အပြန်အလှန်ယုံကြည်မှုတည်ဆောက်

၂၅ မတ်

 

ယုံကြည်မှုသည် လူတစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့သာမက လူ့ဘောင်လောက တစ်ခုလုံးအတွက် အရေးအကြီးဆုံး၊ အလိုအပ်ဆုံး အရာဖြစ်သည်။ ယုံကြည်မှုမရှိဘဲနှင့် မည်သည့်အရာကိုမျှ မတည်ဆောက်နိုင်၊ မဖန်တီးနိုင်ပါ။ ထို့ကြောင့် ယုံကြည်မှုကို ဦးစွာတည်ဆောက်ကြရသည်။ ယုံကြည်မှုကို ခိုင်မာစွာ တည်ဆောက်နိုင်သော လူမှုဘဝနယ်ပယ်တို့၌ အောင်မြင်ခြင်းနှင့် ပြည့်စုံနေကြသည်။

 

‘ယုံကြည်ခြင်း’ ကို အလွယ်တကူအားဖြင့် ‘ယုံကြည်ပါ’ ဟု ဆိုရုံမျှဖြင့် မလုံလောက်ချေ၊ မဖြစ်နိုင်ချေ။ အပြန်အလှန် အလေးအနက်ထားသည့် နားလည်ယုံကြည်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့လိုအပ်သလို ယုံကြည်ခြင်း၏ သဘောသဘာဝနှင့် အနက်အဓိပ္ပာယ်ကို စွဲစွဲမြဲမြဲ သိရှိနားလည်လက်ခံမှသာလျှင် ယုံကြည်မှုကို ရယူနိုင်မည်ဖြစ်သည်။ ယုံကြည်ခြင်းကို ပါဠိသဘောအားဖြင့် “သဒ္ဓါ” ဟု ဆိုသည်။ ‘ယုံကြည်’ ဟုဆိုရာ၌ ‘ယုံ’နှင့် ‘ကြည်’ ကို နှစ်မျိုးခွဲ၍ မှတ်ယူသင့်သည်။

 

‘ယုံ’သည်ဆိုရာ၌ မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ယုံမှားသံသယဖြစ်နေ၍လည်း မရချေ။ ယုံဟူသော သဒ္ဓါသည်ကား မိမိတို့လက်ခံထားသော အရာအစုကို ဧကန်ရှိ၏ဟု ယုံသည်။ ယုံသောအားဖြင့် ဆုံးဖြတ်ခြင်းသဘောဟုလည်း ကျမ်းဂန်တို့၌ ဆိုထားသည်။ ဤသို့ အမှန်ရှိသောအကြောင်းအရာ၌ ယုံခြင်းကိုသာ သဒ္ဓါအစစ်ဟု မှတ်ယူထိုက်သည်။ ‘ကြည်’ ဟုဆိုရာ၌ ကုသိုလ်ဆိုင်ရာကိစ္စ၌ ပြုလုပ်သည်ဖြစ်စေ၊ ကောင်းသောအမှုကိစ္စ၌ ပြုလုပ်သည်ဖြစ်စေ စိတ်၌ ကြည်လင်နေသော သဒ္ဓါဖြစ်သည်။ စိတ်ကို ကြည်လင်အောင် ပြုလုပ်နိုင်သော သဘောဖြစ်သည်။

 

လူတို့အနေဖြင့် ယုံခြင်းထက်ကြည်ခြင်းက ပိုမိုဖြစ်လွယ်စေ၏။ ယုံခြင်းသည် လူတို့၏ အတ္တ၊ မာန၊ ဒိဋ္ဌိ အမြင်မှားမှုများ ရှိတတ်သောကြောင့် အမှန်ပင်ဖြစ်သော်လည်း ယုံရန်မလွယ်လှချေ။ ကြည်ခြင်းမှာမူ ဖြစ်လွယ်တတ်၏။ သဒ္ဓါစိတ် အနည်းငယ်ရှိရုံမျှဖြင့် ဖြစ်လွယ်၏။ ဥပမာအားဖြင့် သူတစ်ပါး အကျိုးဆောင်ရာ၌ဖြစ်စေ၊ ကောင်းသောအမှု ပြုရာ၌ဖြစ်စေ၊ အများပြည်သူ ချမ်းသာရေး ဆောင်ရွက်ရာ၌ဖြစ်စေ ယင်းအမှုကို မြင်တွေ့ရသူ မည်သူမဆို စိတ်ကိုကြည်လင်စေနိုင်သည့် ဝမ်းမြောက်မှုမှာ သဒ္ဓါစိတ် အပေါ်မူတည်၍ အနည်း၊ အများဆိုသလို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ကြည်သဒ္ဓါကို တည်ဆောက်ပြီးမှ ယုံသဒ္ဓါသို့ တက်လှမ်းသင့်သည်။ ကြည်နှင့်စသည့် ယုံကြည်ဖြစ်သင့်သည်။

 

ယနေ့မြန်မာနိုင်ငံတွင် အဓိကအရေးတကြီး လိုအပ်နေသောအရာမှာ နယ်ပယ်အသီးသီးတွင် ယုံကြည်မှု တည်ဆောက်နိုင်ရေး ဖြစ်သည်။ ယုံကြည်မှုကို မတည်ဆောက်နိုင်သဖြင့် အာဃာတများ၊ အမုန်းတရားများ၊ ပဋိပက္ခများ အဆုံးမသတ်နိုင်ဘဲ ဖြစ်ပွားနေဆဲဖြစ်သည်။ နိုင်ငံတော်က ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ယုံကြည်မှု တည်ဆောက်နိုင်ရေးမှာ အားနည်းနေဆဲဖြစ်သည်ကို တွေ့ရသည်။

 

ရန်ကုန်မြို့တွင် မတ်လ ၂၁ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေုးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ (၁၅)ကြိမ်မြောက် အစည်းအဝေးပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီများတွင် ဆွေးနွေးချက်များကို အပြန်အလှန် အလေးအနက်မထားခြင်း၊ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိမှုများကြောင့် မလိုလားအပ်သည့် ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်း ကြားသိရသည်။

 

တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် မှီခိုနိုင်အောင် လိုအပ်သည့် ပံ့ပိုးကူညီမှုများ၊ လိုအပ်သည့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို နှစ်ဖက်ညှိနှိုင်း၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်သည်ဆိုသည့် စကားလုံးအတိုင်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် မှီခိုမှုရှိရန် လိုအပ်ကြောင်း ပြောကြားသည်ကို ကြားသိရသည်။ သို့ဖြစ်၍ တစ်ဦးနှင့်တစ်ဦး ကူညီခြင်း၊ ရိုင်းပင်းခြင်း၊ နားလည်မှုရှိခြင်း၊ သည်းခံခြင်း စသည့်ကောင်းမြတ်သည့် လုပ်ဆောင်မှုများကို ဦးစွာလုပ်ဆောင်ခြင်းဖြင့် နှစ်ဖက် စိတ်နှလုံး ကြည်လင်အောင် ကြိုးပမ်းအားထုတ်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။    ။
ကြေးမုံ