အပူလောင်နာ ဘယ်လိုကုသရမလဲ

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

  အပူလောင်ခြင်းဟာ အဖြစ်များတဲ့ ကိစ္စတစ်ခုဆိုပေမယ့် ခံစားရမသက်သာတဲ့ ဝေဒနာလည်း ဖြစ်ပါတယ်။ တော်တန်ရုံ အသေးစားအပူလောင်တာဆိုရင် ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာတင် ကုသလို့ရပေမယ့် ပြင်းထန်ပြီဆိုရင် အနာကို ပိုးမဝင်အောင်၊ အနာမရင်းအောင်၊ ဆိုးဆိုးရွားရွား အမာရွတ်မကျန်အောင် သေချာဂရုစိုက်ကုသဖို့လိုအပ်ပါတယ်။

  အပူလောင်စေတဲ့အကြောင်းရင်းက အမျိုးမျိုးရှိပါတယ် –

  ရေနွေးပူ၊ဆီပူလောင်ခြင်း

  ဓာတုပစ္စည်းကြောင့်လောင်ခြင်း

  လျှပ်စစ်ကြောင့်လောင်ခြင်း

  မီးအပူလောင်ခြင်း ( မီးအပူဟပ်ခြင်း၊ ဖယောင်းတိုင်မီးစသည်)

  နေလောင်ခြင်း

 အပူလောင်ခြင်း ပြင်းထန်မှုအဆင့်သတ်မှတ်ခြင်း

 အပူလောင်တာကို အဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃) ဆိုပြီး အဆင့်သုံးခုခွဲထားပါတယ်။ အဆင့်(၁)ကတော့ အားအလျော့ဆုံးဖြစ်ပြီး အဆင့်(၃)ကတော့ အားအပြင်းဆုံး  ဖြစ်ပါတယ်။ အဆင့်တစ်ခုချင်းဆီက ကွဲပြားတဲ့လက္ခဏာနဲ့ ထိခိုက်မှုကို ဖော်ပြပါတယ်။

   အဆင့်(၁) အပူလောင်မှု– အရည်ကြည်ဘုမထွက်ပဲ နီရဲသော အရေပြား၊ နာကျင်မှုအနည်းငယ်၊ ယောင်ယမ်းမှု အနည်းငယ် ရှိမယ်။

  အဆင့်(၂) အပူလောင်မှု – ထိခိုက်မိတဲ့နေရာမှာ အရည်ကြည်ဘုနဲ့ ထူအမ်းအမ်းဖြစ်နေမယ်။

  အဆင့်(၃) အပူလောင်မှု–ထူအမ်းအမ်းဖြစ်နေတဲ့ နေရာပမာဏ များမယ်၊ အရေပြားကွာကျပြီး အဖြူရောင် အတွင်းသား ပေါ်နေမယ်။ အဆင့် (၃) အပူလောင်မှုတွေကို အပြင်းထန်ဆုံးအဆင့်အဖြစ် သတ်မှတ်ပြီး အမြန်ဆုံးဆရာဝန်နဲ့ ကုသမှု ခံယူသင့်ပါတယ်။

  တကယ်တော့ အပူလောင်ဒဏ်ရာပြင်းမပြင်းကို အကြောင်းရင်းကိုမူတည်ပြီးဆုံးဖြတ်လို့မရနိုင်ပါဘူး။ ဥပမာ – ရေနွေးပူ လောင် တာက အဆင့် (၁) အသေးစားလည်းဖြစ်နိုင်သလို အဆင့် (၂) သို့မဟုတ် (၃) အထိပါ ဒဏ်ရာအပြင်းအထန် ဖြစ်နိုင်တတ်လို့ပါ။

  ဓာတုပစ္စည်းနဲ့လျှပ်စစ်ကြောင့် အပူလောင်ခြင်းတွေဆိုရင် အရေပြားမှာ အနည်းအကျဉ်းပဲ ထိခိုက်တာတွေ့ ရရင်တောင် ခန္ဓာကိုယ်အတွင်းပိုင်းကို ထိခိုက်စေနိုင်တာကြောင့် ချက်ချင်းဆေးကုသမှု ခံယူသင့်ပါတယ်။

  အသေးစားအပူလောင်နာ ကုသဖို့

  အနာသက်သာအောင် အပူလောင်တဲ့နေရာကို ဖြစ်ဖြစ်ချင်းမှာ ရေအေး( ရေခဲရေမဟုတ်) နဲ့ ၁၀ မိနစ်/၁၅ မိနစ်လောက် ရေလောင်းပေးပါ၊ ရေထဲနှစ်ထားပါ။ ဒါမှမဟုတ် နာကျင်မှုမလျော့မချင်း ရေအေးဆွတ်ထားတဲ့ တဘက်တစ်ထည်တင်ပေးထားပါ။ အရမ်းပူရာက အရမ်းအေးတဲ့အခြေအနေ ချက်ချင်းထိတွေ့လိုက်ရတဲ့အခါ အနာကျက်ခြင်းဖြစ်စဉ်ကို နှေးစေနိုင်တာ ကြောင့် ရေခဲရေမသုံးရတာဖြစ်ပါတယ်။

