အပြုသဘောဆောင်သည့် နည်းလမ်းဖြင့်ဖြေရှင်း

နေပြည်တော် ၁၇ မေ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧပြီ ၂၈ ရက်မှ ၃၀ ရက် နံနက်အထိနှင့် မြန်မာနိုင်ငံသို့ ဧပြီ ၃၀ ရက်မှ မေ ၁ ရက်အထိ လာရောက်ခဲ့သည့်ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ ခရီးစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မေ ၁၄ ရက်က တံခါးဖွင့်ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ရခိုင်ပြည်နယ် အရေးကိစ္စနှင့်စပ်လျဉ်း၍ ပကတိဖြစ်စဉ်အမှန်များနှင့် မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်များကို ပွင့်ပွင့်လင်းလင်းပြောကြားခဲ့သည်။

 

တံခါးဖွင့်ရှင်းလင်းပွဲတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြဿနာအရင်းအမြစ်အမှန်နှင့် မြန်မာနိုင်ငံရပ်တည်မှုအား ရှင်းလင်းပြောကြားခဲ့သည်ကို မှတ်သားရသည်။ လက်ရှိကြုံတွေ့နေရသည့်ပြဿနာမှာ ARSA အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်လုံခြုံရေးစခန်း ၃၀ကို တိုက်ခိုက်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ယမန်နှစ် ဩဂုတ် ၂၈ရက်က မောင်တောမြို့နယ် ခုံတိုင်ကျေးရွာ၌ မြိုတိုင်းရင်းသားခုနစ်ဦး သတ်ဖြတ်ခံခဲ့ရခြင်း၊ နေအိမ် ၂၆၂၅ လုံး မီးရှို့ခံရခြင်းများနှင့်တစ်ဆက်တည်း စက်တင်ဘာ ၂၈ ရက်တွင် ရဲဘော်ကျကျေးရွာအနောက်မြောက်ဘက်တွင် ပြန်ပေးဆွဲခြင်းခံခဲ့ရသူ လူဦးရေ ၁၀ဝ အနက် သတ်ဖြတ်ခြင်းခံရသူ ၄၅ ဦး၏ ရုပ်အလောင်းများ တူးဖော်တွေ့ရှိခြင်း စသည်တို့သည် ARSA အကြမ်းဖက်သမားများ၏ ရက်စက်ကြမ်းကြုတ်သော လူမဆန်သည့်လုပ်ရပ်များပင် ဖြစ်သည်။

 

အဆိုပါ တုန်လှုပ်ချောက်ချားဖွယ်ရာဖြစ်ရပ်များအား ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ရခိုင်၊ မြို၊ မရမာကြီးနှင့် ဟိန္ဒူလူမျိုး ၂၀ ခန့်ကမေ ၁ ရက်တွင် မောင်တောမြို့သို့ ရောက်ရှိခဲ့သည့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအား ထုတ်ဖော်ပြောကြားရန် စောင့်ဆိုင်းခဲ့သော်လည်း အချိန်အကန့်အသတ်ကြောင့် ရခိုင်လူမျိုးနှင့် ဟိန္ဒူဘာသာဝင်အမျိုးသမီးနှစ်ဦးတို့သာ ပြောကြားခွင့်ရခဲ့သည်။ ရခိုင်လူမျိုးများ၏ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်များမှာ မမှန်မကန်ပြောကြားမှုများဖြင့်ဖုံးလွှမ်းခဲ့သည်။ ပဋိပက္ခ၏အရင်းအမြစ်နှင့် အပြစ်မဲ့ ဟိန္ဒူ၊ ရခိုင်နှင့်အခြားတိုင်းရင်းသားမျိုးနွယ်စုများ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံရမှုများကို အနောက် မီဒီယာများက မသိကျိုးကျွန်ပြုနေကြသည်။ မွတ်စလင်အသိုင်းအဝိုင်းတို့သာ နှိပ်စက်ခံ သားကောင်ဖြစ်နေရကြောင်းကိုဇာတ်နာအောင် ဖန်တီးမှုများ တရစပ်ဖော်ပြနေကြပြီး ပကတိအမှန်တရားများမှာ မျက်ကွယ်ပြုခြင်း ခံခဲ့ရသည်။

 

မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ပကတိအခြေအနေမှန်များကို လုံခြုံရေး ကောင်စီအဖွဲ့ဝင်များ ပိုမိုနားလည်သိရှိစေရန်အတွက် လက်ခံစီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် အမှန်တရားများမှာ အရာမရောက်ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် တာဝန်ခံမှုရှိစွာဖြင့် မည်သည့် လူ့အခွင့်အရေးချိုးဖောက်မှုကိုမျှအကာအကွယ်ပေးမည်မဟုတ်ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့ပြီးဖြစ်သည်။ အထောက်အထားတင်ပြနိုင်သည့် စွပ်စွဲချက်များကို တရားဥပဒေနှင့်အညီ စစ်ဆေးအရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်းပြောကြားထားပြီးဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အကြမ်းဖက်မှုကို ရှုတ်ချ ကြောင်းနှင့် လိုအပ်သည့်အချက်အလက်များ ပံ့ပိုးပေးပါက လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို အရေးယူရန်အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပြီးဖြစ်သည်။

 

သို့ဖြစ်ရာ မမှန်မကန်စွပ်စွဲမှုများ၊ အမှန်တရားကို မျက်ကွယ်ပြုနေမှုများသည် ပြဿနာကို ဖြေရှင်း နိုင်လိမ့်မည်မဟုတ်ချေ။ ခွဲခြားဆက်ဆံမှုများနှင့် တစ်ဖက်သတ် ပံ့ပိုးကူညီမှုများသည် ဒေသတွင်း အသိုက်အဝန်းများအကြား အမှန်တရားနှင့် ပိုမိုကင်းကွာမှုများနှင့် တင်းမာမှုများကိုသာ မြင့်တက်စေမည်ကို သတိချပ်သင့်သည်။ အလွန်ရှုပ်ထွေးပြီးနိုင်ငံရေးအရ ထိခိုက်လွယ်သည့် ရခိုင်ပြည်နယ်အရေးပြဿနာကို မျှတမှုရှိပြီး အပြုသဘောဆောင်သည့် နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

ကြေးမုံ