အပေးမှန်မှ အရမှန်ပါမည်

မင်းသိမ်း(နေပြည်တော်)

ခရီးစဉ်တစ်ခုအတွင်း ခေါင်းစဉ်ပါ စာတန်းလေးကို အမှတ်မထင် ဖတ်ခဲ့ရစဉ်က အတော်လေးကို သဘောကျ စိတ်ဝင်စားမိ ခဲ့ပါသည်။ လေးနက်သောအဓိပ္ပာယ်ကို ဖော်ဆောင်သလို ဆောင်ရန် ရှောင်ရန် ပေါင်းများစွာကို ပေါင်းစုဖော်ပြထားသည့် စာတန်းလေးဖြစ်ကြောင်း သတိထားခဲ့ပါသည်။

အရည်အချင်းသည် အရေးကြီး

ကျွန်တော်သည် စာဖတ်သည်။ စာရေးသည်။ စာရေးဆရာမဟုတ်ပါ။ တဒင်္ဂ တွေ့ကြုံမြင်တွေ့မှုအပေါ် ခံစား၍ မျှဝေပေးသူသာ ဖြစ်ပါသည်။ ကျွန်ုပ်တို့နိုင်ငံ၏ ယခုလို အချိန်အခါမျိုးတွင် ယိုယွင်းပျက်စီးနေသော ကဏ္ဍပေါင်းစုံကို ရေလောင်းပေါင်းသင် ပြုစုပျိုးထောင်ပေးမည့် ခေါင်းဆောင်ကောင်းများ မရှိမဖြစ်လိုအပ်သလို ခေါင်းဆောင်ကောင်း ပီသရန်၊ ခေါင်းဆောင် အရည်အချင်းများရှိရန် လိုအပ်ပါသည်။ အထူးသဖြင့် စနစ်အပြောင်းအလဲ၊ ခေါင်းဆောင် အပြောင်းအလဲ၊ ကဏ္ဍပေါင်းစုံ အပြောင်းအလဲများတွင် အရေးကြီးသည့် နေရာများတွင် စီမံခန့်ခွဲအုပ်ချုပ်မည့်သူများ၏ အရည်အချင်းသည်များစွာ အရေးကြီး ပေသည်။

အချို့ပုဂ္ဂိုလ်ကြီးများသည် အလုပ်အလွန်များနေကြပါသည်။ အလုပ်များခြင်းသည် အဓိကမဟုတ်၊ ကိုယ်လိုချင်သည့် ရလဒ်ကောင်းရန်သာ အဓိကဖြစ်ပါသည်။ ဟင်းလျာတိုင်း ကြက်သွန်ပါရန်လိုသော်လည်း အရသာရှိသော ဟင်းဖြစ်ရန် ကြက်သွန်ကို ဘယ်အချိန်၊ ဘယ်လိုအသုံးချရမည်ကို သိရန်သာ အဓိကဖြစ်ပါသည်။ မိမိ၏ဆောင်ရွက်ချက်ကြောင့် အခြေအနေ တစ်ခု ထူးခြားသွားခြင်း၊ အခြေအနေတစ်ခု တိုးတက်ပြောင်းလဲသွားခြင်း မျိုးဖြစ်အောင် လုပ်နိုင်ရပါမည်။

အကောင်းဆုံးဖြစ်အောင် အားထုတ်နိုင်ရမည်

အထူးသဖြင့် ကိုယ့်ဟာကိုယ် အရင်သိရမည်။ “မသိဘဲ လုပ်မိသဖြင့်မှား၊ မှားနေသည်ကို မှန်နေသည်ဟုထင်ပြီး ဆက်လုပ်၊ နောက်ဆုံးပျက်စီးသွားပါသည်။” ယနေ့ခေတ်တွင် Result Base ဆိုသည့် အချက်ကို သတိထားရန် လိုပါသည်။ တီထွင်ကြံဆနည်း၊ စိစစ်သုံးသပ်နည်းကို နားလည်ရန်နှင့်အများကို နည်းလမ်းပြနိုင်ခြင်း၊ အကြံဉာဏေ် ပးနိုင်ခြင်းများဖြင့် နောက်လိုက်များကို လုပ်ချင်စိတ်ရှိအောင် လှုံ့ဆော်ခြင်း ပြုလုပ်တတ်ရပါမည်။ အမြင်ချင်း မတူခြင်း၊ ပဋိပက္ခ ဖြစ်ခြင်းများနှင့် ရင်ဆိုင်ရသည့်အခါ ဝိရောဓိကို စီမံခန့်ခွဲခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းတတ်ရန် လိုပါသည်။ ကိုယ်တိုင်မပါလျှင် မပြီးဆိုသည့် အတွေးအခေါ်မျိုး စွန့်လွှတ်ကာ လုပ်ငန်းသေးပါက ကိုယ်တိုင်ဦးဆောင်၍ လုပ်ငန်းကြီးပါက တာဝန်ခံများခန့်၍ လုပ်ပိုင်ခွင့် လွှဲပေးနိုင်ရပါမည်။ “အရှိန်နှုန်း” နှင့် “တည်ငြိမ်မှု” သည် တိုက်ရိုက် အကျိုးဆက်နှစ်ခုဖြစ်ကြောင်း သိရပါမည်။

