အနုတ်လက္ခဏာပြတဲ့အထိ ကျဆင်းသွားရတဲ့ အမေရိကန် ရေနံဈေးကွက်

၂၂   ဧပြီ

ဧပြီ ၂၀ ရက်မှာတော့ ရေနံဈေးကွက်မှာ မကြုံစဖူးထူးခြားတဲ့ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ရေနံဈေး ထိုးကျသွားခြင်းပါပဲ။ ဘယ်လောက်ထိအောင်တောင် ရေနံဈေးကျဆင်းသွားသလဲဆိုရင် တချို့သော ကုန်သည်တွေဟာ သူတို့သိုလှောင်ထားတဲ့ရေနံတွေကို ဝယ်ယူမယ့်ဖောက်သည်ဆီ ရေနံဝယ်ယူခ ပိုက်ဆံပြန်ပေးရမယ့် အခြေအနေမျိုးထိအောင် ရောက်သွားပါတယ်။

သုညအောက်ထိ ထိုးဆင်းသွား

အမေရိကန် စံဈေးနှုန်း သတ်မှတ်ချက်အရတော့ ရေနံစည်တစ်စည်မှာ အမေရိကန်ဒေါ်လာ ၅ဝ အထိ ကျဆင်းသွားပြီး အဲဒီနောက်မှာတော့ သုညအောက်ထိကို ကျဆင်းသွားပါတယ်။ ဒါဟာရေနံဈေးကွက်မှာ ပထမ ဆုံးအကြိမ် အနုတ်လက္ခဏာပြသွားခြင်းပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် တစ်ကမ္ဘာလုံးက စက်ရုံ အလုပ်ရုံတွေ ဖရိုဖရဲဖြစ်ကုန်ရပြီး ကမ္ဘာ့စီးပွားရေးဟာလည်း ကျဆင်းလာရပါတယ်။ ရေနံဝယ်လိုအား ဆိုတာကလည်း မရှိသလောက် ဖြစ်သွားပါတယ်။

သိုလှောင်ထားစရာ နေရာမရှိ

မကြာသေးမီအချိန်ကပဲ ဆော်ဒီအာရေဗီးယား ဦးဆောင်တဲ့ ရေနံရောင်းချသူနိုင်ငံတွေအသင်းနဲ့ ရုရှား ဦးဆောင်တဲ့ နိုင်ငံများကြား ရေနံလျှော့ချထုတ်လုပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပေမယ့် ရေနံသိုလှောင်ထားစရာနေရာကို မရှိဖြစ်နေပါတယ်။ တစ်နေ့မှာ ရေနံစည်ပေါင်းသန်း ၁၀ဝ ထွက်ရှိနေတဲ့အတွက် အဲဒီရေနံတွေကို သိုလှောင်ထားစရာ နေရာအခက်အခဲဖြစ်နေရပါတယ်။ အခုနှစ်အစောပိုင်းမှာတော့ ရေနံဈေးနှုန်းဟာ တစ်စည်မှာ ဒေါ်လာ ၆၀ ဈေးပေါက်ခဲ့ပေမယ့် ဧပြီ ၁၇ ရက်မှာတော့ ရေနံတစ်စည်လျှင် ဒေါ်လာ ၂၀ ပဲ ရှိပါတော့တယ်။ တဖြည်းဖြည်းနဲ့ ရေနံဈေးဟာ အနုတ်ပြလာပြီး ရေနံတစ်စည်ဝယ်ယူမယ့်သူကို ဒေါ်လာ ၃၀ ပြန်ပေးရမယ့် အခြေအနေ ဖြစ်လာပါတယ်။ မေလအတွက် ကြိုတင်ရောင်းချထားတဲ့ ရေနံတွေဟာ ဧပြီ ၂၁ ရက်ဆိုရင် သတ်မှတ်ရက်ထက် ကျော်လွန်သွားပါပြီ။ ထားစရာနေရာ အခက်အခဲကြောင့် ဈေးနှုန်းဟာ အဆမတန် ကျဆင်း လာတာပါပဲ။

