အနှစ် (၁၀၀) ပြည့်ခဲ့ပါသော ရန်ကုန်တက္ကသိုလ်အမှတ်တရ

mdn

သတင်းဆောင်းပါး - တင်ထွန်း (တွံတေး)

 

ရန်ကုန်တက္ကသိုလ်ဟု အမည်ကြားရတိုင်း ပညာရည် နို့သောက်စို့ခဲ့ရသော အမိတက္ကသိုလ်ကို လွမ်းတသသ ဖြစ်နေဆဲပါ။ ရွှင်မြူးစရာ၊ ဂုဏ်ယူစရာ၊ တောင်ပေါ်မြေပြန့် သူငယ်ချင်းများနှင့် တွေ့ဆုံရင်းနှီးခဲ့ကြရပုံများ စသည်ဖြင့် အိပ်မပျော်သောညများဖြင့်    တမ်းတခဲ့ရပါသည်။ ပျော်ရွှင်ဖွယ်ရာ ကြည်နူးစရာများရှိခဲ့သလို ကြေကွဲစရာ၊ ဝမ်းနည်းစရာများလည်း ကြုံတွေ့ခဲ့ရပါသည်။

 

မက်ထရစ်စာမေးပွဲကို   ဝင်ရောက်ဖြေဆိုခွင့်ပြု

 

၁၉၆၂ ခုနှစ် မတိုင်မီက အခြေခံပညာရေးတွင် အခြေခံပညာအထက်တန်းကျောင်း၊ ပုဂ္ဂလိက အလွတ် ပညာသင်ကျောင်း၊ သာသနာပြုကျောင်းများ စသည်ဖြင့် ရှိခဲ့ပြီး မက်ထရစ်စာမေးပွဲမဖြေဆိုမီ နဝမတန်းအောင်မြင် ခဲ့သူ (သို့မဟုတ်) အဋ္ဌမတန်းအောင်မြင်ပြီး အသက်(၁၆)နှစ်ပြည့်ပြီးသူများသည် အခြေခံပညာအထက်တန်း ကျောင်း (သို့) ပုဂ္ဂလိက အလွတ်ပညာသင်ကျောင်းများမှ မက်ထရစ်စာမေးပွဲကို   ဝင်ရောက်ဖြေဆိုခွင့်ပြုထား သဖြင့် စာရေးသူသည် တွံတေးမြို့ အထကမှ အဋ္ဌမတန်း အောင်မြင်ခဲ့ပြီး ရန်ကုန်မြို့ စမ်းချောင်း  ညောင်တုန်း လမ်း ဆရာကြီး ဦးအောင်ကိုး၏ အောင်သိပ္ပံအလွတ် ပညာသင်ကျောင်းမှ မက်ထရစ်စာမေးပွဲကို ၁၉၅၈ ခုနှစ် တွင် အင်းစိန်စာစစ်ဌာနမှ IN 1415 ဖြင့် ဝင်ရောက် ဖြေဆိုခဲ့ရာ နှစ်ချင်းပေါက် အောင်မြင်ခဲ့ပါသည်။ ထို့အတူ အထက (တွံတေး)မှ သူငယ်ချင်းများဖြစ်သော ကိုလှထွန်း (သတင်းနှင့်    စာနယ်ဇင်းလုပ်ငန်းညွှန်ကြားရေးမှူး - ငြိမ်း)နှင့်  ကိုကျော်အေး   (ဒုတိယဗိုလ်မှူးကြီး၊ ခလရ-၉ဝ- ငြိမ်း)၊ ကိုသန့်ဇင် (တိုင်းတရားသူကြီး- ငြိမ်း) စသည် တို့ အောင်မြင်ခဲ့ကြပါသည်။

 