ပြောဆိုလုပ်ကိုင်သမျှ အကောင်းဆုံးဖြစ်အောင် အားထုတ်နိုင်ရပါမည်။ အထူးသဖြင့် ဦးဆောင်မှုပေးသူနှင့် ဦးဆောင်မှု တာဝန်ယူသူ ကွဲပြားရန် လိုပေသည်။ မိမိဖြစ်စေချင်သည့် ဆန္ဒထက် အမှန်တကယ် ဖြစ်ပျက်ပြောင်းလဲနေသည့် အခြေအနေမှန်ကို ပကတိအတိုင်း ရှုမြင်တတ်မှသာ အခြေအနေတစ်ရပ် အကြောင်းအကျိုး ဆက်စပ်မှုနှင့် အကောင်းအဆိုး နှစ်ရပ်ကိုပါ ပြတ်သားစွာ တွေ့မြင်နိုင်ပါမည်။ သို့မှသာ အခြေအနေတစ်ရပ်၏ ဇာစ်မြစ်ကို မှန်ကန်စွာ အကဲဖြတ်နိုင်ကာ ကောင်းကျိုးပြုမည့် အလားအလာများကို ရှာဖွေနိုင်စွမ်းရှိပြီး အမှားကိုဖြစ်စေနိုင်မည့် အစွန်းတရားနှစ်ပါးကိုလည်း ရှောင်ရှားနိုင်မည်သာ ဖြစ်ပေသည်။ နိုင်ငံ့ဝန်ထမ်း အရာရှိသက်တမ်း ၃၄ နှစ်ကျော် ကာလအတွင်း တွေ့ကြုံဖြတ်သန်းခဲ့သမျှ၊ သင်ကြားနာယူခဲ့သမျှကို အခြေပြု၍ အပေးမှန်ရန် ဒါမှအရမှန်နိုင်ကြောင်းကို တင်ပြသွားမည် ဖြစ်ပါသည်။

အဖွဲ့အစည်းတိုင်းတွင် “ Shapeless Group” ဟုခေါ်သည့် သဏ္ဌာန်မဲ့ အုပ်စုမျိုး ရှိနေတတ်ပါသည်။ အဝိုင်းလည်း မဟုတ်၊ လေးထောင့်လည်းမဟုတ်၊ သုံးမြှောင့်လည်း မဟုတ်၊ ခွင်ကျအောင် နေရာချသည့်အခါ အတော်လက်ဝင်သည့် ပုဂ္ဂိုလ်များ ပါဝင်သည့် အုပ်စုဖြစ်ပါသည်။ အဖွဲ့အစည်းအတွင်း ရောက်ရှိနေပြီဖြစ်၍ ဦးဆောင်မှု တာဝန်ယူသူက လုပ်ငန်း၏ အနာဂတ်အမြင်ကို အဆိုပါ ပုဂ္ဂိုလ်များသိအောင်၊ မြင်အောင်ဆောင်ရွက်ပေးရင်း တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်သည့်  Skill Building  မျိုး တည်ဆောက်နိုင်ရန်သာ အရေးကြီးပေသည်။

