အပူချိန်မြင့်တက်မှုကို ပြည်သူများ သတိမူ

၂၄  ဧပြီ

 

လက်ရှိကာလမှာ နွေရာသီကာလဖြစ်သော်လည်း ရာသီဥတုပုံမှန်မဟုတ်သည်ကို တွေ့ရသည်။ အချို့ဒေသများတွင် မိုးရွာသွန်း၍ လေပြင်း တိုက်ခတ်ပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အပူချိန်လျော့နည်းနေသည်ကိုတွေ့ရသည်။ ကျန်ဒေသများ အထူးသဖြင့် ရန်ကန်၊ မန္တလေး၊ နေပြည်တော်နှင့် ဒေသအတော်များများတွင်မူ အပူချိန်မြင့်မားနေသည်ကို တွေ့ရသည်။

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယခုနှစ်ဖေဖော်ဝါရီလက ကြေညာချက်တွင် ၂၀၁၈ ခုနှစ် နွေရာသီကာလတွင် ဖြစ်ပေါ်လာနိုင်သည့် လာနီညာရာသီဥတုအခြေအနေကို သတင်းထုတ်ပြန်ထားရာ၌ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလများတွင် လာနီညာဖြစ်ပေါ်မှု ရာခိုင်နှုန်း မြင့်မားနေပြီး ဧပြီလကုန် မေလမှစ၍ လာနီညာဖြစ်ပေါ်နှုန်းကျဆင်းသွားမည်ဟုဆိုသည်။ အဆိုပါလာနီညာဖြစ်စဉ်ကြောင့် မျက်မှောက်ကာလ၌ ရာသီဥတု ကမောက်ကမဖြစ်ပေါ်နေသည့် သဘောရှိသည်။

 

ယခုနှစ်နွေရာသီကာလ၏ အပူချိန်မှာ ယခင်နှစ်များကလောက် အပူချိန် ဒီဂရီများသော်လည်း လက်ရှိတွင် အပူရှိန်ကို ပြင်းပြင်းထန်ထန်ခံစားနေသည်ရသည်ဟု ထင်ရသည်။ ဧပြီလ ဒုတိယပတ်မှ စတင်၍ နေပြည်တော်  အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ခုနစ်ခုတွင် နေ့အပူချိန်များ တစ်စတစ်စ တိုးလာသောကြောင့် အပူဒဏ်ကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးပြဿနာများကို ကြုံတွေ့လာရသည်။

 

ရာသီဥတုပူပြင်းမှုဒဏ်ကို လေးနှစ်အောက်ကလေးငယ်များ၊ အသက် ၆၀ အထက် သက်ကြီးရွယ်အိုများနှင့် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါအခံရှိသူများ အထူးသတိထားကြရမည်ဖြစ်သည်။ အပူဒဏ်ကြောင့် မေ့လဲခြင်း၊ ခြေလက်ရောင်ရမ်းခြင်း၊ ကြွက်တက်ခြင်း၊ အားအင်ကုန်ခန်းချည့်နဲ့ခြင်းနှင့် ချွေးမထွက်ဘဲ သတိလစ်မေ့မြောခြင်း စသည့်အရေးပေါ်လက္ခဏာများ ဖြစ်ပေါ်တတ်သည်ကို သတိမူရမည် ဖြစ်သည်။

 

အထူးသဖြင့် အပူလျှပ်၍ သတိလစ်ခြင်းကို သတိထားရမည်ဖြစ်ပြီး ရုတ်တရက်အသက်သေဆုံးနိုင်သည်အထိ ဖြစ်ပေါ်တတ်သည်။ အပူလျှပ်၍ သတိလစ်ခြင်းသည် ခန္ဓာကိုယ်အတွင်း အပူချိန်ညှိမူစနစ် ပျက်စီးသွားခြင်းကြောင့်ဖြစ်ပြီး အပူရှိန်မြင့်တက်မှုကြောင့် လူ၏ခန္ဓာကိုယ် အပူချိန်သည် ၁၀၅ ဒီဂရီဖာရင်ဟိုက် (၄၀ ဒသမ ၅ ဆဲလ်စီးယပ်စ်) အထိ ရောက်ရှိလာကာ ဦးနှောက်နှင့်အခြားအင်္ဂါ အစိတ်အပိုင်းများ ထိခိုက်ပျက်စီးစေကြောင်း သိရသည်။

 

ပုံမှန်အားဖြင့် နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုများလာသည်။ အပူဒဏ်ကြောင့် ဖောရောင်ခြင်း၊ မိတ်နှင့် ယားနားများထွက်ခြင်းနှင့် ကြွက်တက်ရောဂါဝေဒနာများ ခံစားရရှိနိုင်သည်။ အပူဒဏ်ကြောင့် ရောဂါဆိုးရွား လာပါက ပင်ပန်းနွမ်းနွယ်ခြင်းနှင့်မူးမေ့ခြင်းတို့ကို ခံစားရနိုင်ကာ ပိုမိုပြင်းထန်ဆိုးရွားလာပါက သတိလစ်ခြင်း အထိ ဖြစ်ပွားနိုင်သည်။ 

 

ပူပြင်းသောအချိန်ကာလတွင် အပူဒဏ်ကိုမခံနိုင်သောသူများ သွားလာလှုပ်ရှားလုပ်ကိုင်ရင်း အရေပြားပူ၌ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်း၊ ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်းတို့ ဖြစ်ပေါ်လာပါက ရောဂါပိုမိုပြင်းထန်ဆိုးရွားသည့် လက္ခဏာ Heat Stroke ဟု မှတ်ယူရမည်ဖြစ်ပြီး အသက်အန္တရာယ် ရုတ်တရက်ဖြစ်ပေါ်နိုင်သည်ကို သတိထားရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ နွေရာသီကာလ ယခုကဲ့သို့ အပူချိန်မြင့်မားနေသော အချိန်တွင် မိဘပြည်သူများ အထူးသဖြင့် အပူဒဏ်မခံနိုင်သော အရွယ်များအနေဖြင့် မိမိတို့ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်မှု မဖြစ်စေရေးအတွက် သွားသတိ၊ လာသတိ၊ စားသတိ စသည့်သတိတရား လက်ကိုင်ထားကြပါရန် လေးစားစွာဖြင့် အကြံပြုအပ်ပါသည်။ ။

 

ကြေးမုံ (အယ်ဒီတာ့အာဘော်)