အင်ဂျင်နီယာ ပညာရေးနှင့် အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

မန္တလေး ၆ ဖေဖော်ဝါရီ 


အင်ဂျင်နီယာ ပညာရေးနှင့် အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် နံနက် ၉ နာရီခွဲအချိန်မှ စတင်ကျင်းပခဲ့ကြောင်း သိရသည်။


ဆွေးနွေးဟောပြောပွဲ ပထမနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(စစ်ကိုင်း)မှ ကျောင်းအုပ်ကြီး ဒေါ်ရီရီညွှန့်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး အင်ဂျင်နီယာအထူးပြုပညာရပ်ဆိုင်ရာ၊ အရည်အသွေး စိစစ် အသိအမှတ်ပြုရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်မင်းအောင်က အင်ဂျင်နီယာ အရည်အသွေး စိစစ်အသိအမှတ်ပြုရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကော်စီ တွဲဖက်အတွင်းရေးမှူး(၂) ဦးတင်လတ်၊ နည်းပညာကောလိပ်(မအူပင်)မှ ကျောင်းအုပ်ကြီး(ငြိမ်း) ဆရာကြီး ဦးစိုးဝင်းတို့က အင်ဂျင်နီယာပညာရပ်ဆိုင်ရာများကို လည်းကောင်း၊ AGTI Society မှ ဆရာကြီး ဦးဖိုးအေးက EEAC Manual for AGTI ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ ကြသည်။


ဆက်လက်၍ နေ့လယ်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်အင်ဂျင်နီယာ(ငြိမ်း) ဦးစံရင်၊ အင်ဂျင်နီယာမှူး(ငြိမ်း) ဒေါ်မြင့်မြင့်သိန်း၊ AGTI Society မှ ဆရာကြီး ဦးဖိုးအေးတို့က အသီးသီးဟောပြော ဆွေးနွေးကြပြီး တက်ရောက်လာကြသူများနှင့် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


ဟောပြောပွဲ ဒုတိယနေ့တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ  ဥက္ကဋ္ဌ ဒေါက်တာချာလီသန်းမှ “Pathway” အကြောင်းဟောပြောဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြ သည့်အပြင်  “Panel Discussions on AGTI Education in Myanmar” ခေါင်းစဉ်ဖြင့်လည်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)မှ ကျောင်း အုပ်ကြီး ဒေါ်ရီရီညွှန့်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာချာလီသန်းနှင့် အမှုဆောင်များ၊ GTI အငြိမ်းစားကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ AGTI Society ရန်ကုန်မှ အဖွဲ့ဝင်များ၊ AGTI Society(မန္တ လေးရုံးခွဲ)ဥက္ကဋ္ဌ ဦးခင်မောင်တင့်(အင်ဂျင်နီယာမှူးကြီး-ငြိမ်း)နှင့် အမှုဆောင်များ၊ ဒီဂရီကောလိပ်မှ ဆရာ၊ ဆရာ မများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၃၂၀ ကျော်တက်ရောက်ခဲ့ကြသည်။


အောင်ဖြိုးကျော်