အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကင်းထောက်ကြီးများ အင်တာဗျူး

ရန်ကုန် ၂၂ စက်တင်ဘာ

မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနားကို စက်တင်ဘာလ (၂၁) ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၂)၊ စံပယ်ခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံကင်းထောက် အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်၊ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ ငြိမ်းချမ်းရေးကိုဂုဏ်ပြုပြီး “ငြိမ်းချမ်းရေး သံတမန်များ” ကင်းထောက်တေး သီချင်းကို စပ်ဆိုပေးထားသည့် ကင်းထောက်ကြီး အလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ၊ ငြိမ်းချမ်းရေးသံတမန်များ တေးသီချင်း သီဆိုသရုပ်ဖော်သူ တက္ကသိုလ်ကင်းထောက် ခေါင်းဆောင် မမြတ်ဆုမွန်တို့၏ ငြိမ်းချမ်းရေး စကားသံများကို ဖော်ပြလိုက်သည်။

 

a

 

တွေ့ဆုံမေးမြန်း - ဦးတင်မောင်လတ် (ကင်းထောက်ကြီး)

ဒေါက်တာဒေါ်တင်လှကြည်

ကင်းထောက်ချုပ်၊ 

မြန်မာနိုင်ငံကင်းထောက်အမျိုးသမီးအဖွဲ့

ငြိမ်းချမ်းရေးကို လူတိုင်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံတိုင်းလိုလားပါတယ်။ ကမ္ဘာနှင့်ချီ လိုလားတယ်၊ မြန်မာနိုင်ငံ၏ ကင်းထောက် အဖွဲ့နှစ်ခုဖြစ်တဲ့ အမျိုးသား ကင်းထောက်အဖွဲ့နှင့် ကင်းထောက်အမျိုးသမီ အဖွဲ့ဝင်များဟာ ငြိမ်းချမ်းရေး လိုလားသူများ ဖြစ်ပါတယ်။ ကင်းထောက်များ၏ ဆောင်ပုဒ်က သူတပါးကို အချိန်မရွေးကူညီမစရန် “အစဉ်အသင့်” ရှိနေရမှာဖြစ်တယ်။ ကင်းထောက်၏ ကြွေးကြော်သံမှာ  “ကောင်းမှုတစ်ခုနေ့စဉ်ပြု” ဖြစ်တယ်။ ငယ်ရွယ်သည့် ငှက်ပြာကင်းထောက်မယ်များ (Blue Bird) ကင်းထောက်ငယ် (Cub Scout) များ ငယ်ရွယ်စဉ်ကပင် နေ့စဉ်အိမ်မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ၊ ကောင်းတဲ့အမှုတစ်ခုတော့ နေ့စဉ်လုပ်ရမှာဖြစ်တယ်။ သူတစ်ပါးကို အမြဲကူညီ နိုင်ရန် ကတိ(၃)ပါးနှင့် ကျင့်ဝတ် (၁၀) ပါးကို တက်နိုင်သမျှ လိုက်နာရန်လိုအပ်တယ်။ ကျင့်ဝတ် (၁၀) ပါးအရ ကင်းထောက်များဟာ မတူကွဲပြားချင်းများကိုလည်း နားလည်ပေးကြဖို့ မေတ္တာရှေ့ထားယှဉ်တွဲနေထိုင်ကြဖို့ အချက်များလည်းပါပါတယ်။ ကျင့်ဝတ်(၁၀)ပါးကို အစဉ်လိုက်နာထိမ်းသိမ်းပြီး စွမ်းအားရှိသမျှဆောင်ရွက်ခြင်းဖြင့် မိမိပတ်ဝန်းကျင်မှာ ငြိမ်းချမ်းရေးတည်ဆောက်နိုင် မှာဖြစ်တယ်။ အတ္တစိတ်ကင်း ပရဟိတစိတ်ပွားများလာပြီး တာဝန်သိမှုဖြင့် သူတပါးကို အမြဲကူညီရန်အသင့်ရှိနေခြင်း၊ အများအကျိုး ဆောင်ကျင့်ဝတ်ကောင်းတဲ့ စည်းကမ်းရှိတဲ့ လူသားများ ဖြစ်လာမယ်။ ကျမတို့ငြိမ်းချမ်းတဲ့နိုင်ငံ ငြိမ်းချမ်းတဲ့ကမ္ဘာ တည်ဆောက်နိုင်မှာဖြစ်တယ်။ ကျမတို့ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် အတူလက်တွဲပြီး အတူနေထိုင်ကြပါစို့လို့ ဒီနေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ မြန်မာနိုင်ငံ ကင်းထောက်များကို တိုက်တွန်းလိုပါတယ်။ 

 

a

 