တီထွင်တတ်ရမည်

ယနေ့ မျက်မှောက်ခေတ်တွင် အကောင်းဆုံးလုပ်ချင်သူနှင့် လုပ်ပြချင်သူ များနေသော်လည်း ကောင်းခြင်း၊ အကောင်းဆုံး ဖြစ်ခြင်းဆိုသည့် နေရာတွင် အကောင်းဆုံးဖြစ်စေရန်အတွက် ဆက်စပ်လုပ်ငန်းများအပေါ် မည်မျှအထိ ထိခိုက်ခံနိုင်မည်ကို စဉ်းစားထားပြီး ဖြစ်ရပါမည်။ ကုန်ကျစရိတ် ပိုမြင့်လာလေ မလုပ်ရဲ မကိုင်ရဲဖြစ်လာလေ။ တစ်ခါ ယိုယွင်းလစ်ဟာမှု ဖြစ်လာလျှင် ဖြေရှင်းရမည့် တာဝန် မယူရဲ၍ ဘာမျှမလုပ်ဘဲ ထိုင်နေခြင်းမျိုး၊ ဆိုင်းငံ့ထားခြင်းမျိုး ရှိတတ်ရာ စဉ်းစားရင်း သိအောင်လုပ်ရင်းနှင့် အချိန်ကုန်လူပန်း ဖြစ်လာကြပါသည်။ မည်သည့်ကိစ္စမဆို ဆင်ခြင်တိုင်းထွာတတ်မှု ဆိုသည့်အရာကို စိတ်အလိုဆန္ဒ တစ်ခုတည်းနှင့် လုပ်၍မရသလို အသိမှား၍ အလုပ်မှားသည်၊ အလုပ်မှား၍ မှားယွင်းသည့်အသိကို ထပ်ဆင့်ဖြစ်ပွားစေသည်ကို သတိချပ်ရန် လိုပေသည်။

"We didn't do anything wrong, but somehow we lost."၊ ငါတို့ အမှားမလုပ်ခဲ့ဘူး၊ ဒါပေမယ့် ငါတို့ကျရှုံးခဲ့တယ်။ ဒီစကားစုလေးကို ကြားဖူးကြမှာပါ။ ပြိုင်ဆိုင်မှု ပြင်းထန်သည့်အချိန်တွင် စွမ်းရည်မလျော့သွားသော်လည်း ယခုလက်ရှိထက် ပိုကောင်းအောင် တီထွင်တတ်ရပါမည်။ မျှော်လင့်မထားသည့်အရာကို အမြဲတမ်း မျှော်လင့်ထားရပါမည်။

ဦးဆောင်မှုပေးသူနှင့် ဦးဆောင်မှုတာဝန်ယူသူ နှစ်ဦးလုံးအနေဖြင့် စီမံခန့်ခွဲမှုရော၊ အသွင်သ္ဌာန်ဆင်တူဟန် ရှိသော်လည်း လက်တွေ့ အသုံးချရာတွင် တစ်ခါတစ်ရံ အသွင်မတူဘဲ သူ့ကဏ္ဍအလိုက် အသုံးချရသည့် အုပ်ချုပ်မှုကိုပါ ကျွမ်းကျင်ရန် လိုအပ်ပြီး သီးခြားစွာ ခွဲခြားဆောင်ရွက်ခြင်းထက် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြောင်းကို သိရန်လိုပါမည်။

အသိနှင့်စိတ်ဓာတ်ကို ပြင်ဆင်ရန်လို

နိုင်ငံတကာရှိ အောင်မြင်နေသည့် အဖွဲ့အစည်းများသည် အုပ်ချုပ်ထောက်ပံ့မှု၊ နည်းပညာကျွမ်းကျင်မှု၊ လုပ်ငန်းအတွေ့အကြုံ၊ ပူးပေါင်း ဆောင်ရွက်မှု၊ ဆက်သွယ်မှုနှင့် စည်းကမ်း၊စေတနာတို့ ပြည့်စုံနေကြသဖြင့် သဘာဝအလျောက် ဖြစ်ပေါ်ရသည့် အလေအလွင့်၊ လူကြောင့် ဖြစ်ပေါ်ရသည့် အလေအလွင့်၊ထုတ်လုပ်မှုတွင် လိုသည်ထက် ပိုထုတ်မိခြင်း၊ ကုန်ကြမ်းပြတ် လပ်မှု၊ လူအင်အား မပြည့်စုံမှု၊ စက်ကိရိယာချွတ်ယွင်းမှု၊ စက်ကိရိယာ အဆင့်မမီခြင်း၊ လုပ်သားကျွမ်းကျင်မှု မရှိခြင်းနှင့် သိုလှောင်မှု စနစ်မကျခြင်း၊ ဝန်ထမ်းကုန်ကျစရိတ် များခြင်းများကို ရှောင်ရှားတတ်ကြပါသည်။

