အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ အလုပ်သမားဝန်ကြီးဌာနရှိ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း

နေပြည်တော် ဧပြီ ၂၅

မေလ (၁) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို တစ်ဘက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိပြီး သွေးလှူဒါန်းခြင်းအားဖြင့် ခွဲစိတ်ကုသမှု ခံယူရမည့် လူနာများနှင့် ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားချိန်တွင် လိုအပ်ပါက အသုံးပြုနိုင်ရန်၊ အရေးပေါ် အခြေအနေများတွင် အဆင်သင့် အသုံးပြုနိုင်စေရန်၊ ရှားပါးသော သွေးအုပ်စု လိုအပ်သည့်လူနာများကို သွေးအလှူရှင်များမှတစ်ဆင့် ရရှိနိုင်စေရန်၊ သွေးလိုအပ်မှုကြောင့် လူ့အသက်များ မဆုံးရှုံးစေရန် မျှော်မှန်း၍ အလုပ်သမားဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပရခြင်းဖြစ်သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် အလုပ်သမားဝန်ကြီးဌာနရှိ ဝန်ထမ်းများက ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်တွင် (၅၀) နှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်တွင် (၅၀)၊ စုစုပေါင်း ဝန်ထမ်းဦးရေ (၁၀၀) က စုပေါင်း သွေးလှူဒါန်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များသည် သွေးလှူရှင် ဝန်ထမ်းများကို ဆေးဝါးများနှင့် အာဟာရပစ္စည်းများပေးအပ်၍ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်တွင် တက်ရောက်ဆေးကုသမှုခံယူနေသော တပ်မတော်သားများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၅၀ ကိုပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဧပြီ ၂၆ ရက်တွင် အလုပ်သမားဝန်ကြီးဌာနရှိ ဝန်ထမ်း (၅၀) က အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်တွင် ဆက်လက်သွေးလှူဒါန်းသွားမည်ဖြစ်သဖြင့် စုစုပေါင်း ဝန်ထမ်း (၁၅၀) သွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်