အောင်စာရင်းထွက်ပြီး မကြာမီပင် တက္ကသိုလ်ဝင် ခွင့်လျှောက်လွှာများ   ခေါ်ယူခဲ့ပါသည်။ ထိုအချိန်က ရန်ကုန်တက္ကသိုလ်သို့ ဝင်ခွင့်မရမီ ဥပစာအပိုင်း(က)နှင့် အပိုင်း(ခ)တို့ကို အောင်မြင်မှ တက်ရောက်ခွင့်ရှိလေရာ ဥပစာအပိုင်း(က)ကို ကြည့်မြင်တိုင် ထီးတန်းကောလိပ်၊ ရန်ကင်းကောလိပ်တို့မှ   စတင်တက်ရောက်သင်ကြား ခွင့်ပြုပါသည်။ ဥပစာ အပိုင်း(က)(ခ) ဝိဇ္ဇာဘာသာတွဲများ ကို ထီးတန်းကောလိပ်၊ ဥပစာအပိုင်း(က)(ခ) သိပ္ပံဘာသာ တွဲများကို ရန်ကင်းကောလိပ်တို့တွင် သင်ကြားခွင့်ရရန် လျှောက်ထားရပါသည်။ သို့သော် မက်ထရစ် စာမေးပွဲတွင် မည်သည့်ဘာသာတွဲဖြင့် အောင်မြင်ခဲ့သည်၊ ရမှတ် မည်မျှ ရခဲ့သည်ဖြစ်စေ   ဘာသာတွဲနှင့်  ရမှတ်အခြေအနေ ခွဲခြားထားမှုမရှိဘဲ  မိမိစွမ်းဆောင်သင်ကြား၊ သင်ယူခံ နိုင်မည်ဆိုပါက ဝိဇ္ဇာဘာသာတွဲယူခဲ့သော်လည်း သိပ္ပံ ဘာသာတွဲသို့လျှောက်ထားပြီး ဝင်ခွင့်ရနိုင်သကဲ့သို့ သိပ္ပံ ဘာသာတွဲယူခဲ့ရာမှ ဝိဇ္ဇာဘာသာတွဲသို့ လျှောက်ထားကာ ဝင်ခွင့်ရခဲ့ပါသည်။

 

စာရေးသူအနေဖြင့် ဝိဇ္ဇာဘာသာတွဲ အားသန်သဖြင့် အင်္ဂလိပ်စာ၊ မြန်မာစာနှင့်အတူ သမိုင်း၊ စိတ်ကြိုက်မြန်မာ စာ၊ တက္ကဗေဒ (Logic) (GG combination) ယူခဲ့ပါသည်။ ထိုဘာသာတွဲကြောင့်     စာရေးသူ၏    စာပေလေ့လာ ဝါသနာပါမှုအစေ့အညှောက်ကလေးသည် ဥပစာအပိုင်း (က)တွင် ဆရာကြီး  မြန်မာဂုဏ်ကျော်မြင့်၊ ဆရာကြီး ဦးခင်မောင်လှ၊ ဆရာကြီး  တက္ကသိုလ်မြတ်စိုး (ကထိက များ)၏ အရောင်တင်ပေးမှုကြောင့် ၁၉၅၈-၁၉၅၉ ခုနှစ် တွင်“အဟိနှင့်သောကြာ”စာစောင်တို့တွင် တက္ကသိုလ် မောင်မောင်တုတ် (တွံတေး) အမည်ဖြင့် စာပေနယ်ထဲသို့ စတင်ခြေချမိခဲ့ပါသည်။ ထီးတန်းကောလိပ်တွင် ဥပစာ အပိုင်း (က)နှင့် အပိုင်း(ခ)တို့ကို တက်ရောက်သင်ယူနေစဉ် အတွင်း   စာပေနယ်မှ   ရှုမဝကိုဆွေတင့်၊ တက္ကသိုလ် မင်းမော်၊ ကဗျာကြိုင်သင်း၊   တောင်တွင်းကြီးကိုဇော်လင်း (အသုံးလုံး)၊  ရွှေကူမေနှင်း၊ မမေလှထွန်းဖြူနှင့် ဆရာ ဦးအောင်သင်း၊ ကေတီကိုတင့်လွင်ထူး စသူတို့နှင့် ရင်းနှီး ကျွမ်းဝင် ချစ်ခင်ခဲ့ကြပါသည်။ ထီးတန်းကောလိပ်တွင် မြန်မာပြည်တစ်နံတစ်လျားမှ     တိုင်းရင်းသားပေါင်းစုံ သူငယ်ချင်းများနှင့် ခင်မင်ရင်းနှီးခွင့်၊ တစ်ဦး၏ ယဉ်ကျေးမှု၊ ဘာသာစကားတို့ကို လေ့လာခွင့်ရရှိခဲ့ပါသည်။

