အင်ဂိုလာနိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၄၁ ဦး သေဆုံးပြီး အပျက်အစီးများဖြစ်ပေါ်

လူအန်ဒါ ၁၁ ဇန်နဝါရီ

ယခုရက်သတ္တပတ် အစောပိုင်းကတည်းက အင်ဂိုလာနိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် လူ ၄၁ ဦး သေဆုံးခဲ့ပြီး နေရာဒေသအနှံ့အပြားတွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း အင်ဂိုလာပြည်ထဲရေးဝန်ကြီး ဆီဆာလာ ဘိုရီခါက ဇန်နဝါရီ ၉ ရက်တွင် မြို့တော် လူအန်ဒါ၌ ပြောကြားခဲ့သည်။

 

အင်ဂိုလာနိုင်ငံသည် မကြာသေးမီရက်များအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် တွေ့ကြုံခဲ့ရကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး အခြေခံအဆောက်အဦများနှင့် သီးနှံစိုက်ခင်းများ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကာ ပြည်သူအများ အသက်ဆုံးရှုံးခဲ့ရကြောင်း အင်ဂိုလာ ပြည်ထဲရေးဝန်ကြီးက အမျိုးသား အရပ်ဘက်ကာကွယ်ရေး ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအပြီးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်း ဌာနများသို့ မှတ်ချက်ပြုပြောကြားခဲ့သည်။

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး သောက်သုံးရေဖြန့်ဝေပေးသည့်စနစ်များနှင့် လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်ခဲ့သဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေခဲ့ကြောင်း အင်ဂိုလာ ပြည်ထဲရေးဝန်ကြီးက ဆက်လက် ပြောကြားသည်။

 

မြို့တော် လူအန်ဒါ၊ ဘေအီ၊ ဘန်ဂွဲလာ၊ ဟွမ်ဘို၊ ကွမ်ဇာနိတီ၊ ကွမ်ဇာဆူးလ်၊ လူအန်ဒါဆူးလ်နှင့် ဇိုင်ယာပြည်နယ်များ၌ ရေကြီးရေလျှံ မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ နေရာအနှံ့အပြားတွင် ဖြစ်ပွားခဲ့သည်ဟု အင်ဂိုလာ ပြည်ထဲရေး ဝန်ကြီးက ဆက်လက်ပြောကြားသည်။

 

အင်ဂိုလာ နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လူနေအိမ် အလုံး ၃၇၀ ပျက်စီးကာ နေအိမ် ၉၇၅ အိမ် ရေလွှမ်းခဲ့ပြီး ဘုရားရှိခိုးကျောင်း ၁၂ ကျောင်းနှင့် တံတားလေးစင်းတို့ ပျက်စီးခဲ့ရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-ဇော်ဝင်း