အဖွဲ့ဝင်ကောင်းတစ်ဦးအဖြစ် ဆောင်ရွက်ရေး

ကောင်းမွန်

ကျွန်တော်တို့၏ လူမှုအဖွဲ့အစည်းများ၊ လုပ်ငန်းဌာနများ၌ ခေါင်းဆောင်မှု အရည်အချင်းများနှင့်ပတ်သက်၍ သင်တန်းများပို့ချလေ့ရှိသည်။ ခေါင်းဆောင်မှု အရည်အချင်းများနှင့်ပတ်သက်၍ မျိုးစုံဖွင့်ဆိုကြသည်။ များမကြာသေးမီကပင် မိမိကိုယ်တိုင် “အောင်မြင်သည့်ခေါင်းဆောင်မှုအတွက် အရေးပါသည့်အချက် သုံးချက်” ခေါင်းစဉ်ဖြင့် အဆိုပါအချက်သုံးချက်မှာ ပြင်းပြသောဆန္ဒ၊ တစိုက် မတ်မတ် မဆုတ်မနစ်လုပ်ဆောင်မှုနှင့် မှန်ကန်သော ရှုမြင်ခံယူချက်တို့ဖြစ်ကြ ကြောင်း ရေးသားဖော်ပြခဲ့ဖူးပါသည်။ သို့ရာတွင် အဖွဲ့အစည်းများ၊ လုပ်ငန်းဌာန များ၏ အောင်မြင်မှုနောက်၌ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် အဖွဲ့ဝင်ကောင်းများ၏ အရည်အသွေးများနှင့်ပတ်သက်၍ မည်သူမျှ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြသည်ကို ကောင်းစွာမကြားမိပေ။ ခေါင်းဆောင် ကောင်းနှင့်အတူ တူညီသောရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင် ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ကတိကဝတ်ထားရှိသည့် အဖွဲ့ဝင်များ အကြား ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်မှသာ အဖွဲ့အစည်းတစ်ရပ်၊ လုပ်ငန်းဌာနတစ်ခု၏ အောင်မြင်မှုကို ဆောင်ကြဉ်းနိုင်မည်ဖြစ်သည်။

 

ကိုယ်ပိုင်အသိတရားဖြင့် ဆုံးဖြတ်ခဲ့

 

အောင်မြင်မှုအတွက် အဖွဲ့ဝင်များအကြား နားလည်မှုရှိရှိ အဖွဲ့လိုက် ထိရောက်စွာ စုစည်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ သာဓကအနေဖြင့် ၁၉၈၂ ခုနှစ်တွင် ကနေဒါလူမျိုး ဂျွန်အမ်မက် ဦးဆောင်သည့် ကနေဒါခြေလျင် တောင်တက်အဖွဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်ခဲ့ခြင်းကို ရည်ညွှန်းဖော်ပြလိုပါသည်။ ယင်းခြေလျင်တောင်တက် အဖွဲ့၏ အဖွဲ့ဝင်အားလုံးအနက် သုံးဦးသာလျှင် ဧဝရက်တောင်ထိပ်သို့ ခြေချနိုင်ခဲ့ပါသည်။ အဖွဲ့ဝင်တိုင်း၏ ဘဝတစ်သက်တာရည်မှန်းချက်မှာ ဧဝရက်တောင်ထိပ်ပေါ်၌ ခြေချနိုင်ရန်ဖြစ်သော်လည်း အဖွဲ့ဝင်အများစုတို့ သည် အခြေစခန်း၌သာ စောင့်ဆိုင်းနေကြရန် မိမိတို့၏ ကိုယ်ပိုင်အသိတရား ဖြင့် ဆုံးဖြတ်ခဲ့ကြပါသည်။

 

ယင်းကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြခြင်း၏ အဓိကအကြောင်းရင်းမှာ အဖွဲ့ဝင်တိုင်းက ဧဝရက်တောင်ထိပ်ပေါ်သို့ အရောက်လှမ်းရန် ကြိုးပမ်းကြ မည်ဆိုပါက တစ်ဖွဲ့လုံး၏ ကြိုးပမ်းချက်မှာ အချည်းနှီးဖြစ်မည်ကို အားလုံးက သဘောပေါက်ကြသောကြောင့်ပင် ဖြစ်သည်။ အဖွဲ့တစ်ခုလုံး၏ အောင်မြင်မှု အတွက် တစ်ဦးချင်းစီ၏ မျှော်မှန်းချက်၊ တစ်နည်းဆိုရသော် ၎င်းတို့တစ်ဦးချင်း ီ၏ အိပ်မက်ကို စွန့်လွှတ်ရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါသည်။

 

