နေပြည်တော် မတ် ၃၁

အရာထမ်း အခြေခံသင်တန်း အမှတ်စဉ် (၆၂) နှင့် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၈) တို့၏ သင်တန်းဆင်း စစ်ရေးပြ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အဖွဲ့ဝင် ဉီးဆန်းမြင့်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အရာထမ်း အခြေခံသင်တန်း အမှတ်စဉ် (၆၂) နှင့် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၈) တို့မှ သင်တန်းသား၊ သင်တန်းသူများသည် တက္ကသိုလ် စစ်ရေးပြကွင်းအတွင်း  ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ  ဦးသန်းဆွေအား အလေးပြုခြင်းတို့ကို ဆောင်ရွက်ပြီးနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ  ဦးသန်းဆွေက သင်တန်း (၂) မျိုးအတွက် စံပြဆု၊ စစ်ရေးပြဆုနှင့် သေနတ်ပစ်ထူးချွန်ဆု ရရှိသူများကို ဆုများ ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ဝန်ကြီးဌာန၊ အဖွဲ့အစည်း အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်းများ၏ အခန်းကဏ္ဍသည် အထူးအရေးကြီး သကဲ့သို့ သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးတွင် ပြန်တမ်းဝင် အရာရှိများအဖြစ် တာဝန်ထမ်းဆောင်မည့် အရာထမ်းလောင်းများသည်လည်း နိုင်ငံတော်အတွက် အလွန်အရေးပါကြောင်း။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် အရာထမ်းများ၏ အရည်အသွေးများ မြင့်မားထက်မြက်စေပြီး တာဝန်ယူဆောင်ရွက်နေရသော ဝန်ထမ်းအဖွဲ့အစည်းတွင် ခေါင်းဆောင်မှု၊ ဦးဆောင်နိုင်မှု စွမ်းရည်များနှင့် စီမံခန့်ခွဲမှု အရည်အသွေးများ တိုးတက်လာစေရေး အတွက် ၂၀၁၇ ခုနှစ်မှ စတင်ပြီး အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ ဝန်ထမ်းစီမံန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်းအဖြစ် ဖွင့်လှစ်ခဲ့ပါကြောင်း။

သင်တန်းမှလေ့လာဆည်းပူးရရှိခဲ့သည့် အတွေးအမြင်၊ အသိပညာဗဟုသုတနှင့် အတွေ့အကြုံများဖြင့် မိမိတို့ဆောင်ရွက်နေရသည့် လုပ်ငန်းစဉ်များကို ပြောင်းလဲလာသည့် နည်းပညာများ၊ နိုင်ငံတကာ၏ ပြောင်းလဲတိုးတက်မှုများနှင့်အညီ လိုက်လျောညီထွေမှုရှိအောင် လက်တွေ့အသုံးချကြရန်၊ အသိဉာဏ် အမြော်အမြင်နှင့်ပြည့်စုံမှု၊ တီတွင်ဖန်တီးနိုင်စွမ်းရှိမှု၊  သင်ယူနိုင်စွမ်းရှိမှု၊ ဝေဖန်ဆန်းစစ် ခွဲခြားစိတ်ဖြာ သုံးသပ်နိုင်မှုစသည့် အရည်အသွေးကောင်းများ အစဉ်ထက်မြက်နေအောင် လေ့လာသင်ယူကြရန်နှင့် နိုင်ငံတော်အပေါ် သစ္စာရှိ၍ ပြည်သူများက ယုံကြည်လေးစား အားထားရသော အဂတိတရားကင်းစင်ပြီး စည်းကမ်းကောင်းမွန်သည့် စံပြအရာထမ်းများအဖြစ် ပြုမူနေထိုင်ကြရန် တိုက်တွန်း မှာကြားသည်။

အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၆၂) သို့ သင်တန်းသား (၈၇) ဦး၊ သင်တန်းသူ (၁၁၆) ဦး၊ စုစုပေါင်း (၂၀၃) ဦး နှင့် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၈) သို့ သင်တန်းသား (၇၂) ဦး၊ သင်တန်းသူ (၇၁) ဦး၊ စုစုပေါင်း (၁၄၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်