အပြုသဘောဆောင် အကောင်းမြင်စိတ်ဖြင့် ရှုမြင်

နေပြည်တော် ၂၆ အောက်တိုဘာ

 

နယူးယောက်မြို့တွင် ကျင်းပလျက်ရှိသည့် (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယ ကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆွေးနွေးမှု အစီအစဉ်နှစ်ရပ်ကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ဆွေးနွေးသည့်အကြောင်းအရာမှာ အများသိပြီး ဖြစ်သည့်အတိုင်း လူ့အခွင့် အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူတို့က မြန်မာနိုင်ငံအပေါ် စွပ်စွဲပြောဆိုမှုများ၊ ဖိအားပေးမှုများပင် ဖြစ်သည်။ 

 

ယင်းနှင့်ပတ်သက်၍ အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ၏ ရှင်းလင်းပြောကြား ချက်ကို ချက်ချင်းတုံ့ပြန်ပြောကြားခဲ့သည်။ အထူးအစီရင်ခံစာတင်သွင်းသူ အနေဖြင့် အတည်မပြုနိုင်သည့် အချက်အလက်များကို အခြေခံကာအဆိုးမြင်ပြီး အပြုသဘောမဆောင်သည့် ဝေဖန်စွပ်စွဲချက်များကို ဆက်လက်ပြုလုပ်နေကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကိုမသိကျိုးကျွန် ပြုထားသည့်အတွက် အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် ပြဿနာရပ်များကိုဖြေရှင်းရန် ဆန္ဒရှိ၊ မရှိအပေါ် မေးခွန်းထုတ်လိုကြောင်းရှင်းလင်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် ကင်းကွာနေသော ပြောဆိုစွပ်စွဲမှုများသည် အမှန်တရားသို့ မည်သည့်အခါမှ ရောက်ရှိနိုင်မည် မဟုတ်ဘဲ ပိုမိုဆိုးရွားသော အခြေအနေသို့သာ ပြန်လည်ရောက်ရှိသွား နိုင်သည်။ ပြည်ပမှ လွန်စွာဖိအားပေးသည့် နိုင်ငံရေးအာဂျင်ဒါများသည် လက်ရှိဖြစ်နေသော အခြေအနေများကို ပိုမိုဆိုးရွားစေပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ထိခိုက်စေမည်ဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ရည်မှန်းချက်များကို ဖော်ဆောင်ရန် အပြု သဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ဆန္ဒပြုထားပြီး ဖြစ်သည်။

 

ကုလသမဂ္ဂ၏စံနှုန်းများသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သဟဇာတဖြစ်ရေးတို့ကို မြှင့်တင် ဆောင်ရွက်သွားရန်နှင့် ဘေးအန္တရာယ်နှင့်ရန်လိုမှုတို့ကို လျှော့ချရန်တို့အတွက် အဖွဲ့ကြီး၏ ချမှတ်ထားသောနည်းလမ်းများကို ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများက လိုအပ်သလို အသုံးချသည့်အပေါ်တွင် မူတည်နေပါသည်။ ဓမ္မဓိဋ္ဌာန်ကျခြင်း၊ သမာသမတ်ကျခြင်း၊ ပညာရှင်ပီသခြင်း၊ အချုပ်အခြာအာဏာအား လေးစားလိုက်နာခြင်းတို့သည် ကုလသမဂ္ဂ၏ ရည်မှန်းချက်အောင်မြင်ရေးအတွက် အဓိကသော့ချက်များ ပင်ဖြစ်ပါသည်ဟု ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ပေးပို့သည့်သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားထားသည်။

 

အထူးအစီရင်ခံစာ တင်သွင်းသူတို့သည် ဥပဒေကြောင်းအရ အထောက်အထားမရှိသည့်၊ သက်သေ မပြနိုင်သည့် အခြေအနေများကို မူတည်၍ ကောက်ချက်ချထားခြင်းဖြစ်သည်။ အခြားအပြုသဘောဆောင် သည့် ဖြစ်ပေါ်တိုးတက်မှုများကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ တာဝန်ခံမှုကိုသာ ရှေ့တန်းတင်နေခြင်းသည် အန္တရာယ်ရှိသော ကြိုးပမ်းမှုသာဖြစ်ပြီး ၎င်းတို့၏အားထုတ်မှုများမှာ ရေထဲတွင်အရုပ်ရေးသကဲ့သို့ အရာ ထင်မည်မဟုတ်ချေ။ နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့နှင့် အထူးအစီရင်ခံစာတင်သွင်းသူတို့၏ အစီရင်ခံစာများသည် ရခိုင်ပြည်နယ်၌ ငြိမ်းချမ်းရေး၊ သဟဇာတနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူမဖြစ်ဘဲ ပြဿနာများအား ပိုမိုဖြစ်ပွားစေနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ကြိုးပမ်းနေ သောကာလတွင် ပဋိပက္ခများ၊ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာ၌ အပြုသဘောဆောင် အကောင်းမြင် စိတ်ထားဖြင့် စိတ်ရှည်မှုနှင့် ယုံကြည်မှုတည်ဆောက်ရေးကို အလေးထားမြှင့်တင်ဖော်ဆောင်ကာ လက်တွဲ ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း။ ။

 

ကြေးမုံ