အွန်လိုင်းမှ အလုပ်လျှောက်ထားခြင်းကို ဂျပန်ကျောင်းသားများ နှစ်သက်

တိုကျို ၇ ဇူလိုင်

 

ဂျပန်နိုင်ငံရှိ ကျောင်းသားများအနေဖြင့် မတ်လမှမေလအတွင်း အလုပ်အကိုင်ရှာဖွေရှာတွင် ပျမ်းမျှအားဖြင့် ယန်း ၂၉၀၀ဝ ကို သုံးစွဲခဲ့ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုက ၎င်းတို့၏ အလုပ်လုပ်ကိုင်စဉ် သယ်ယူပို့ဆောင်ရေးနှင့် နေထိုင်မှုစရိတ်များကို လျှော့ချပေးခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် အလုပ်ရှာဖွေ စုဆောင်းမှုများကို ကျောင်းသားများက စိတ်ဝင်စားခဲ့ကြကြောင်း သိရသည်။

 

Mynavi Corp မှပြုလုပ်သော သုတေသန ပြုချက်များအရ မေလတွင် ပြုလုပ်ခဲ့သော အလုပ်အင်တာဗျူးများ၏ ၉၄ ဒသမ ၇ ရာခိုင်နှုန်းကို အွန်လိုင်းမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်ကာလအတွင်း ပြင်ပတွင် မျက်နှာချင်းဆိုင် တွေ့ဆုံသော အင်တာဗျူးများအား အွန်လိုင်းတွင် ပုံစံတူဆောင်ရွက်ရန် လုပ်ငန်းများက ပြောင်းလဲဆောင်ရွက်ခဲ့သောကြောင့် ဖြစ်သည်။ Mynavi Corp မှ မေ ၂၅ ရက်နှင့် ၃၁ ရက်အကြား ဆောင်ရွက်သော သုတေသနပြုချက်ကို ကျောင်းသားပေါင်း ၂၂၀၂ ဦးက ဖြေကြားခဲ့ကြပြီး ၎င်းတို့သည် ဘွဲ့လွန် (သို့) ဘွဲ့မရရှိသေးသည့် ကျောင်းသားများဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် အလုပ်အကိုင် ရှာဖွေရာတွင် သုံးလအတွင်း ယန်း ၂၈၉၃ဝ ကို သုံးစွဲခဲ့ပြီး ယမန်နှစ်ကသုံးစွဲမှုမှာ ၈၉၄၁၅ ယန်းရှိကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားမှုက ၎င်းတို့၏ အလုပ်လုပ်ကိုင်စဉ် သယ်ယူပို့ဆောင်ရေးနှင့် နေထိုင်မှုစရိတ်များကို ယန်း ၅၀၀၀ဝ ခန့် လျှော့ချပေးခဲ့ကြောင်း သိရသည်။


ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေကြေညာထားသည့် ဧပြီနှင့် မေလအတွင်း နိုင်ငံသားများအား နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမှ တားဆီးထားသည့်အပြင် အရေးမကြီးသော လုပ်ငန်းများကိုလည်း ယာယီပိတ်ထားခဲ့သည်။ ကျောင်းသားများနှင့် လုပ်သားရှာဖွေသူများအနေဖြင့် အွန်လိုင်းတွင်ဆောင်ရွက်သည့် အင်တာဗျူး၏အကျိုးကို သိနေကြကြောင်း အထက်ပါလုပ်ငန်းမှ တာဝန် ရှိသူက ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ခ်ျကေ၊ ဘာသာပြန် - စိုးသူရ