ဘယ်သူက ဘာအတွက်၊ ဘယ်အချိန် ဘယ်နေရာမှာ၊ ဘာကြောင့် ဘယ်လို စသည့်အချက်များကို အသေးစိတ် ကြိုတင် လေ့လာထားကြသည်။ ကောင်းမွန်သည့် အရည်အသွေးများ လျော့ကျမသွားစေရန် ကာကွယ်စောင့်ရှောက်နိုင်မှု၊ ချို့ယွင်းချက်ကို ပြန်လည်အစားထိုး ဆောင်ရွက်တတ်ခြင်းအတွက် Plan B အဆင်သင့် ရှိနေကြပါသည်။ တစ်ခါတစ်ရံ အခြေအနေအရ Plan A ကို သုံးခြင်းထက် Plan B  သုံးရန်လိုအပ်ပါက Plan B  သည်ပင် Plan A ကဲ့သို့ပင် ခိုင်မာပြည့်စုံမှု ရှိနေကြပါသည်။ များသောအားဖြင့် အရန် Plan ဟု သဘောထား ရေးဆွဲတတ်သည့် ကျွန်တော်တို့ လူမျိုးများ၏ အသိနှင့် စိတ်ဓာတ်ကို ပြင်ဆင်ရန် လိုအပ်ပါမည်။

လုပ်ငန်းကြီးတစ်ခုကို တာဝန်ယူ၊ တာဝန်ခံလုပ်ကြရာတွင် ပထမဆုံး ရိုးသားရန်လိုပေသည်။ ရိုးသားနိုင်ရန်ဆိုလျှင် သတ္တိရှိရပါမည်။ သတ္တိရှိရန်ဆိုလျှင် ကိုယ့်ဟာကိုယ် အမှန်အတိုင်း မြင်ရန်လိုပေသည်။ သို့မှသာ လူပီသသည့် လူသားတစ်ယောက် အနေဖြင့် မေတ္တာထားတတ်သည့်စိတ် ကိန်းအောင်းလာမည် ဖြစ်ပါသည်။ နေရာတကာ ငါ၊ ငါဆိုသည့် အပူသံများနှင့် ဘဝဂ်ထိညံအောင်၊ မသိမှုအဝိဇ္ဇာ အမှောင်တိုက်တွင်း တဝဲလည်လည် ကျင်လည်ကျက်စားနေသမျှ အမှားကို ဝန်ခံရန် ဝန်လေးနေသမျှ ယုံကြည်ကိုးစားထိုက်သူ မဖြစ်နိုင်ပါ။

အဖွဲ့အစည်းတစ်ခု၏ တာဝန်ခ ံခေါင်းဆောင်တိုင်းသည် မိမိဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာအတတ်ပညာ ကျွမ်းကျင်ရပါမည်။ ဇွဲရှိရမည်။ ကိုယ်ကျိုးမဖက် အများကယုံကြည်သူ ဖြစ်ရမည်။ တကြွ်ကရမည်။ သည်းခံတတ်ရမည်။ ဆင်ခြင်တုံတရား ပြည့်ဝရမည်။ ဆက်ဆံရေး ပြေပြစ်ရမည်။ ထိုးထွင်းဉာဏ် ပြည့်စုံရမည်။ ပြတ်သားစွာ ဆုံးဖြတ်တတ်ရမည်။ တရားမျှတမှု ရှိရမည်။ထို့အပြင် အလုပ်တာဝန်ပိုင်းဆိုင်ရာ လိုအပ်ချက်၊ အုပ်စုလိုက်ဆိုင်ရာ လိုအပ်ချက်နှင့် တစ်ဦးချင်းဆိုင်ရာ လိုအပ်ချက် များကို ရှာဖွေဖော်ထုတ် ဖြည့်ဆည်းပေးနိုင်ရပါမည်။ အထူးသဖြင့် အကျပ်အတည်း ကာလများတွင် နောက်ဆုံး အခြေအနေအတွက် စဉ်းစားတွေးခေါ်ပြီး ကောင်းမွန်သည့် အခြေအနေမျိုး မဖြစ်မနေရောက်အောင် လုပ်မည်ဆိုသည့် စိတ်ဓာတ်မျိုး ရှိရပါမည်။

