အင်ဒိုနီးရှားနိုင်ငံ၌ မြေပြိုမှုဖြစ်ပွားသဖြင့် ငါးဦးသေဆုံး၊ ငါးဦးပျောက်ဆုံးလျက်ရှိ

မတ် ၂၈

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရှိ ကျေးရွာနှစ်ရွာတွင် မကြာသေးမီက မြေပြိုမှုဖြစ်ပွားခဲ့ရာ ကလေးများအပါအဝင် ငါးဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအေဂျင်စီ၏ တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။ အဆိုပါမြေပြိုမှုကြောင့် ငါးဦးပျောက်ဆုံးနေဆဲဖြစ်သည်။ ဒေသတွင်းအာဏာပိုင်များ၏ပြောကြားချက်အရ နေအိမ်အလုံး ၃၀ နီးပါးနှင့် ဘာသာရေးဝတ်ပြုကျောင်းနှစ်ကျောင်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များသည် မတ်စောက်သောကမ်းပါးဒေသများတွင် ပျောက်ဆုံးနေသူများအား ရှာဖွေမှုများကို ယမန်နေ့က ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံတွင် မိုးရာသီကာလ၏မကြာသေးမီလများအတွင်း ရေကြီးမှုနှင့်မြေပြိုမှုများဆက်တိုက်ဖြစ်ပွားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို