နေပြည်တော် မတ် ၃၀
အမှတ်(၂)အခြေခံပညာနှင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း အလုံတပ်မြို့ရှိ ကျောင်းသား ကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းနှင့် ကွန်ပျူတာအခြေခံ သင်တန်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကျော်သူရနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။
အဆိုပါသင်တန်းများ၌ ယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား သင်တန်းသူ ၆၀၊ အင်္ဂလိပ်စကားပြော သင်တန်းကို သင်တန်းသား သင်တန်းသူ ၄၀ နှင့် ကွန်ပျူတာအခြေခံသင်တန်းကို သင်တန်းသား သင်တန်းသူ ၄၀ တို့ဖြင့် ဧပြီ ၁၀ ရက်အထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