နောက်တစ်ခုမှာ ဆွေးနွေးညှိနှိုင်းမှုပါ။ အဖွဲ့အစည်းပုံစံနှင့် လုပ်သည့်နေရာတွင် အများ၏တင်ပြမှုသည် ရှေ့ဆက်သွားမည့် အနာဂတ်မျှော်မှန်းချက်နှင့် ကိုက်ညီလျှင် ပါသင့်ပါထိုက်၊ ထည့်သွင်းစဉ်းစားထိုက်သည့် အကြောင်းအရာများကို ထည့်သွင်း ဖော်ပြရပါမည်။ ရင်ခုန်သံချင်းတူရန် အရေးကြီးပါသည်။ မိမိဖော်ဆောင်ရမည့် လုပ်ငန်း၏ Value သည် တန်ဖိုးမြင့်နေပါက ကာလတိုလုပ်မည်၊ ကာလရှည်လုပ်မည်၊ အချို့ ကာလရှည်အဝေးကို ကြည့်နေလျှင် အနီးမမြင်ဘူး။ အချို့ကာလတိုပဲစဉ်းစား၍ အဝေးမမြင်ဘူး။ အတွေ့အကြုံအရ အကြံပြုချင်သည်မှာ မည်သည့်လုပ်ငန်းဖြစ်ဖြစ် ကာလတို၊ ကာလရှည်မျှရန် လိုပါသည်။ ရှေးယခင်က လုပ်ငန်းလောကများတွင် မဟာဗျူဟာသည် နည်းဗျူဟာထက် ပိုအရေးကြီးသည်ဟု ယူဆခဲ့ကြပါသည်။

ခွဲခြားသိမြင်နိုင်စွမ်းရှိရမည်

တကယ်တော့ မဟာဗျူဟာသည် နည်းဗျူဟာကို ပြဋ္ဌာန်းလေ့ရှိခဲ့သည့်နည်းတူ နည်းဗျူဟာသည်လည်း မဟာဗျူဟာကို ပြန်ပြီး ပြဋ္ဌာန်းကာ တစ်ခါတလေ နည်းဗျူဟာကတောင် ပိုပြီးလွှမ်းမိုးသွားသည်ကို တွေ့မြင်ရပါသည်။ အချို့ကိစ္စရပ်များတွင် စီမံချက်၏ ပထမခြေလှမ်း ကြည့်လိုက်ရုံဖြင့် မဟာဗျူဟာ စီမံချက်ကြီးတစ်ခုလုံး ပြောင်းလိုက်ရခြင်းမျိုး ရှိတတ်ပါသည်။ နည်းဗျူဟာသည် ဖြစ်စဉ်ကြီးတစ်ခုကို ပုံပေါ်လာအောင် လုပ်ပေးရခြင်းဖြစ်၍ ပန်းဝင်ဖြစ်ချင်ဖြစ်မည်၊ တာထွက်ဖြစ်ချင်ဖြစ်မည်။ နှစ်ခုကြားလည်း ဖြစ်ချင်ဖြစ်မည်။ သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်က လှုပ်ရှားနေမည်ဆိုလျှင် ကိုယ့်ဘဝမှာသူများ ပါးစပ်ထဲတွင် လမ်းဆုံး သွားနိုင်ကြောင်း ဦးဆောင်မှုပေးသူနှင့် ဦးဆောင်မှု တာဝန်ယူသူနှစ်ဦးလုံး ကောင်းစွာနားလည်ရမည့်အချက် ဖြစ်ပါသည်။

