အင်ဒိုနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီရန်တို  အနိုင်ရ

ဂျကာတာ၊ မတ် ၂၂

ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီရန်တို အနိုင်ရခဲ့ကြောင်း အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့တွင် ကြေညာခဲ့သည်။ တစ်လကျော်ကြာ မဲရေတွက်မှုပြီးဆုံးပြီးနောက် ရွေးကောက်ပွဲရလဒ်ကို အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲရလဒ်များအရ ပရာဘိုဝိုသည် ထောက်ခံမဲ ၉၆ ဒသမ ၂၁ သန်း (၅၈ ဒသမ ၆ ရာခိုင်နှုန်း) ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီးဘက်စ်ဝီဒန်သည် ၂၄ ဒသမ ၉ ရာခိုင်နှုန်း၊ ဗဟိုဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂျန်ဂျာပရာနိုဝိုက ၁၆ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့သည်။

ပရာဘိုဝိုသည် ၂၀၀၈ ခုနှစ်တွင် ၎င်း၏ကိုယ်ပိုင်ပါတီကို တည်ထောင်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်သည်။ ၂၀၁၄ နှင့် ၂၀၁၉ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုကို ရှုံးနိမ့်ခဲ့သည်။ သို့သော် အသက် ၇၂ နှစ်ရှိပြီဖြစ်သည့်အတွက် ရာထူးမှ နုတ်ထွက်မည့် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ဆက်ဆံရေးကို မြှင့်တင်ခဲ့သည်။ ဂျိုကိုဝီဒိုဒိုသည် ပရာဘိုဝိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့သည်။

ပရာဘိုဝိုသည် ဂျိုကိုဝီဒိုဒို၏ အကြီးဆုံးသား ဂီဘရန်ရာကာ ဘူမင်ရာကာကို ၎င်း၏နိုင်ငံရေးမဟာမိတ်အဖြစ် အပြန်အလှန် ရွေးချယ်ခဲ့သည်။ နိုင်ငံ၏မြို့တော်ကို ပြောင်းရွှေ့နေရာချထားခြင်း အပါအဝင် ဂျိုကိုဝီဒိုဒို၏ မူဝါဒများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွေးကောက်ခံသမ္မတ ပရာဘိုဝိုက ကတိပြုခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်