အမှန်စင်စစ် ယခုအကြိမ်မှာ ဂျွန်အမ်မက်အတွက် ဧဝရက်တောင်ထိပ်သို့ တက်ရန် ပထမဦးဆုံးအကြိမ် ကြိုးပမ်းမှုမဟုတ်ပေ။ ယင်းမတိုင်မီ ၁၀ နှစ်ခန့် ကလည်း ဂျွန်အမ်မက်သည် နော်ဝေးနိုင်ငံမှ သူငယ်ချင်းတစ်ဦးနှင့်အတူ နိုင်ငံ အများအပြားမှ ကမ္ဘာ့ထိပ်တန်း တောင်တက်သမားများနှင့် ဧဝရက်တောင်ထိပ် သို့ တက်ရောက်ရန် ကြိုးပမ်းခဲ့ဖူးသည်။ သို့သော် နောက်ဆုံးအချိန်ပိုင်းတွင် ၎င်းအနေဖြင့် ယင်းအစီအစဉ်မှ နောက်ဆုတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။

 

ထုတ်ဖော်ပြောကြား

 

ဂျွန်အမ်မက်က ယင်းကဲ့သို့ နောက်ဆုံးအချိန်ပိုင်းမှ နောက်ဆုတ်ရန် ဆုံးဖြတ်ခဲ့ရခြင်းမှာ အိမ်ထောင်ပြုရန်ဖြစ်ကြောင်း တရားဝင်အကြောင်းပြချက် အနေဖြင့် ဖော်ပြခဲ့သော်လည်း အမှန်စင်စစ် ယင်းမှာ ဆင်ခြေတစ်ရပ်သာဖြစ် ကြောင်း နောက်ပိုင်းတွင် ရှင်းလင်းပြောကြားခဲ့ပါသည်။ “ခရီးစဉ်၌ ကမ္ဘာ့ အတော်ဆုံးတောင်တက်သမားများ ပါဝင်ကြသော်လည်း ယင်းခရီးစဉ်မှာ အောင်မြင်မှုမရှိနိုင်ကြောင်း”၊ ခရီးစဉ်၌ လိုက်ပါကြမည့်အဖွဲ့ဝင်တိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သိက္ခာအတွက်သော်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံ့ ဂုဏ်သိက္ခာအတွက်သော်လည်းကောင်း တောင်ထိပ်သို့ မဖြစ်မနေ တက်ရောက် လိုကြမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ အခြေအနေမျိုးတွင် မည်သူကမျှ အဖွဲ့တစ်ဖွဲ့ လုံး၏ ကောင်းကျိုးအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖွယ်မရှိဟု ၎င်းအနေဖြင့် ကောင်းစွာ သဘောပေါက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

 

ဂျွန်အမ်မက်၏ စိုးရိမ်မှုမှာ မှန်ကန်ကြောင်းတွေ့ရှိရပါသည်။ တောင်တက် အဖွဲ့ဝင်များအနေဖြင့် ဧဝရက်တောင်ထိပ်သို့ တက်ရောက်ရေးနှင့်ပတ်သက်၍ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမရှိကြသည့်အပြင် တောင်တက်နေစဉ် အတောအတွင်း တစ်ချိန်တွင် ကမ္ဘာ့အတော်ဆုံး၊ ကျွမ်းကျင်မှုအရှိဆုံး တောင်တက်သမားများအချင်းချင်း ခိုက်ရန်ဖြစ်ပွားသည့်အခြေအနေသို့ပင် ရောက်ရှိခဲ့ပါသည်။

 

အဖွဲ့တစ်ဖွဲ့၊ အတိအကျဆိုရပါက “စစ်မှန်သည့်အဖွဲ့” ဆိုသည်မှာ တစ်ချိန်တည်းတွင် တစ်နေရာတည်း၌ စုပေါင်းလုပ်ကိုင်ကြသူများပါဝင်သည့် အဖွဲ့သက်သက်မဟုတ်ပေ။ “စစ်မှန်သည့်အဖွဲ့” ဆိုသည်မှာ တူညီသော ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရန် ကတိကဝတ်ထားရှိသည့် ကွဲပြားခြားနားသူ အများအပြား ပါဝင်ကြသည့် အဖွဲ့ပင်ဖြစ်သည်။

 

အဖွဲ့၏ ကောင်းကျိုးအတွက် ကတိကဝတ်ထားရှိမှု

 