  အပူလောင်တဲ့နေရမှာ လက်စွပ် သို့မဟုတ် တခြား တင်းကျပ်စွာဝတ်ဆင်ထားတဲ့ အရာတွေကို ချွတ်ပါ။ အနာက ရောင်မလာခင် ညင်သာစွာ မြန်မြန်ဖယ်ရှားရမှာဖြစ်ပါတယ်။

  ရည်ကြည်ဖုလေးတွေကို မဖောက်ပါနဲ့၊ မပေါက်ပါစေနဲ့၊ အပူလောင်ရည်ကြည်ဖုတွေ ပေါက်ပြဲသွားခဲ့ရင် အဲဒီနေရာတဝိုက်ကို ဆပ်ပြာအပျော့စားနဲ့ ရေနဲ့ညင်သာစွာ သန့်ရှင်းပေးပြီး ပိုးသတ်ဆေးတစ်ခုခု လိမ်းပေးပါ။

  အသားမခြောက်သွေ့စေဖို့  အစိုဓာတ်ထိန်းခရင်မ် သို့မဟုတ် ဂျယ်လ်တစ်ခုခု လိမ်းပေးနိုင်ပါတယ်။

  လိုအပ်ရင် ibuprofen  လို ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ အကိုက်အခဲပျောက်ဆေး သောက်ရပါမယ်။

  

ရည်ကြည်ဖု အကြီးကြီးတွေဖြစ်လာရင် ဆရာဝန်ပြပြီး ဖောက်ပစ်သင့်ရင် အပ်နဲ့စုပ်ထုတ်ပေးပါလိမ့်မယ်။ အနာမှာ ပိုးဝင်တဲ့ လက္ခဏာတွေ့ရရင်၊ အနာရင်းလာရင်၊ နီရဲရောင်ရမ်းလာရင် ဒါမှမဟုတ် အပူလောင်တဲ့နေရာက များတယ် ဆိုရင် ဆေးကုသမှု ခံယူပါ။

  ပြင်းထန်တဲ့အပူလောင်ခြင်း

 အပူလောင်ခြင်းပြင်းထန်ရင် အမြန်ဆုံးဆေးရုံပို့ပါ။ ဆေးရုံမပို့ရသေးခင် အချိန်အတွင်း အောက်ပါအချက်တွေ သိထား သင့်ပါတယ်။

   အပူလောင်ထားသူကို ထပ်မထိခိုက်အောင် သတိထားပါ။ အပူလောင်စဉ် သူ့ရဲ့အရေပြားနဲ့ ထိကပ်နေတဲ့ အဝတ်အစားတွေကို သွားမဖယ်ရှားလိုက်ပါနဲ့ဦး။

  သွေးလည်ပတ်မှု ကောင်းမကောင်း သတိထားကြည့်ပါ။ အသက်ရှူသံ၊ ချောင်းဆိုးတာ၊လှုပ်ရှားမှု စတာတွေကို သေချာကြည့်ပါ။

  လည်ပင်းနဲ့ အပူလောင်ထားတဲ့ နေရာတဝိုက်တို့မှာ ဝတ်ဆင်ထားတဲ့ အသုံးအဆောင်၊ အဝတ်အထည်၊ ခါးပတ်တို့ကို ဖယ်ရှားပါ။ အပူလောင်နာတွေက ရောင်ရမ်းမှုမြန်ဆန်ပါတယ်။

  အပူလောင်တာ ဒဏ်ရာကြီးရင် ရေအေးထဲမနှစ်ပါနဲ့။ ခန္ဓာကိုယ်အပူချိန် ရုတ်တရက်ကျဆင်းခြင်း သို့မဟုတ် သွေးဖိအား ကျဆင်းခြင်းနဲ့ သွေးဆုတ်ခြင်း(ရုတ်တရက်) ဖြစ်လာနိုင်လို့ဖြစ်ပါတယ်။

  အပူလောင်တဲ့နေရာကို မြှင့်ထားပါ။ ဥပမာ လက်မောင်းမှာလောင်ရင် လက်ကို နှလုံးနဲ့ တစ်တန်းတည်းထက်ပိုမြင့်တဲ့ အဆင့်ထိ မြှောက်တင်ထားပေးပါ။

  အပူလောင်တဲ့နေရာကို ဖုံးအုပ်ကာကွယ်ထားပါ။ ပတ်တီးသို့မဟုတ် ပိတ်လှောင်မနေလောက်တဲ့အသားဖြစ်တဲ့ အဝတ်စတစ်ခုကို သုံးနိုင်ပါတယ်။ ကျန်တာကိုတော့ ဆေးရုံ၊ ဆေးခန်းရောက်တဲ့အခါ ကျန်းမာရေးစောင့်ရှောက်သူတွေက ကုသပေးပါလိမ့်မယ်။