တောင်ကြီး ဧပြီ ၂၀

 

မန္တလေး ငလျင်ကြီးဒဏ်ကြောင့် အင်းလေးဒေသ ငလျင်ဘေးသင့်ခဲ့သောနေရာများ ပြန်လည် ထူထောင်ရေးအတွက် လုပ်ငန်း များဆောင်ရွက်ရာတွင် လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရန် ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပသည်။

 

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီး ချုပ် ဦးအောင်အောင်က ငလျင်ဒဏ်သင့်သည်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းချက်များ တွေ့ရှိရသည့်အတွက် မြေပြင် ကွင်းဆင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပေးထားပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးစား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ရှင်းလင်းတင်ပြ

ထို့နောက် တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အင်းလေးဒေသ ငလျင်ဘေးသင့်ခဲ့သောနေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ လုပ်ငန်း ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲက ကလောခရိုင် ညောင်ရွှေမြို့နယ်ရှိ ဟိုတယ် ဇုန်လှေဆိပ်တွင် အင်းလေးဒေသရှိ ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် အသုံးပြု ဆောင်ရွက်မည့် စက်ကိရိယာပစ္စည်းများ၊ အဆောက်အအုံဆောက်လုပ်မည့် သစ်၊ ဝါးပစ္စည်းများ၊ SheetPile ရိုက်မည့် ပစ္စည်းများ၊ ငလျင်ဒဏ်သင့်ကျေးရွာများသို့ သောက်သုံးရန် ရေသန့်ဖြန့်ဝေပေးနေမှုများ၊ ထောက်ပံ့မည့်ပစ္စည်းများကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ် နန်းပန်မြို့ ရပ်ကွက်(၁) ကြာတောကျေးရွာ မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့် ပြည်သူများကို သွားရောက်တွေ့ဆုံ၍ ငလျင်ဒဏ်သင့်ခဲ့သော အင်းလေးဖောင်တော် ဦးဘုရားကိုလည်း နိုင်ငံတော်က ပြန်လည်ပြုပြင် ဆောင်ရွက်ပေးနေသကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အင်းလေး ဖောင်တော်ဦးဘုရား ငလျင်ဒဏ်သင့်ခဲ့ရသဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် ဘုရားရင်ပြင် ပတ်လည်အနီး Sheet Pile ရိုက် မည့်နေရာများ၊ ရင်ပြင်တော် ကျောက်ပြားခွာနေမှုများ၊ ပင်မကျောင်းဆောင် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုများ၊ လျှပ်စစ်မီးတိုင်များ ပြုပြင်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)