အဆိုပါ အဖွဲ့ဝင်အများအပြားမှာ အတွေ့အကြုံ၊ အရည်အသွေး၊ ပညာရေး အရည်အချင်းပိုင်းနှင့်ပတ်သက်၍ မတူညီကြသော်လည်း အရေး ကြီးသည့် တူညီမှုအချက်မှာ အဖွဲ့၏ ကောင်းကျိုးအတွက် ကတိကဝတ် ထားရှိကြခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ မိသားစုအတွင်းဖြစ်စေ၊ လုပ်ငန်းခွင်၌ ဖြစ်စေ၊ သို့တည်းမဟုတ် လူမှုအဖွဲ့အစည်း၌ဖြစ်စေ အတူတကွပူးပေါင်း၍ စစ်မှန်သည့်အဖွဲ့” တစ်ခုအဖြစ် ဝိုင်းဝန်းကြိုးပမ်းကြမည်ဆိုပါက အကောင်းဆုံးရလဒ်ကို  ရရှိနိုင်မည်ဖြစ်သည်။

 

လူတို့သည် ယင်းတို့ထက် ပိုမိုကြီးကျယ်သည့် လုပ်ငန်း၊ အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လိုကြသည်ဟု နားလည်နိုင်ပါသည်။ အဖွဲ့ တစ်ခု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လှုပ်ရှားမှုက အဆိုပါ အခြေခံ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါသည်။

 

အဖွဲ့ဝင်တစ်ဦးချင်းအနေဖြင့် ယင်းတို့၏ ပံ့ပိုးမှုသည် မည်သည့်အတိုင်း အတာအထိ အကျိုးသက်ရောက်မှုရှိသည်ကို ကောင်းစွာနားလည်သင့်သည်။ ယင်းသို့နားလည်စေရန်လည်း အတတ်နိုင်ဆုံး ရှင်းလင်းပြောကြားထားသင့် သည်။ ယင်းသို့ နားလည်သည်နှင့်အမျှ အဖွဲ့ဝင်တိုင်းအနေဖြင့် ပိုမိုစိတ်အား ထက်သန်မှု ရှိလာမည်ဖြစ်ပြီး ပိုမိုကြီးကျယ်သော အောင်မြင်မှုကို ရရှိစေရန် အထောက်အကူပြုစေမည်ဖြစ်သည်။ တစ်နည်းဆိုရသော် အဖွဲ့အစည်း တစ်ရပ်၌ သက်ဆိုင်ရာအဖွဲ့ဝင်တစ်ဦးစီ၏ ပံ့ပိုးကူညီမှုကိုတန်ဖိုးထား၍ အဖွဲ့ လိုက်ထိရောက်စွာ စုစည်းဆောင်ရွက်ကြမှသာ အောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်သည်။

 

 

အစဉ်မှန်ကန်မှုရှိမည် မဟုတ်

 

စစ်မှန်သည့်အဖွဲ့” တစ်ခုဖြစ်စေရန် အဖွဲ့ဝင်များအနေဖြင့် အရည်အသွေး၊ အတွေ့အကြုံ၊ ပညာအရည်အချင်းပိုင်း၌ တူညီကြမည် မဟုတ်သော်လည်း တူညီသောကတိကဝတ်များ ထားရှိနိုင်ကြပါသည်။ အဖွဲ့ဝင်များအနေဖြင့် အခြားသောအဖွဲ့ဝင်များနှင့် ပဋိပက္ခ တစ်စုံတစ်ရာမရှိဘဲ နေထိုင် လုပ်ကိုင်နိုင်မည်ဟု မှတ်ယူထားပါကလည်း အစဉ်မှန်ကန်မှုရှိမည် မဟုတ်ပေ။ သို့ရာတွင် ကွဲပြားခြားနားချက်များနှင့်ပတ်သက်၍ ညှိနှိုင်းခြင်း၊ တူညီသော ရည်မှန်းချက်များအပေါ် အလေးထားခြင်း၊ တစ်ဦးအပေါ်တစ်ဦး ထိခိုက် နစ်နာစေရန် ခိုက်ရန်အငြင်းပွားခြင်းမပြုပါက အဖွဲ့အစည်းတစ်ခုလုံး၏ အောင်မြင်မှုအတွက် အရေးပါသည့် ခြေလှမ်းများကို မုချလှမ်းနိုင်မည် ဖြစ်ပါသည်။

 

Ref:

  • Fripp, Patricia. ''Be a team player. The Star 03.11.2011: Star Classifieds Maung Koung Mon. “အဖွဲ့ဝင်ကောင်းတစ်ဦးအဖြစ် ဆောင်ရွက်ရေး.
  • Outer Circle (သို့)အပြင်စည်းမဂ္ဂဇင်း December 2011 Koung Mon. အောင်မြင်သည့် ခေါင်းဆောင်မှုအတွက် အရေးပါသည့် အချက်သုံးချက်” Kyemon 16.11. 2018: Feature article