ရေနံမဝယ်လိုကြ

ဒါပေမယ့် အခုအချိန်မှာ ဘယ်သူမှ ရေနံမဝယ်ချင်ကြပါဘူး။ ဘာလို့လဲဆိုရင် ဒီရေနံတွေကို သိုလှောင် ထားစရာနေရာ မရှိလို့ပါပဲ။ ဇွန်လအတွက် ရေနံသဘောတူ စာချုပ်မှာတော့ ရေနံတစ်စည်မှာ အမေရိကန် ဒေါ်လာ ၂၂ ဒေါ်လာ ဈေးရှိပါတယ်။ တကယ်လို့ မင်းသာ ရေနံထုတ်လုပ်သူ ဖြစ်မယ်ဆိုရင် အခုအချိန်မှာ ဈေးကွက် ပျောက်နေပါတယ်။ သိုလှောင်ထားစရာနေရာရှိတယ်ဆိုရင်ကိုပဲ ကံကောင်းလှပါပြီလို့ သတင်းအချက်အလက် ထောက်ပံ့ရေး ကုမ္ပဏီဖြစ်တဲ့ HIS မှ ရေနံဈေးကွက် ဝန်ဆောင်ဒုတိယဥက္ကဋ္ဌ အာရွန်ဘရက်ဒီက ပြောပါတယ်။ ရေနံချက်စက်ရုံတွေကလည်း ရေနံကို ဓာတ်ဆီ၊ ဒီဇယ်နဲ့အခြားသော ထုတ်ကုန်တွေအဖြစ် ပြောင်းလဲ ထုတ်လုပ်မပေးလိုပါဘူး။ ဘာလို့လဲဆိုရင် လက်ရှိအခြေအနေအရ တစ်ကမ္ဘာလုံးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လေကြောင်းခရီးစဉ်ပြေးဆွဲမှုတွေ ရပ်နားထားရပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကလည်း သိသိသာသာကြီး ကျဆင်းနေတဲ့အတွက်ကြောင့် ရေနံချက် စက်ရုံတွေအနေနဲ့လတ်တလောမှာ ဘာမှ မလှုပ်ရှားချင်တာပါ။

အခြေအနေ ဆိုးရွားနေဆဲ

ရေနံလုပ်ငန်းအတွက် အကောင်းဘက်က ခံသာတာတစ်ခုကတော့ ယနေ့အချိန်အထိ ရေနံသိုလှောင်ကန်တွေ နေရာကျန်နေသေးတာပါပဲ။ ဇွန်လအတွက် ရေနံကြိုတင်ဝယ်ယူမှုဟာ ရေနံတစ်စည်မှာ အမေရိကန်ဒေါ်လာ ၂၀ ကျော် ဈေးပေါက်ပေမယ့် အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေတုန်းပါပဲ။ ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၃၀ ဒေါ်လာ ဈေးပေါက်ခဲ့ရင်တောင် အခြေအနေက ဆိုးရွားနေဆဲပါပဲ။ ဒီလိုအခြေအနေမှာ ရေနံတစ်စည်မှာ ဒေါ်လာ ၂၀ ဝန်းကျင် ကနေ ၁၀ ဒေါ်လာ ဝန်းကျင်ဆိုရင် တော့ လုံးဝကိုဆိုးရွားတဲ့ အခြေအနေတစ်ခုပါပဲလို့ ရေနံ သုတေသနကုမ္ပဏီဖြစ်တဲ့ Rystad Energy က အကြီးအကဲ ဖြစ်သူ အာတန်အာဘရာမို့က ပြောပါတယ်။

ဒေဝါလီခံရမယ့် အနေအထား

ရေနံကုမ္ပဏီအများစုဟာ ရေနံဈေးကောင်းတဲ့အချိန် တုန်းကတောင် အကြွေးတွေအများကြီးရှိနေတဲ့ အနေအထားပါ။ အခုလို သမိုင်းဝင်ကြုံတောင့်ကြုံခဲ ဈေးကျဆင်းတဲ့ အခြေအနေမှာတော့ သူတို့ ဆက်လက်ရှင်သန်နိုင်ဖို့ အခက်တွေ့တော့မှာပါ။ ရေနံဈေးဟာ တစ်စည်မှာ ဒေါ်လာ ၂၀ ဝန်းကျင်ဆိုရင် ၂၀၂၁ နှစ်ကုန်ပိုင်းရောက်ရင်တော့ အမေရိကန် ရေနံရှာဖွေရေးနဲ့ ထုတ်လုပ်ရေးကုမ္ပဏီပေါင်း ၅၃၃ ခုဟာ ဒေဝါလီခံရမယ့် အနေအထားဖြစ်နေပါတယ်လို့ Rystad Energy ကပြောပါတယ်။ တကယ်လို့များ ၁၀ ဒေါ်လာ ဝန်းကျင်ဆိုရင်တော့ ရေနံကုမ္ပဏီပေါင်း ၁၁၀၀ ဒေဝါလီ ခံရမယ့် အနေအထားရှိတယ်လို့ ဆက်ပြောပါတယ်။

အချိန်ယူရဦးမယ်

မေလရောက်တဲ့အထိတောင် ရေနံထုတ်လုပ်မှုပြန်စ ဖို့မဖြစ်နိုင်ပါဘူး။ ဂျက်လေယာဉ်တွေ၊ ကားတွေ၊ စက်ရုံတွေ ဟာလည်း ကိုဗစ်-၁၉ ကြောင့် ဘာမှဆက်လုပ်လို့မရဘဲ ရပ်နားထားရပါတယ်။ နောက်ပြီး အနာဂတ်မှာ ချုပ်ဆိုထား တဲ့ စာချုပ်တွေကြောင့် ရေနံဈေးဟာ အကျဘက်ကို ပိုပြီး ဦးတည်သွားရပါတယ်။ အခုရေနံထုတ်လုပ်သူတွေ အာရုံစိုက်နေတာကလည်း ဇွန်လအတွက် ဈေးကွက်ကိုပဲ ဖြစ်ပါတယ်။ လေယာဉ်တွေ အားလုံးမြေပြင်မှာ ရပ်နားထားရပြီး အပန်းဖြေဖို့အတွက်နဲ့ အလုပ်သွားဖို့အတွက် ကားအသုံးပြုမှုဟာလည်း မရှိသလောက် နည်းပါးနေတာဖြစ်လို့ ရေနံဈေးထိုးကျရတာဟာ အံ့ဩဖွယ်ရာတော့ မကောင်းလှပါဘူး။ တကယ်လို့ စီးပွားရေးတွေ ပြန်လည်စတင်ဖို့ ခွင့်ပြုလိုက်ရင်တောင် မျှော်လင့်ထားတာထက်ပိုပြီး အချိန်ယူရဦးမှာပါပဲ။