အသစ်သိတာ၊ အဟောင်းကိုပယ်တာ၊ သိပြီးတာကို ပုံစံတစ်မျိုးနှင့် စဉ်းစားသည်မှာ ခေါင်းဆောင်တိုင်းအတွက် အရေးကြီးသည့် အချက် သုံးချက်ဖြစ်ပေသည်။ အမြဲတမ်း အသစ်သဘောမျိုးသိနေခြင်း၊ အဟောင်းတိုင်းသည် ခေတ်စနစ်နှင့်မညီတော့ဟု ထင်နေခြင်း၊ နည်းနည်းကျဉ်းကျဉ်း သိထားသည်ကိုပင် ပုံစံပြောင်းလိုက်ပါက ဖြစ်ပေါ်လာမည့် အခက်အခဲများ၊ ရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်ထားမှုမရှိဘဲ ဆောင်ရွက်ခြင်းမျိုးကို ရှောင်ရှားနိုင်ရပါမည်။ အရေးပေါ်လုပ်ရမည့်အလုပ်၊ အရေးကြီးပြီး အရေးပေါ်လုပ်စရာ မလိုသည့်အလုပ်၊ အရေးမကြီးသော်လည်း အရေးပေါ်လုပ်ရမည့် အလုပ်နှင့် အရေးလည်းမကြီး၊ အရေးပေါ်လည်း လုပ်စရာမလိုသည့် အလုပ်များကို ခွဲခြားသိမြင်နိုင်စွမ်း ရှိရပါမည်။

လူသားစွမ်းရည်ပါ ထည့်သွင်းစဉ်းစားလာ ယနေ့က္ဘာကြီးတွင် နိုင်ငံတကာ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို လေ့လာရာတွင် ဈေးကွက်ယှဉ်ပြိုင်မှုပုံစံဖြင့် အပြိုင်အဆိုင် ဆောင်ရွက်နေချိန်ဖြစ်၍ အရည်အသွေးတွင် ကုန်ပစ္စည်းများနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ လူသားစွမ်းရည်ပါ ထည့်သွင်းစဉ်းစားလာကြောင်း တွေ့ရှိရပေသည်။

လုပ်ငန်းနယ်ပယ်စုံကို လွှမ်းခြုံကိုင်တွယ် ဖြေရှင်းနေကြသည့် လူသားများ၏ အခန်းကဏ္ဍကို တိုးမြှင့်လိုက်ခြင်းသည် စွမ်းရည် စီမံခန့်ခွဲရေး၏ အခြေခံ သဘောတရားပင်ဖြစ်ကြောင်း သိရှိနေရန် လိုပေသည်။ လုပ်ငန်းအသီးသီး၏ တိုးတက်မှုတွင် လူသားများ၏ စွမ်းဆောင်မှု အရည်အချင်းသည် အဓိကဖြစ်၍ လုပ်ငန်းဆိုင်ရာ အတတ်ပညာ ကျွမ်းကျင်ရုံသာမက အဆိုပါ ပညာရပ်ကို လက်တွေ့အကျိုးရှိအောင် အသုံးချတတ်ရန် လိုပေသည်။ ဦးစားပေးအဆင့်များ သတ်မှတ်နိုင်ရမည့်အပြင် ပတ်ဝန်းကျင် အနေအထား ပြောင်းလဲမှုအပေါ် လိုက်လျောညီထွေ ပြောင်းလဲနိုင်ခြင်း၊ တီထွင်ကြံဆတတ်ခြင်းနှင့် တွေးခေါ် မြော်မြင်တတ်ခြင်းအပြင် အနာဂတ်အမြင်ရှိသူများ တာဝန်ယူနိုင်ပါမှ ပေးဆပ်ခြင်းနှင့်စ၍ ရယူရန်အတွက် မျှော်လင့်နိုင်မည် ဖြစ်ပါသည်။ အဖွဲ့အစည်းကို တာဝန်ယူသူ၊ တာဝန်ခံသူ ပုဂ္ဂိုလ်များ၏ အရည်အသွေးနှင့် လုပ်ငန်းသဘောသဘာဝကို ထဲထဲဝင်ဝင် သိမြင်ကျွမ်းကျင်သူများ ပါဝင်ပါက အပေးမှန်၍ အရမှန်နိုင်ပါကြောင်း တင်ပြရင်း မိုးတွင်းကာလများတွင် ချုန်းပဲချုန်း၍ မရွာသောမိုး၊ ရွာသာရွာ၍ မချုန်းသောမိုး၊ ချုန်းလည်းချုန်း ရွာလည်းရွာသော မိုးနှင့် ချုန်းလည်းမချုန်း ရွာလည်းမရွာသောမိုး လေးမျိုးအနက်၊ ချုန်းလည်းချုန်း ရွာလည်းရွာသောမိုးလို မိုးတွင်းကာလ၏ သရုပ်မှန်ကို ဖော်ကျူးနိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါကြောင်း ဖော်ပြလိုက်ရပေသည်။     ။