှုတွေ ဖြစ်ပွားလျက်ရှိပေမယ့် အီရန်သံတမန်အဆောက်အအုံကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ ပထမဆုံးအကြိမ်လို့ဆိုပါတယ်။ ဆီးရီးယားရှိ အီရန်သံရုံးကို အစ္စရေးက တိုက်ခိုက်မှုပြုလုပ်ပြီးနောက် အီရန်သမ္မတ အီဗရာဟင်ရွိုင်စီက လက်တုံ့ပြန်တိုက်ခိုက်မှု လုပ်ဆောင်သွားမယ်ဟုဆိုကာ အစ္စရေးကို ဒရုန်းနဲ့ရော ဒုံးကျည်ရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

 

အစ္စဖာဟန်ပြည်နယ်မှာ ပေါက်ကွဲသံတွေ ကြား

 

သို့သော်ငြား ပြင်သစ်၊ ယူကေနဲ့ အမေရိကန်တို့ရဲ့ ကူညီမှုနဲ့အတူ အစ္စရေးက ယင်းဒရုန်းနဲ့ ဒုံးကျည် ၉၉ ရာခိုင်နှုန်း ကို ကြားဖြတ်ဟန့်တားပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်းဖြစ်ရပ်ဖြစ်ပွားပြီး မကြာမီ အီရန်နိုင်ငံအလယ်ပိုင်း အစ္စဖာ ဟန်ပြည်နယ်မှာ ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ အီရန်သတင်း အေဂျင်စီက ပြောပါတယ်။ အဲဒီဒေသဟာ နျူကလီးယား အဆောက်အအုံတွေ၊ လေဆိပ်တွေ၊ လေတပ်အခြေစိုက်စခန်းတွေ တည်ရှိရာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက စက်ရုံတွေထိခိုက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ ဆိုထားပါတယ်။ ယင်းတိုက်ခိုက်မှု မစတင်မီ အစ္စရေး တာဝန်ရှိသူတွေက ဝါရှင်တန်ကို အသိပေးခဲ့ကြောင်း အမေရိကန် သတင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အီတလီနိုင်ငံမှာ ပြုလုပ်တဲ့ ဂျီ - ၇ နိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေးပိတ် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အမေရိကန်တိုက်ရိုက် ပါဝင်ပတ်သက်မှုကို ငြင်းဆိုထားတယ်။

အီရတ်နိုင်ငံမှာ အီရန်ကျောထောက် နောက်ခံပြု ရှီးယားပြည်သူ့စစ်အဖွဲ့ရဲ့ စစ်အခြေစိုက်စခန်းတစ်ခု၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့်လည်း အရှေ့အလယ်ပိုင်းဒေသမှာ မတည်မငြိမ်မှုတွေ ဆက်လက်မြင့်တက်လာမှာကို စိုးရိမ်လျက်ရှိပါတယ်။ အဲဒီပေါက်ကွဲမှုဟာ မြို့တော်ဘဂ္ဂဒက်ရဲ့ တောင်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာက အခြေစိုက်စခန်းတစ်ခုမှာ ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို မသိရသေးပေမယ့် အီရတ် အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး အီရန်မီဒီယာတွေက ဒုံးကျည်တိုက်ခိုက်မှုဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။

 

လိုအပ်တဲ့သံတမန်ရေးရာကြိုးပမ်းမှု လုပ်ဆောင်သွားမှာဖြစ်

 

ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန်အနေနဲ့ အီရတ်နိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခြင်း မရှိကြောင်း အမေရိကန်ဗဟိုဌာနက ဆိုထားပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ အခြေအနေ ပိုမိုဆိုးရွားမလာအောင် ဟန့်တားဖို့ လိုအပ်တဲ့သံတမန်ရေးရာ ကြိုးပမ်းမှုမှန်သမျှကို ဂျပန်နိုင်ငံအနေနဲ့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်းနဲ့ တင်းမာမှုတွေကို ဖြစ်ပေါ်စေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို အပြင်းအထန် ရှုတ်ချကြောင်းလည်း အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟာယာချိက ပြောပါ တယ်။

မည်သို့ပင်ဆိုစေ ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေ အင်အားလျော့နည်းစေဖို့၊ လုပ်ဆောင်နိုင်စွမ်း ကျဆင်းစေဖို့ ရည်ရွယ်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေက အရှေ့အလယ်ပိုင်းဒေသ အခြေအနေ ပိုမိုရှုပ်ထွေးလာနိုင်တဲ့အပြင် စစ်မက်နယ်မြေ ကျယ်ပြန့်လာနိုင်တဲ့ အလားအလာတွေ ထင်သာမြင်သာရှိ လာတယ်။