အပြည်ပြည်ဆိုင်ရာ၏ ကန့်ကွက်မှုများကြားမှ အာဏာကိုဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်သည့် ဗင်နီဇွဲလားသမ္မတ


၈  ဇန်နဝါရီ

 

ဗင်နီဇွဲလားနိုင်ငံရဲ့ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုတွေကတော့ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ မကြာခဏ တွေ့မြင်နေရပါတယ်။ တိုင်းပြည်အတွင်းမှာ မနေနိုင်လို့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်သွားကြတဲ့ ဗင်နီဇွဲလားနိုင်ငံသား တွေကလည်း အများအပြားပါပဲ။ ဒီလိုအခြေအနေမျိုးမှာ သမ္မတ နီကိုလပ်မက်ဒူရိုဟာ ကန့်ကွက်မှုတွေကြားထဲက နောက်ထပ်သမ္မတ သက်တမ်းအတွက် ကြိုးစားခဲ့ပါတယ်။

 

သမ္မတကိုအသိအမှတ်မပြု

 

အဲဒီအတွက် အပြည်ပြည်ဆိုင်ရာက ဝိုင်းပြီးကန့်ကွက်ခဲ့ကြပါတယ်။ အခုအခါမှာလည်း ဗင်နီဇွဲလားနိုင်ငံရဲ့ အတိုက်ခံတွေ ကြီးစိုးရာ အောက်လွှတ်တော်က ပြီးခဲ့တဲ့စနေနေ့ကပဲ ပြန်လည်ရွေးကောက်ခံထားတဲ့ မစ္စတာ မက်ဒူရိုရဲ့ သမ္မတသက်တမ်းကို အသိအမှတ်မပြုဘူးလို့ ကြေညာခဲ့ပါတယ်။ ပြီးတော့ ဗင်နီဇွဲလားတပ်ဖွဲ့ကိုလည်း ဒီမိုကရေစီကို ထိန်းသိမ်းဖို့အတွက် အတိုက်အခံတွေက သူတို့နဲ့အတူ ပူးပေါင်းပြီး ကူညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အမေရိကန်ဟာဆိုရင် ဗင်နီဇွဲလား အဆင့်မြင့်အရာရှိကြီးတွေနဲ့ ထင်ရှားသူတွေကိုပိတ်ဆို့မှု ပြစ်ဒဏ်ချထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ ဒီမိုကရေစီနည်းကျကျ ရွေးကောက်ခံထားရတာဆိုလို့ ဥပဒေပြု လွှတ်တော်တစ်ရပ်ပဲ ရှိတယ်လို့ ပြောခဲ့ပါတယ်။

 

အာဏာမရှိလှတဲ့ အောက်လွှတ်တော်

 

အောက်လွှတ်တော်ဥက္ကဋ္ဌသစ် ဂျူအန်းဂွိုက်ဒိုကတော့ လွှတ်တော်စတင်တာနဲ့ တစ်ပြိုင်နက် ဥက္ကဋ္ဌသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး မစ္စတာမက်ဒူရိုရဲ့ သမ္မတသက်တမ်းကို အသိအမှတ်မပြုနိုင်ဘူးလို့ ကြေညာခဲ့ပါတယ်။ ဒီလိုမျိုး ကြေညာခဲ့ပေမယ့် အောက်လွှတ်တော်ရဲ့ အာဏာကတော့ သိပ်မရှိလှပါဘူး။ လာမယ့် ဇန်နဝါရီ အပြည်ပြည်ဆိုင်ရာ၏ ကန့်ကွက်မှုများကြားမှ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်သည့် ဗင်နီဇွဲလားသမ္မတ ၁၀ ရက်မှာ မက်ဒူရိုဟာ နောက်ထပ် သမ္မတသက်တမ်းအတွက် ဦးဆောင်ခွင့်ရမှာဖြစ်ပြီး အဲဒီအခါမှာတော့ အောက်လွှတ်တော် တစ်ရပ်ကသာ ပြည်သူတွေကိုယ်စားပြုတဲ့ အဖွဲ့အစည်း ဖြစ်လာတော့မယ်လို့ ဥက္ကဋ္ဌအသစ် ဂျူအန်းဂွိုက်ဒိုက ပြောခဲ့ပါတယ်။

 

ပူးတွဲထုတ်ပြန်ချက် ကြေညာ

 