ထီးတန်းကောလိပ်တွင် ဥပစာတန်း၌ နှစ်နှစ်နေစဉ် စာပေလေ့လာခြင်းအပြင် U.T.C ခေါ် တက္ကသိုလ်အရန် တပ်ရင်းသို့   ဝင်ရောက်ပြီး   စစ်ပညာကို  အခြေခံကျကျ သင်ယူတတ်မြောက်ခဲ့ပါသည်။

 

စာပေနယ်၌သာ ကျင်လည်

 

ဥပစာအပိုင်း(ခ) အောင်မြင်ပြီးနောက် အဆောင်နေ ခွင့်လျှောက်ထားခဲ့ရာ မန္တလေးဆောင်၊ ထို့နောက် တောင်ငူ ဆောင်တို့တွင် နေခွင့်ရ၍ ဝိဇ္ဇာအပိုင်း(က)တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သဘာဝတ္ထဗေဒ (ဒဿနိကဗေဒ)၊ နိုင်ငံရေးသိပ္ပံ (Political Science) နှင့် အရှေ့တိုင်းသမိုင်းယူ၍ သင်ယူ ခဲ့ပါသည်။ မန္တလေးဆောင် အဆောင်မှူးမှာ ဒေါက်တာ ခင်မောင်ဝင်း (Philosophy)၊ ဒုတိယအဆောင်မှူးမှာ ဆရာ ဦးထွန်းဦး၊ Hall tutor  မှာ   ဆရာဦးတင်အောင်တို့ ဖြစ်ပါသည်။ မန္တလေးကျောင်းဆောင်တွင် နေထိုင်ရာမှ သူငယ်ချင်းများ ပိုမိုတိုးပွားလာပြီး တက္ကသိုလ်ကလောင် အသင်း၊ ဘောလုံး၊ လက်ဝှေ့၊ ခြင်းလုံး စသည့် အားကစား ပေါင်းစုံနှင့် စာပေနယ်၌သာ ကျင်လည်ခဲ့ပါသည်။ အဆောင် တွင် (S + R) ခေါ် အဆောင်သဟာယနှင့် စာဖတ်အသင်းရှိ၍ အခန်းတွင်း၌   ဇယ်တောက်ခြင်း၊   ပင်ပေါင်ရိုက်ခြင်း၊ အဆောင်ရှေ့တွင် ဝိုင်းဖွဲ့ခြင်းခတ်ခြင်း စသည်ဖြင့် တက္ကသိုလ် ကျောင်းသားဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရပါသည်။

 

 ရန်ကုန်တက္ကသိုလ်တွင် ဝိဇ္ဇာဘာသာတွဲများ သင်ယူ ရသော Arts Building ၊ သိပ္ပံဘာသာတွဲများ သင်ယူရသော Science Building ၊ နိုင်ငံရေးသိပ္ပံဘာသာသင်ယူရသော SS Building (Social Science Building) များ ရှိပါသည်။ ဘွဲ့နှင်းသဘင်ခန်းမဆောင်မရောက်မီ လက်ယာဘက်ခြမ်း တွင် တက္ကသိုလ်ရုံးနှင့် စာကြည့်တိုက်ရှိပါသည်။ အဓိပတိ လမ်းမှ ဝင်လာသည်နှင့် လက်ဝဲဘက်ခြမ်းတွင် မန္တလေး ဆောင်၊ တောင်ငူဆောင်၊ ရာမညဆောင်၊ အမရဆောင် အဆောင်များနှင့် အပန်းဖြေရိပ်သာ (Recreation Centre)၊ လက်ယာဘက်ခြမ်းတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အအုံ ရှိပါသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အအုံ၏ နောက်ကျော တွင် အင်းဝဆောင်၊   စစ်ကိုင်းဆောင်၊  ပင်းယဆောင်၊ ဒဂုံဆောင်၊ သထုံဆောင်၊ ပဲခူးဆောင် စသည်များရှိပါသည်။ မိန်းကလေးဆောင်များမှာ မာလာဆောင်၊ ရတနာဆောင်၊ သီရိဆောင်၊  အင်းလျားကန်အရှေ့တွင်   အင်းလျား ဆောင်ရှိပါသည်။ 