ဦးအေးကြိုင် 

ကင်းထောက်အစီအစဉ်မှူးချုပ်

မြန်မာနိုင်ငံကင်းထောက်အဖွဲ့

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားကို ငြိမ်းချမ်းရေးကို မြတ်နိုးကြသော ကင်းထောက် လူငယ်မောင်မယ်များက ကြီးမှူးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုတဲ့ လူမှုဝန်းကျင်ဖြစ်ဖို့ ဆောင်ရွက်ခြင်းဟာ ပြည်သူတို့အတွက် ငြိမ်းချမ်းရေးကို ရရှိစေနိုင်တဲ့ အရင်းအမြစ်တစ်ခုအဖြစ် မျှော်မှန်းလျက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ်မှာ “Climate Action for Peace” ဆိုတဲ့ ဆောင်ပုဒ်ဖြင့် စက်တင်ဘာ (၂၁) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့” (International Day of Peace) အဖြစ် သတ်မှတ်မှုအရ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်အနေနဲ့ အထူးဂုဏ်ယူစွာဖြင့် ကျင်းပခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ်တို့နဲ့ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ ပူးပေါင်းပြီး ငြိမ်းချမ်းရေး သံတမန်သင်တန်းများကို ရန်ကုန်မြို့၊ ငြိမ်းချမ်းရေးဗဟိုဌာနနှင့် နေပြည်တော် Gold Camp တို့မှာ ဖွင့်လှစ်ပို့ချခဲ့ပြီး ငြိမ်းချမ်းရေးကို မြတ်နိုးသည့် လူငယ်များပေါ်ထွန်းခဲ့ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပူးပေါင်းကူညီနိုင်ရန် လေ့ကျင့်ပေးလျက်ရှိပါတယ်။ ယနေ့အခမ်းအနားမှာလည်း ငြိမ်းချမ်းရေးသံတမန်များ ဖြစ်ကြတဲ့ ကင်းထောက်လူငယ်များ အတွက် (၂၀၁၉) ခုနှစ်ရဲ့ အမှတ်တရ အခမ်းအနားတစ်ခု ဖြစ်ပါတယ်။ 

အလင်္ကာ ကျော်စွာ ဟင်္သာတဦးမြင့်ငွေ

ကင်းထောက်ကြီး

မြန်မာနိုင်ငံကင်းထောက်အဖွဲ့


ဒီနေ့ စက်တင်ဘာ (၂၁) ရက်ကို “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” အဖြစ် ကမ္ဘာကုလသမဂ္ဂ အဖွဲ့က တရားဝင် သတ်မှတ်ထားတယ်။ တစ်ကမ္ဘာလုံးငြိမ်းချမ်းရေးကို အလေးအနက်ထားစေချင်လို့ ငြိမ်းချမ်းရေးလုပ်ငန်းဆောင်တာတွေမှာ ကျရာအခန်းကနေ တက်ကြွစွာ ပါဝင်ဆောင်ရွက်စေချင်လို့ ငြိမ်းချမ်းရေးကို အတားအဆီးဖြစ်စေမယ့် လုပ်ငန်းတွေကို လုပ်ဆောင်တဲ့သူတွေရှိလာရင်လည်းမှန်ကန်တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကိုရောက်သွားအောင် စစ်မှန်တဲ့စိတ် စေတနာတွေကို အရင်းခံထားပြီး ကူညီဆောင်ရွက်ပေးကြဖို့ သတိပေးခေါင်းလောင်းထိုးလိုက်တဲ့နေ့လို့ အဓိပ္ပါယ်ဖွင့်ချင်တယ်။

“အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ကျရောက်တဲ့အချိန်နဲ့ ယနေ့ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးကာလာက တိုက်ဆိုင်လွန်းတယ်လို့ ပြောချင်တယ်။  ငြိမ်းချမ်းရေးကို ပြည်သူတွေကလည်းတောင်းဆို အစိုးရအဖွဲ့နဲ့ တပ်မတော်ကလည်းလိုလား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကလည်း ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းနေကြတယ်။ အဖြေကောင်းတစ်ခုကို ကြားချင်နေကြတဲ့ ပြည်သူတွေကလည်း တစ်နိုင်ငံလုံးပဲလို့ ပြောရမှာပဲ။

ကျွန်တော်တို့ ကင်းထောက်အဖွဲ့ကြီးဆိုတာ ပါတီနိုင်ငံရေး အရောင်အသွေး မရှိဘူး စစ်ရေးလည်းမစွတ်ဘူး လူ့မှု့ဝန်ထမ်းသက်သက်တကယ့် NGO အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ လူမျိုးဘာသာ ဆင်းရဲချမ်းသာ အသားအရောင်မခွဲခြား ကိုယ်ယုံကြည့်ချင်တာ ယုံကြည့်ခွင့်ရှိတယ်။ ခွဲခြားဆက်ဆံတာမျိုးတော့မရှိဘူး။ တူညီတာကတော့ အားလုံးဟာလူသားတွေပဲ လူနဲ့လူခြင်း ဆက်ဆံတာပဲ လူတစ်ဖက်သား ဒုက္ခရောက်စေတဲ့ အလုပ်တွေကို မလုပ်ကြဘူး။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို လက်ကိုင်ထားတယ်။ ဒါဆိုရင်ကျွန်တော်တို့နိုင်ငံ မငြိမ်းချမ်းစရာ အကြောင်းမရှိဘူး။ 