ဗင်နီဇွဲလားဟာ ရေနံပေါကြွယ်ဝပေမယ့် သမ္မတမက်ဒူရိုရဲ့ လက်ထက်မှာတော့ စီးပွားရေးပျက်ကပ်ဆိုက်ခဲ့ပါတယ်။ အခုဆိ်ုရင်လည်း အပြည်ပြည်ဆိုင်ရာက ဝိုင်းဝန်းတားမြစ်နေတဲ့ကြားက သမ္မတမက်ဒူရိုဟာ ကြာသပတေးနေ့မှာ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမှာပဲဖြစ်ပါတယ်။ သူ့ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းကတော့ ခြောက်နှစ်တာ ကြာမြင့်မှာပဲဖြစ်ပါတယ်။ မေလ ၂၀ ရက်မှာ ကျင်းပခဲ့တဲ့ ဗင်နီဇွဲလား ရွေးကောက်ပွဲကိုတော့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက တရားမျှတမှုမရှိဘူးလို့ သတ်မှတ်ခဲ့ကြပြီး အတိုက်အခံ တွေကလည်း ပါဝင်ခြင်းမရှိဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။ အာဂျင်တီးနား၊ ဘရာဇီး၊ ကနေဒါ၊ ချီလီ၊ ကိုလံဘီယာ၊ ကော့စတာ ရီကာ၊ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ ပနားမား၊ ပေါ်တူဂီ၊ ပီရူးနိုင်ငံတို့က သံအမတ်တွေဟာ လွန်ခဲ့တဲ့နှစ်က ဗင်နီဇွဲလား ရွေးကောက်ပွဲကိုရှုတ်ချတဲ့ ထုတ်ပြန်ချက်ကို ပူးတွဲထုတ်ပြန်ခဲ့ကြပါတယ်။ နောက်ပြီး သမ္မတမက်ဒူရိုကိုလည်း နောက်ထပ် ရွေးကောက်ပွဲအသစ် တစ်ခုမကျင်းပမီစပ်ကြားမှာ အတိုက်အခံတွေကြီးစိုးရာ အောက်လွှတ်တော်ကို အာဏာလွှဲပြောင်းပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။

 

ရာထူးမှဆင်းပေးဖို့တိုက်တွန်း

 

ဒီနိုင်ငံတွေ ပူးတွဲထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ၂၀၁၈ ခုနှစ် မေလ ၂၀ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ဗင်နီဇွဲလားနိုင်ငံရေး သမားတွေအားလုံး ပါဝင်နိုင်ခြင်းမရှိတဲ့အပြင် အမှီအခိုကင်းတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေလည်း မရှိခဲ့ဘူး။ လွတ်လပ်ပြီး တရားမျှတမှုကင်းတဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်းစဉ်တွေ ဘာတစ်ခုမှ မတွေ့ခဲ့ရဘူးလို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီမိုကရေစီကို ဆက်လက်ထိန်းသိမ်းဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ သမ္မတမက်ဒူရို ရာထူးကနေ ဆင်းပေးဖို့ပဲလို့ တိုက်တွန်းခဲ့ကြပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ငွေကြေး ဖောင်းပွမှုတွေ၊ ဆေးဝါးနဲ့ အခြေခံ စားသောက်ကုန်ပြတ်လပ်မှုတွေ၊ အစရှိတဲ့ ကိစ္စရပ်တွေကြောင့် တိုင်းပြည်အတွင်း မှာနေထိုင်ကြတဲ့ ပြည်သူသန်းနဲ့ချီပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးကြပါတယ်။ စက်တင်ဘာလအတွင်းမှာတော့ အိမ်နီးချင်းနိုင်ငံအချို့ဟာ ဗင်နီဇွဲလား အဆင့်မြင့်အရာရှိကြီးအချို့ကို အပြည် ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးမှာ တရားစွဲဆိုဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

လက်တင်အမေရိက ၁၂ နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေဟာ လီမာမြို့မှာ သမ္မတမက်ဒူရိုကို အသိအမှတ်မပြုကြောင်း ကြေညာခဲ့တဲ့အတွက် မက်ဒူရိုအစိုးရကတော့ အဲဒီအုပ်စုဟာ ဝါရှင်တန်က အထောက်အပံ့ ပေးထားတဲ့ အာဏာသိမ်းဖို့ ကြံစည်နေတဲ့ အုပ်စုကို အားပေးအားမြှောက်ပြုနေကြ တာလို့ စွပ်စွဲခဲ့ကြပါတယ်။

 

တစ်ခုတည်းသောမျှော်လင့်ချက်

 

အောက်လွှတ်တော်ဥက္ကဋ္ဌအသစ် ဂျူအန်းဂွိုက်ဒိုကတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲအသစ်တစ်ရပ်ကို တောင်းဆိုထားပါတယ်။ အောက်လွှတ်တော်ဟာ ဗင်နီဇွဲလားပြည်သူတွေရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာတဲ့ ဒီမိုကရေစီအနာဂတ်ရရှိရန်ဆိုတဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တယ်။ သို့ပေမယ့် သမ္မတမက်ဒူရိုနဲ့သူ့ရဲ့အပေါင်းအပါတွေကတော့ ပြည်သူတွေရဲ့ ဒီအိပ်မက်ကို ရိုက်ချိုးသူများဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ ရောဘတ်ပါလာဒီနိုက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ ဗင်နီဇွဲလားနိုင်ငံရဲ့ ရွေးကောက်ပွဲကို အရှက်ရဖွယ်လို့ သမုတ်ခဲ့ပြီး ဥရောပသမဂ္ဂလိုပဲ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုလက်ခံခြင်း မရှိခဲ့ပါဘူး။ မက်ဒူရို ဟာ အာဏာလုယူသူ တစ်ဦးသာဖြစ်ပြီး သူ့ကို ဖယ်ရှားပစ်ရမယ်လို့ အတိုက်ခံဘက်မှ Delsa Solorzano  က ပြောပါတယ်။ ဒါပေမယ့် အာဏာသိမ်းဖို့အတွက် လက်နက်ကိုင် အုပ်စုတွေကို အကူအညီ တောင်းတာမျိုးကိုတော့ လက်မခံဘူးလို့ သူက ဆက်ပြောပါတယ်။