 

မြန်မာဝတ်စုံကို ဝတ်ဆင်

 

ထိုအချိန်က တက္ကသိုလ်ကျောင်းသား ဂုဏ်ဒြပ်နှင့် အညီ ကျောင်းသား  ကျောင်းသူတိုင်းလိုလို မြန်မာဝတ်စုံကို ဝတ်ဆင်ပြီး အချို့မှာ အနောက်တိုင်းဝတ်စုံကို သေသေ သပ်သပ် ဝတ်ဆင်ကြပါသည်။ အားကစားပေါင်းစုံသွား ကစားမည့်အချိန်တွင်သာ   အားကစားဝတ်စုံများကို ဝတ်ဆင်သွားခဲ့ကြသည်။

 

ဘာသာရပ်ကထိက၊   လက်ထောက်ကထိက၊ နည်းပြဆရာ ဆရာမများကလည်း မြန်မာဝတ်စုံဖြင့်လည်း ကောင်း၊ အနောက်တိုင်းဝတ်စုံပြည့်ဖြင့်လည်းကောင်း၊ ခန့်ညားစွာ ဝတ်ဆင်ပြီး  ဆရာမများကလည်း   ပဝါများ ခြုံကာ တက္ကသိုလ်မှ ဆရာ ဆရာမများဂုဏ်ကို  မြင်တွေ့ ရပါသည်။ သင်ကြားပြသပေးသော  ဆရာ ဆရာမများက လည်း အလွန်လေးစားထိုက်သူများဖြစ်ပြီး တပည့်များ နှင့် အလွန်ရင်းနှီးချစ်ခင်ကြပါသည်။ Philosophy သင်ပြ ပေးသော ဆရာကြီး ဒေါက်တာခင်မောင်ဝင်း၊ ဆရာမကြီး ဒေါ်မေစု၊ မစ္စတာ ကားလ်၊ မစ္စတာဒပ်(ချ်)တို့သည် အခါ အားလျော်စွာ တပည့်များကိုခေါ်၍ မြန်မာ့ရိုးရာမုန့်များ၊ ချပါတီ၊ အာလူးပူရီများကို ကျွေးမွေးကြပြီး  ချစ်ခင် သော်လည်း အစမ်းစာမေးပွဲများ၌   စာဖြေရာတွင် မမှန် ကန်၊ မထိုက်တန်ပါက  ရမှတ်တစ်မှတ်ပင် ပေးလေ့မရှိ အောင် ဆရာ့ဂုဏ်သိက္ခာကို ထိန်းသိမ်းခဲ့ကြပါသည်။

 

ဆရာတပည့် ဆက်ဆံရေး

 

နိုင်ငံရေးသိပ္ပံသင်ကြားပေးသော ဆရာကြီး ဦးဘညွန့် (ချစ်ဒုက္ခ) (ရုပ်ရှင်မင်းသား ဦးဝင်းဦး ၏ဖခင်)၊ ဆရာကြီး ဒေါက်တာကျော်သက်၊ဆရာကြီး ဒေါက်တာ ခင်မောင်ညွန့် တို့ အင်္ဂလိပ်လိုပြောဆိုသင်ကြားရာတွင် အလွန်ရှင်းလင်း ပြတ်သားသဖြင့်   သင်ယူနေသော ကျောင်းသားကျောင်းသူ များ၏ အကြားအာရုံတွင် မြန်မာလိုပြောနေသယောင် ထင်မှတ်ရပါသည်။ ဒဿနိကဗေဒသင်ကြားပေးသော ဆရာကြီး ဒေါက်တာခင်မောင်ဝင်းကိုလည်း ရန်ကုန် တက္ကသိုလ်ရောက်မှ သင်ဆရာအဖြစ် စတင်သိရှိခဲ့ရပါ သည်။ ဆရာကြီး၏ သင်ပြပုံမှာ အထက်က ဆရာကြီး များကဲ့သို့ ရှင်းလင်းပြတ်သားလှပါသည်။ ဘာသာရပ် အလိုက် တန်းခွဲများတွင် ကျောင်းသားဦးရေ ၂ဝ ဝန်းကျင် ခန့်သာရှိသဖြင့် ဆရာတပည့် ဆက်ဆံရေးသည် ရင်းနှီး၊ ရိုသေ၊ ချစ်ခင်ကြခြင်းဖြစ်ပါသည်။

