အပစ်အခတ်ရပ်စဲရေးကိုဦးတည်

၁၄ မေ

 

ပြည်သူအများ သိရှိကြပြီးဖြစ်သည့်အတိုင်း ကျွန်ုပ်တို့နိုင်ငံ မညီညွတ်မှုကြောင့် တိုင်းပြည်လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။ ညီညွတ်သောကြောင့် လွတ်လပ်ရေးရခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ညီညွတ်မှု ပြန်လည် ပြိုကွဲပြီး ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများနှင့် ကြုံတွေ့ခဲ့ရသည်မှာနှစ်ပေါင်း ၇၀ ကျော်ပြီ။ မငြိမ်းချမ်းမှုများ၊ စစ်ပွဲများကြောင့် တိုင်းရင်းသားပြည်သူများ ဒုက္ခပင်လယ်ဝေခဲ့ရသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။

 

ထို့ကြောင့် ပြည်သူများက စစ်ကိုမလိုလား၊ စစ်ပွဲများရပ်ဖို့ တောင်းဆိုလာကြသည်။ စစ်ပွဲများကို ပြည်သူများက မလိုလားသလိုနိုင်ငံတော်အစိုးရကလည်း မနှစ်သက်ချေ။ တပ်မတော်ကလည်း အသက်သွေး ချွေးပေးဆပ်ကာ ဆင်နွှဲလိုမည်မဟုတ်ပေ။ မငြှိမ်းသတ်နိုင်သေးသော သမိုင်းဆိုးမွေ စစ်ပွဲများနှင့် ကြုံတွေ့ နေရဆဲဖြစ်၍ စစ်ပွဲများရပ်ပါဟုပြည်သူများက ဆိုကြသည်ကို နားလည်သဘောပေါက်ပါသည်။

 

စစ်ပွဲများနှင့် ကင်းဝေးစေရန် ထာဝရငြိမ်းချမ်းရေးကို အစိုးရအဆက်ဆက် နည်းလမ်းအမျိုးမျိုး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်ဖြေရှင်းခြင်းဖြင့် မအောင်မြင်နိုင်ပုံကို ယနေ့ကြုံတွေ့နေရသည့် ပြည်တွင်းလက်နက်ကိုင်တိုက်ပွဲများက သက်သေပြလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့သည်။ ငြိမ်းချမ်းရေးအတွက် အရေးအကြီးဆုံး ပထမခြေလှမ်းဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီချက် စာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပြီးနောက် ဒီဇင်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော်၌ အဆိုပါစာချုပ်ကို ကန့်ကွက်သူမရှိ အတည်ပြုပေးနိုင်ခဲ့သည်။ ယခုအခါ NCA စာချုပ်တွင် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ ၁၀ ဖွဲ့ရှိပြီဖြစ်သည်။

 

NCA သဘောတူစာချုပ်၏ အနှစ်ချုပ်မှာ နိုင်ငံရေးပြဿနာကိုစစ်ရေးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှု ထူထောင်ကာ တန်းတူရည်တူ အခွင့်အရေးရရှိမည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန် သဘောတူထားခြင်းဖြစ်သည်။ လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့နှင့်သက်ဆိုင်သည့် အပစ်ရပ်နယ်မြေများ အတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများတွင် မိမိတို့၏အတိုင်းအတာအရ ဆောင်ရွက်ခွင့် ရှိသည်။ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နေသည့် ကာလအတွင်း ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများတွင် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

 

NCA စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်သောအခါ ထိုဒေသမှ တိုင်းရင်းသားပြည်သူများ ဝမ်းသာကြ၊ ပျော်ရွှင်ကြနှင့် စိတ်ချမ်းမြေ့စရာပင်။ NCA စာချုပ်တွင် လက်မှတ်မရေးထိုးထားသော တိုင်းရင်းသား နယ်မြေများတွင် တိုက်ပွဲများနှင့် တိုင်းရင်းသားပြည်သူများ အတိဒုက္ခရောက်နေကြသည်မှာ ယနေ့ထက်တိုင် မြင်တွေ့နေရသည်။ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါသည်ဆိုလျှင် NCA တွင် လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းရမည်ဖြစ်သည်။ NCA တွင် လက်မှတ်ရေးထိုးထားသောဒေသများတွင် သေနတ်သံများ ဆိတ်သုဉ်း နေသည်။ တိုင်းရင်းသားပြည်သူများ အေးအေးလူလူ သွားလာလုပ်ကိုင် ရောင်းဝယ်ဖောက်ကား နေထိုင်နိုင်ကြသည်။ ဒေသတစ်ခုမှ ဒေသတစ်ခုသို့ ပျော်ပျော်ရွှင်ရွှင် ဝင်ထွက်သွားလာ လည်ပတ်နိုင်ကြသည်။ NCA အကျိုးမှာ များလှသည်။ ငြိမ်းချမ်းရေးရလျှင်မူကား ဆိုဖွယ်ရာမရှိပြီ။

 

သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူများ အေးအေးချမ်းချမ်းနေရသည်ကိုမြင်လိုပါလျှင် စစ်ပွဲများကို ရပ်ရမည်။ ငြိမ်းချမ်းရေးခရီးတွင် အတူတကွပါဝင်တက်လှမ်းပြီး တူညီသော ရည်မှန်းချက်ပန်းတိုင်ခရီးသို့ ဆက်ကြရမည်။ စစ်ပွဲများကို မလိုလားပါလျှင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား လက်မှတ်ရေးထိုးရန် တိုက်တွန်းကြရမည်ဟု ဆိုချင်ပါသည်။ ။