ကမ္ဘာ့ကင်းထောက်အဖွဲ့ကြီးက အသိအမှတ်ပြုထားတဲ့ ငြိမ်းချမ်းရေးသီချင်းတစ်ပုဒ်ရှိတယ် Messengers of Peace ကိုကျွန်တော်ကရေးသားပြီးသံစဉ်များသွင်းကာ မြန်မာမှု့ပြုလိုက်တော့  “ငြိမ်းချမ်းရေး၏သံတမန်” များဆိုတဲ့ သီချင်းလေးဖြစ်သွားတယ်။ ကင်းထောက်မောင်မယ်တွေ စိတ်ပါလက်ပါ စုပေါင်းသီဆိုနေကြတယ် ငြိမ်းချမ်းရေးကို ကင်းထောက် တွေက သီချင်းနဲ့ တောင်းဆို နေကြတာ ငြိမ်းချမ်းရေးကို မလိုလားတဲ့သူမရှိဘူး အလွှာအသီးသီး လူမျိုးပေါင်းစုံတကယ့်ကို လိုလားနေကြတယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ ကျွန်တော်တို့ ကင်းထောက်မောင်မယ်တွေကလည်း ငြိမ်းချမ်းရေးကို အာသာငမ်းငမ်း လိုလားတဲ့အထဲမှာ ရှေ့ဆုံးတန်းကပါတယ်။ ဒါကြောင့်လည်း ဒီနေ့လို “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ကြိုဆိုတဲ့အနေနဲ့ ဒီပွဲကို တက်ရောက်လာတာပါ။ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အခက်အခဲတွေအမျိုးမျိုးကြားကနေ တက်ကြွစွာဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်ကြီးကလည်း ကျွန်တော်တို့နိုငံ အမြန်ဆုံးငြိမ်းချမ်းရေးရပြီး တိုင်းရင်းသား ညီအကိုမောင်နှမတွေ ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင်နဲ့ သံသယတွေပျောက် အမှန်ဘဝတွေရောက်ပါစေလို့ ကျွန်တော်တို့ ကင်းထောက်အဖွဲ့ဝင်တွေက ဆုတောင်းပေးချင်ပါတယ်။ 

 

a

 

မမြတ်ဆုမွန်

တက္ကသိုလ်ကင်းထောက်ခေါင်းဆောင်

မြန်မာနိုင်ငံကင်းထောက်အဖွဲ့

ဒီနေ့က အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ်လို့ မြန်မာနိုင်ငံအမျိုးသားကင်းထောက်အဖွဲ့နဲ့ ကင်းထောက် အမျိုးသမီးအဖွဲ့တို့ ပူးပေါင်းကာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အ.ထ.က(၂) မှာ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ (International Day of Peace) အခမ်းအနားကို ကျင်းပခဲ့ပြီး သမီးအနေနဲ့ “ငြိမ်းချမ်းရေးသံတမန်” တေးသီချင်းဖြင့် သရုပ်ဖော် သီဆိုကပြခွင့်ရခဲ့ပါတယ်။ အခမ်းအနားမှာ ကင်းထောက် ဆရာကြီး၊ ဆရာမကြီးများမှ သမီးတို့ ကင်းထောက် မောင်မယ်များအတွက် ဆုံးမစကားများ၊ ဗဟုသုတများနှင့် ငြိမ်းချမ်းရေး၏အဓိပ္ပါယ်များကို ပြောပြပေးခဲ့လို့ များစွာမှတ်သားနာယူရပါတယ်။ သမီးတို့အတွက်ကတော့ ငြိမ်းချမ်းရေးဆိုတာ ဘာလဲထက် ငြိမ်းချမ်းရေးလို့ ကြားရုံနဲ့ အမြဲငြိမ်းချမ်းခဲ့ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပွဲတွေ ငြိမ်းချမ်းရေးစကားတွေ တွေ့ဆုံပွဲတွေ တော်တော်များများ ပြုလုပ်လာပြီး ပြည်သူပြည်သားများ ငြိမ်းချမ်းရေးရဖို့ ကြိုးစားဆောင်ရွက်လာတာကို တွေ့ရပါတယ်။ လူတိုင်းလူတိုင်းဆီမှာ ကိုယ်ပိုင်ခံစားချက် အသိအမြင်တွေနဲ့အတူ ငြိမ်းချမ်းခြင်းတွေကို ဖော်ဆောင်ပြီး အေးချမ်းတဲ့ ကမ္ဘာကြီး အေးချမ်းတဲ့ ဘဝ၊ အေးချမ်းတဲ့ ငြိမ်းချမ်းမှုနဲ့အတူ ငြိမ်းချမ်းရေးသံတမန်အဖြစ်ခံယူပြီး သမီးတို့ ကင်းထောက် လူငယ်တွေလည်း တစ်တပ်တစ်အား ပါဝင်ကာ ရှေ့ဆက်ဆောင်ရွက်သွားကြပါမယ်လို့ ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်း - ဦးတင်မောင်လတ် (ကင်းထောက်ကြီး)