အနုပညာအလုပ်တွေကို သေတဲ့အထိ ဆက်လုပ်သွားမယ်ဆိုတဲ့ သရုပ်ဆောင် ဂန္တဝင်

၁၅ ဒီဇင်ဘာ

ဗီစီဒီမင်းသမီးရယ်လို့နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် ဂန္တဝင်ဟာ အနုပညာအလုပ်တွေကို သေတဲ့အထိ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ ကျီးပေါင်းရောဂါကြောင့် ဇာတ်ကားမရိုက်ဖြစ်တာ သုံးနှစ်ခန့်ရှိပြီဖြစ်ပြီး အခုချိန်မှာ အနုပညာအလုပ်တွေ ဆက်လုပ်နေပြီဖြစ်ပါတယ်။

“ကျီးပေါင်းရှိတော့ကျတော့ အာရုံစိုက်တာများရင် ၊ ခေါင်းငုံ့တာများရင် ဇက်ကြောတွေတက်ပြီးမူးလို့ နားလိုက်တာ။ နားရင်းနားရင်းနဲ့ နားရတာသဘောကျပြီး ကားမရိုက်ဖြစ်တာ။ ဓာတ်ပုံတွေတော့ ရိုက်ဖြစ်ပါတယ်။ ကားရိုက်ပဲနားလိုက်တာ တခြားအနုပညာ လှုပ်ရှားမှုတွေတော့ ရှိပါတယ်” လို့ သရုပ်ဆောင် ဂန္တဝင်က ပြောပါတယ်။

ကားရိုက်တွေ ဟသွားပေမယ့် ပရိသတ်တွေ အားပေးနေတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဂန္တဝင်က “ဗီစီဒီမင်းသမီးလို့ ပရိသတ်တွေ အားပေးနေတာ ခုချိန်ထိအားပေးတုန်း ဆိုတာသိပါတယ်။ ဖန်သားပြင်နဲ့ နည်းနည်းဟသွားပေမယ့် အပြင်မှာ ဘယ်လိုမျက်နှာနဲ့ ဖြစ်ဖြစ် ပရိသတ်တွေက အမြဲမှတ်မိနေတယ်။ အမကိုအားပေးတယ်။ အမရဲ့ အောင်မြင်ခဲ့တဲ့ ဗီစီဒီသီချင်းတွေကိုလည်း ဘယ်သီချင်းမှာ ဘယ်လိုလေးသရုပ်ဆောင်တာ ဘယ်လိုလေးဝတ်ထားတာ မှတ်မိနေတယ်ဆိုတာ အမကို ခုချိန်ထိ သတိတရနဲ့ အားပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်” လို့ ဆိုပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ MRTV က ပညာပေးဇာတ်လမ်းတွဲ ရိုက်ကူးနေပါတယ်။ သရဲခေါ်နည်း ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
 

‘ဒီဇာတ်ကားထဲမှာ တက္ကသိုလ်ကျောင်းက သူငယ်ချင်းတွေအားလုံး ပျော်ပွဲစားထွက်ကြရင်းနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဦးလေးအိမ်ကို ရောက်သွားရင်း အဲဒီဦးလေးအိမ်မှာ သရဲခေါ်ကြတာကို စမ်းသပ်တာပေါ့”လို့ သရဲခေါ်နည်းဇာတ်ကား ဇာတ်လမ်းအကျဉ်းကို ပြောပြပါတယ်။ ဇာတ်လမ်းတစ်ခုမှာ ကာရိုက်တာပိုင်း လုပ်ပိုင်ခွင့်ရတဲ့ဇာတ်ကို သရုပ်ဆောင်ချင်ပြီး ဒရမ်မာကိုလည်း ပိုကြိုက်တယ်လို့ ဆိုပါတယ်။

“ကိုယ့်ကိုလာအပ်တဲ့ပေါ်မှာ လုပ်ပိုင်ခွင့်ရှိတဲ့ ဇာတ်လမ်းမျိုးဆို ရိုက်သွားမှာပါ” လို့ သရုပ်ဆောင် ဂန္တဝင်က ပြောပါတယ်။ စီးပွားရေးလုပ်ငန်းအနေနဲ့ ရှယ်ယာထည့်ဝင်ထားတာတွေရှိပြီး ကိုယ်တိုင်ထုတ်လုပ်ရေး လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

မို့မို့