အင်ဒိုနီးရှား-ဩစတြေးလျ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် စတင်အသက်ဝင်

ဂျကာတာ ၇ ဇူလိုင်

 

အင်ဒိုနီးရှားနှင့် ဩစတြေးလျနိုင်ငံတို့ အကြား နှစ်နိုင်ငံ ကုန်စည်များအပေါ် ကုန်သွယ်ရေးအရ အခွန်စည်းကြပ်မှု အများစုကို အပြီးဖယ်ရှားလိုက်ပြီး ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် ရည်ရွယ်လျက် သဘောတူညီခဲ့သည့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ် စတင် အသက်ဝင်နေပြီဖြစ်ကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီး အာဂတ်စ်စူပါမန်တိုက ပြောကြားသည်။

 

ဇူလိုင် ၄ ရက်တွင် စတင်အသက်ဝင်ခဲ့သည့် အင်ဒိုနီးရှား-ဩစတြေးလျ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အင်ဒိုနီးရှား ပါလီမန်လွှတ်တော်၌ အတည်ပြုခဲ့သည်။ အဆိုပါသဘောတူစာချုပ်အရ အင်ဒိုနီးရှားနိုင်ငံမှ တင်ပို့ကုန်များအားလုံးကို ဩစတြေးလျနိုင်ငံတွင် အခွန်ကောက်ခံမည် မဟုတ်သည့်အတွက် အင်ဒိုနီးရှားနိုင်ငံမှ တင်ပို့ သူများအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

 

ထို့အပြင် လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူစာချုပ်အရ အင်ဒိုနီးရှားနိုင်ငံ၌ ဩစတြေးလျနိုင်ငံမှ ထုတ်ကုန်များအပေါ် တင်ပို့ကုန် ကောက်ခံခြင်းကို ဖျက်သိမ်းလိုက်သည့်အတွက် အင်ဒိုနီးရှားစက်ရုံများက လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 

အိမ်နီးချင်းများ ဖြစ်ကြသည့် အင်ဒိုနီးရှားနှင့် သြစတြေးလျနိုင်ငံတို့သည် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံဖိုး ခန့်အထိ ကုန်သွယ်ခဲ့ကြကြောင်း သိရသည်။

 

ဆင်ဟွာ