 

သဘောထားကွဲလွဲမှုတွေရှိလာ

 

နိုင်ငံတော် တရားရုံးချုပ်ကလည်း သမ္မတမက်ဒူရိုရဲ့ဘက်မှာပဲ ရှိနေပြီး အောက်လွှတ်တော်ကို အာဏာမဲ့စေခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ အတိုက်အခံတွေဘက်က လွှတ်တော်အမတ်တွေဟာ သမ္မတမက်ဒူရိုကို အာဏာစွန့်လွှတ်ဖို့ ကြေညာ ခဲ့ကြပါတယ်။ အစွန်းရောက်လွန်းတဲ့ အတိုက်အခံတွေကဆိုရင် အောက်လွှတ်တော် ဥက္ကဋ္ဌက အစိုးရရဲ့ တာဝန်တွေကို လွှဲပြောင်းယူဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလိုနဲ့ အတိုက်အခံအုပ်စုတွေကြား သဘောထားကွဲလွဲမှုတွေ ရှိလာခဲ့ပါတယ်။

 

အမေရိကန်ရဲ့လက်ချက်

 

သမ္မတမက်ဒူရိုကတော့ ငွေကြေးအဆမတန်ဖောင်းပွမှု၊ စီးပွားရေးကျဆင်းမှုတို့မှာ ဘာမှမစွမ်းနိုင်ပဲ အများရဲ့ကြားမှာ ရှုတ်ချမှုကိုခံနေရသူလည်း ဖြစ်ပါတယ်။ သို့ပေမယ့် သူဟာ အပြည်ပြည်ဆိုင်ရာနဲ့ အတိုက်အခံ အုပ်စုတွေရဲ့ ရှုတ်ချမှု၊ ပြစ်တင် ဝေဖန်မှုတွေကို လျစ်လျူရှုထားနိုင်သူလည်း ဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာနဲ့ အတိုက်အခံတွေဟာ မက်ဒူရိုကို အာဏာရှင်ဆိုပြီး သမုတ်ကြပေမယ့် သူ့ကိုယ်သူတော့ ဒီမိုကရေစီနည်းကျကျ ရွေးကောက်ခံထားရသူလို့ ယုံကြည် နေတုန်းပါပဲ။ ပြီးတော့ သူ့ရဲ့ အတိုက်အခံတွေဟာလည်း အခုအခါမှာ တကွဲတပြားစီ ဖြစ်နေကြပြီး ဒီလိုဖြစ်ရတာလည်း သူ့လက်ချက်ကြောင့် မဟုတ်ဘဲ သူတို့မှီခိုအားထားလွန်းတဲ့ အမေရိကန်ကြောင့်လို့ ပြောခဲ့ပါ တယ်။

 

အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲ

 

ဗင်နီဇွဲလားအစိုးရဟာ အမေရိကန်က သူတို့ရဲ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်လွန်းတယ်ဆိုပြီး ကာလရှည်ကြာ ဆန့်ကျင်ခဲ့ကြပါတယ်။ အထူးသဖြင့် ထရမ့် သမ္မတဖြစ်လာတဲ့နောက်ပိုင်း ဗင်နီဇွဲလားအရာရှိတွေကို ပိတ်ဆို့မှု ပြစ်ဒဏ်တွေချခဲ့ပြီး စီးပွားရေးအရလည်း ပိတ်ဆို့ခံခဲ့ရပါတယ်။ အခုလို အပြည်ပြည်ဆိုင်ရာက ကန့်ကွက်မှုတွေ ရှိနေပေမယ့် သမ္မတ မက်ဒူရိုကတော့ အရေးစိုက်ဟန်မရှိပါဘူး။ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားမယ့် သဘောမှာ ရှိပါတယ်။ ဒုတိယသမ္မတသက်တမ်းကို ဆက်လက်တာဝန်ယူသွားမယ့် ဟန်ပါပဲ။ လတ်တလောမှာတော့ စီးပွားရေး ကျဆင်းမှုတွေရော၊ တိုင်းပြည်အတွင်းကလူတွေ ပြည်ပကိုထွက်ခွာ ကုန်တာရော၊ ဒါတွေအားလုံးကိုတော့ မဖြေရှင်းနိုင်သေးပါဘူး။ ။

 

ခြူးစန္ဒီနွေး

 

ကိုးကား -အေအက်ဖ်ပီ၊ နယူးယောက်တိုင်းမ်