ဂျကာတာ ဇွန် ၉
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း နူဆာတန်ဂါရာပြည်နယ်ရှိ လီဝို တိုဘီ လာကီလာကီ မီးတောင်သည် ဒေသတွင်းလေဆိပ်ကို ယာယီပိတ်ထားလိုက်ရသည်အထိ ရက်အတန်ကြာ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ဆက်လက်ပေါက်ကွဲနိုင်ခြေ မြင့်မားနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
ဖလောရက်စ်ကျွန်းပေါ်ရှိ အဆိုပါမီးတောင်သည် ဇွန် ၅ ရက်မှစတင်၍ ကြိမ်ဖန်များစွာ ပေါက်ကွဲခဲ့ပြီး ကောင်းကင်ပေါ်သို့ မီးတောင်ချော်မှုန့်များ အဆက်မပြတ် လွှင့်ထုတ်လျက်ရှိကြောင်း ဒေသတွင်း မီးတောင်စောင့်ကြည့်ရေးအေဂျင်စီက ထုတ်ပြန်ထားသည်။ ဇွန် ၈ ရက်တွင် ရှစ်ကြိမ်ခန့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဇွန် ၉ ရက်၌လည်း ခြောက်ကြိမ်ထက်မနည်း ထပ်မံပေါက်ကွဲနိုင်ကြောင်း ခန့်မှန်းထားသည်။
အင်ဒိုနီးရှားအစိုးရသည် အဆိုပါ မီးတောင်နှင့်ပတ်သက်၍ ဒုတိယအမြင့်ဆုံး သတိပေးချက်ကို ဆက်လက်ထုတ်ပြန်ထားသည်။ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာ၏ အနောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာရှိ ဒေသတွင်းလေဆိပ်ကို ယာယီပိတ်ထားခဲ့ရသော်လည်း ယခုအခါ လုပ်ငန်းများ ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
ပစိဖိတ်မီးတောင်ရပ်ဝန်းဒေသတွင် တည်ရှိသည့် အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင်ရှင်အများအပြားတည်ရှိပြီး ငလျင်လှုပ်ခတ်မှုနှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
ဆင်ဟွာ