ကယ်တင်ဖို့ မစွမ်းသာ

ဆော်ဒီအာရေဗျနဲ့ ရုရှားတို့ကြား ရေနံဈေးတိုက်ပွဲ ကြောင့်လည်း ရေနံဈေးစတင်ကျဆင်းခဲ့တဲ့ အချက်ထဲမှာ ပါဝင်ပါတယ်။ ဆော်ဒီဦးဆောင်တဲ့ အိုပက်အဖွဲ့နဲ့ ရုရှား ဦးဆောင်တဲ့ ရေနံထုတ်လုပ်သူနိုင်ငံများကြား သမိုင်းဝင် ရေနံလျှော့ချထုတ်လုပ်ဖို့ သဘောတူညီချက်ရခဲ့ပေမယ့် ဝယ်လိုအား အဆမတန် လျော့ကျနေတဲ့ ရေနံဈေးကွက်ကို ကယ်တင်ဖို့ မစွမ်းသာခဲ့ပါဘူး။ အာရှမှာတော့ တိုကျိုမှာ ၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး ဟောင်ကောင်၊ ဆစ်ဒနီ၊ ဆိုးလ်နဲ့ မနီလာတို့မှာတော့ ၁ ရာခိုင်နှုန်းအောက်ကိုပဲ ကျဆင်းနေပါတယ်။ လူပေါင်း ၂ ဒသမ ၅ သန်းကို ရောဂါကူးစက်ခံခဲ့ရပြီး လူပေါင်း ၁၇၀၀၀ဝ ကို သေဆုံးစေခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် ရေနံဈေးကို ပိုမိုကျဆင်းစေခဲ့ပါတယ်။ ဒီကပ်ရောဂါဆိုးကြောင့် အချို့သောနိုင်ငံတွေ ပုံမှန်အခြေအနေပြန်ရောက်ဖို့ အချိန်ယူ ရပါဦးမယ်။

ငွေကြေးဈေးကွက်

ငွေကြေးဈေးကွက်မှာ ကြည့်မယ်ဆိုရင်လည်း ဒေါ်လာတန်ဖိုးကျဆင်းရသလို၊ တောင်ကိုရီးယားဝမ်၊ ဩစတြေးလျနဲ့ နယူးဇီလန် ဒေါ်လာ၊ ရုရှား ရူဘယ် တန်ဖိုးဟာလည်း ၁ ရာခိုင်နှုန်းကျော် ကျဆင်းရပါတယ်။

ဘယ်အချိန်မှာ စီးပွားရေးပြန်စမလဲ

အခုအချိန်မှာ အားလုံးစိတ်ဝင်စားနေကြတာကတော့ ဘယ်အချိန်လောက်မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်စနိုင် မလဲဆိုတာပါပဲ။ ဥရောပမှာ ကိုဗစ် - ၁၉ ကြောင့် ထိခိုက်မှု ဆိုးဆိုးရွားရွားခံစားရပေမယ့် ဂျာမနီနဲ့ နော်ဝေတို့မှာတော့ ပိတ်ထားတဲ့ အချို့စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ခွင့်ပေးပါတော့မယ်။ ဂျာမနီမှာ ဈေးဆိုင်အချို့ကို ပြန်ဖွင့်ခွင့်ပေးခဲ့ပြီး နော်ဝေမှာတော့ နေ့ကလေးထိန်း ကျောင်းတွေကို ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ အစိုးရတွေ အငြင်းပွားနေရတာကတော့ ဘယ်အချိန်မှာ ပိတ်ဆို့ကန့်သတ်မှုတွေကို ပြန်လည် ဖယ်ရှားပေးမလဲဆိုတာပါပဲ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူပေါင်း ၄ ဒသမ ၅ ဘီလီယံဟာ နေအိမ် အတွင်းမှာပဲ နေနေရပါတယ်။ ကမ္ဘာ့စီးပွားရေးကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ရေနံဈေးကွက် ယိုင်လဲခြင်းနဲ့အတူ အခြားသော စီးပွားရေးလုပ်ငန်းတွေဟာလည်း ကိုဗစ် -၁၉ အလွန် ကာလတွေမှာ ရုန်းကန် ရမှာကတော့ အသေအချာပါပဲ။ ။

ခြူးစန္ဒီနွေး

ကိုးကား - အေအက်ဖ်ပီ၊ နယူးယောက်တိုင်းမ်