 

မိမိတို့၏ဗီဇအလျောက် ဘောလုံး၊ ကြက်တောင်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ခြင်းလုံး၊ လှေလှော် ရွက်တိုက်၊ လက်ဝှေ့၊  အလေးမ  စသည်ဖြင့် အားကစား လုပ်သူများဖြင့်      စည်ကားနေသကဲ့သို့     စာပေ နှင့်အနုပညာတွင်လည်း  တက္ကသိုလ်  ကလောင်အသင်း၊ အနုပညာအသင်း (အဆို၊ အက၊ အရေး၊ အတီး) အစုံ အလင် တက္ကသိုလ်ရဂုံမြိုင်တစ်ခွင် အလှပန်းဆင်နေပါ သည်။  

 

ကြက်တောင်က ဂျပ်ဆင်ခန်းမတွင်ရှိပြီး ဆရာ ဦးကြည်ညွန့်က သင်ကြားပေးပါသည်။ အဆောင်လိုက် ကြက်တောင်ပြိုင်ပွဲများ ကျင်းပပေးပါသည်။ လက်ဝှေ့ကို ဆရာ ဦးတီအောင်က သင်ကြားပေးပြီး ပြိုင်ပွဲများလည်း ကျင်းပပေးပါသည်။ ကိုယ်ကာယအလှနှင့် အလေးမတို့ကို လည်းကောင်း၊ ရေကူးကို BOC ရေကူးကန်တွင်လည်း ကောင်း၊ တင်းနစ်ကို တင်းနစ်ကွင်းတွင်လည်းကောင်း သင်ယူကစားကြပါသည်။ အဆောင်တိုင်းတွင် ဧည့်ခန်း အဖြစ် S + R အခန်းရှိပြီး ထိုအခန်းထဲတွင် ဇယ်တောက်ခုံ၊ စစ်တုရင်ခုံ၊ ပင်ပေါင်ခုံများရှိ၍ ကြိုက်နှစ်သက်ရာ အပျင်း ပြေကစားနိုင်ကြပါသည်။

 

စားသောက် အပန်းဖြေကြ

 

မိမိတို့သင်ယူရမည့် ဘာသာရပ်အလိုက် Lecture အချိန်များတွင်   Lecture   လိုက်ခြင်း၊ Tutorial အချိန်များတွင် သွားရောက်ဖြေဆိုပြီး ညနေစောင်း၌ အင်းလျားဆောင်ဘက်သို့   လှည့်လည်သွားကြကာ အင်းလျားကန်နံဘေး အရိပ်ကောင်းသည့်နေရာတွင် ဘူးသီးကြော်၊ ကြက်သွန်ကြော် စသည်များ စားသောက် အပန်းဖြေကြပါသည်။     အဆောင်များ၌ ညနေ ၄ နာရီမှ ည ၇ နာရီအထိ ကြိုက်သည့်အချိန် Dining Room တွင် ထမင်းသွားစားကြပါသည်။ ယင်းအချိန်တွင် ထမင်းစား ဆောင်နံဘေး၌ ပြင်ပမှ  လာရောင်းသော ကြက်ဥ၊ ဘဲဥ (ခရမ်းချဉ်သီးနှင့်ကြော်)တစ်ပွဲ ပြား ၅၀ သာပေးရပါ သည်။ ထမင်းစားချိန်တွင် အသားမစားသူများအတွက် ဘဲဥချဉ်ရည်ဟင်းနှင့်    သက်သတ်လွတ်ဟင်းချက်ပေး ပါသည်။

