အနောက်ပိုင်းဒေသ စိုက်ပျိုးရေးအခြေခံ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်း

၁၁  စက်တင်ဘာ

 

အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (International Fund For Agricultural Development- IFAD)သည် ကုလသမဂ္ဂ၏ အထူးအေဂျင်စီတစ်ရပ်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတို့ရှိ ကျေးလက်ပြည်သူတို့၏ အစားအစာ ရှားပါးမှုနှင့် ဆင်းရဲချို့တဲ့မှုကို တိုက်ဖျက်ရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပါသည်။ ကျွမ်းကျင်သူ ပညာရှင်တို့၏ တွက်ချက်မှုအရ ဆင်းရဲချို့တဲ့သော ကမ္ဘာ့လူသားတို့၏ ၇၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ၌ နေထိုင်ကြသော်လည်း ကမ္ဘာလုံးဆိုင်ရာ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ၏ လေးရာခိုင်နှုန်းခန့်မှာ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် ပေးအပ်နိုင်ပါသည်။

 

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှကုန်းမြေ၌ အကျယ်ပြန့်ဆုံးသော နိုင်ငံဖြစ်သကဲ့သို့ ရေရရှိမှုနှင့် ရာသီဥတု အနေအထားသည်လည်း စိုက်ပျိုးရေးကဏ္ဍအတွက် အထူးသင့်လျော်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကြား၌လည်း တည်ရှိသည်ဖြစ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပါက လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံအတွက် အလားအလာကောင်းသော ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၅၀ အထီးကျန်နေရေး မူဝါဒကြောင့် မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေးကဏ္ဍသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ဖွံ့ဖြိုးမှုနှုန်းကို မရခဲ့သည်မှာ ငြင်းကွယ်မရသည့် ပကတိအမှန်တရား ဖြစ်ပါသည်။

 

အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD) က မြန်မာနိုင်ငံအတွက် အဓိကလှုပ်ရှားမှု သုံးရပ်ကို ချမှတ်ထားပါသည်။ ပထမလှုပ်ရှားမှုသည် ကျေးလက်ပြည်သူတို့အနေဖြင့် နည်းပညာ၊ ဝန်ဆောင်မှုနှင့် ဈေးကွက်အပါအဝင် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့မှုတို့ ဖန်တီးပေးရေးဖြစ်ပါသည်။ ဒုတိယလှုပ်ရှားမှုသည် ကျေးလက်ဒေသရှိ ပြည်သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတို့ကို ဖော်ဆောင်ပေးရန်ဖြစ်ပါသည်။ တတိယလှုပ်ရှားမှုသည် တိုင်းရင်းသား လူမျိုးစုများအပါအဝင် ချို့တဲ့သူပြည်သူတို့၏ လူမှုစီးပွားရေးအခွင့်အလမ်းများ မြှင့်တင်ပေးရန် ဖြစ်ပါသည်။

 

အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD)က မြန်မာနိုင်ငံ၏ အနောက်ပိုင်းဒေသ စိုက်ပျိုးရေးအခြေခံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ချေးငွေပေးအပ်မှုကို လက်ခံရယူရန် ပြည်ထောင်စု လွှတ်တော်က ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က အတည်ပြုသဘောတူခဲ့ပါသည်။ ဤစီမံကိန်းအတွက် ချေးငွေ မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈၄ သန်းရှိပါသည်။ ဤအနောက်ပိုင်း ဒေသစိုက်ပျိုးရေးအခြေခံ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်း၌ ချင်းပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ အိမ်ထောင်စု ပေါင်း ၉၈၅၀ဝ ခန့်အား စိုက်ပျိုးရေးဆိုင်ရာ အကူအညီအထောက်အပံ့တို့ကို ပေးအပ်သွားမည်ဖြစ်ပါသည်။ အဆိုပါ မြန်မာနိုင်ငံ၏ အနောက်ပိုင်း ဒေသများသည် ဖွံ့ဖြိုးမှုနိမ့်ကျနေဆဲ ဒေသများဖြစ်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည့် ချေးငွေသည် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ (IFAD)၏ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံ၏ ပကတိ လိုအပ်ချက်များကို ထင်ဟပ်ဖော်ဆောင်နေပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏အနောက်ပိ်ုင်းဒေသစိုက်ပျိုးရေး အခြေခံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအား ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း