 

အဆောင်တွင် နှစ်ဝက် Half year Dinner ၊ နှစ်ဆုံး Annual Dinner  ရှိပြီး ထိုနေ့တွင် အဆို၊ အကများ ထိုစဉ် က အလွန်နာမည်ကြီးသော ယိုးဒယားပြန် အမာစိန်၊ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း စသည်တို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပကြပါသည်။ ထိုနေ့တွင် မိန်းကလေးဆောင်များမှ သူငယ်ချင်းများကိုလည်းကောင်း၊    ဒွယံ၊   ဒွယံအတွဲ ရှိသူများကလည်းကောင်း၊   အဆောင်  S+R အဖွဲ့၏ တာဝန်ခံမှုဖြင့် သက်ဆိုင်ရာအမျိုးသမီး အဆောင်မှူးများ က ခွင့်ပြုပေးသဖြင့် သတ်မှတ်ချိန်အတိုင်း ကြို/ပို့ ဧည့်ခံ ကြရပါသည်။ အလွန်ပင် ကြည်နူးစရာ၊ ပျော်ရွှင်စရာအတိ ဖြစ်ပြီး “တက္ကသိုလ်၏ အလှအပ”များဟု တင်စားချင်ပါ သည်။

 

၁၉၆၁ ခုနှစ်တွင်   မြန်မာနိုင်ငံသား ဦးသန့်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူး     ချီးမြှောက်ခံရ ပါသည်။  ၁၉၅၉  ခုနှစ် မတိုင်မီကပင် အစဉ်အဆက် အရှေ့တောင်အာရှတွင် ပညာရေး၌ ထိပ်တန်းရောက်ခဲ့ သော ရန်ကုန်တက္ကသိုလ် (University of Rangoon) သည် ကမ္ဘာ့အလယ်တွင် အထွန်းတောက်ဆုံး ထိပ်တန်း အဆင့်တွင်ရှိနေရာ  နိုင်ငံအချို့မှ  ပညာတော်သင်များ မြန်မာနိုင်ငံသို့ တဖွဲဖွဲရောက်လာခဲ့ကြပါသည်။ မန္တလေး ကျောင်းဆောင်သို့ ဩစတြေးလျနိုင်ငံမှ ကျောင်းသား အချို့ဘော်ဒါအဖြစ် ရောက်လာ၍ စာရေးသူတို့နှင့် ရင်းနှီး ခွင့်ရခဲ့ပါသည်။ တစ်ဦး၏  ယဉ်ကျေးမှု   ဓလေ့ထုံးစံကို တစ်ဦးလေ့လာခွင့်ရခဲ့ပါသည်။       အချင်းချင်းလည်း ကူညီစောင့်ရှောက်ကြပါသည်။

 

မြန်မာပြည်တစ်နံတစ်လျားမှ တိုင်းရင်းသားလူမျိုး ပေါင်းစုံဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည်ဖြင့် ရန်ကုန်တက္ကသိုလ်၏ ပညာရည်နို့ သောက်စို့ရန်လာကြသည်နှင့်အမျှ   လူမျိုးအသီးသီး၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို    ဖလှယ်ခွင့်ရခဲ့ပါသည်။ ကံ့ကော်မြိုင်တန်းနှင့်  အေးချမ်းစွာရှိနေသော အင်းလျား ရေပြင်သည်   ပြည်ထောင်စုအစိုးရခေတ် ၁၉၆၀-၁၉၆၁ ခုနှစ်တွင် လှိုင်းတံပိုးရိပ်စတင်ဖြစ်လာသည်။

 

မမျှော်လင့်သော  လှိုင်းတံပိုးရိပ်က “ဟောင်ကောင် စားတော်ဆက်”တွင်   ရန်ကုန်တက္ကသိုလ်ကျောင်းသား အချို့နှင့် ဆေးကျောင်းသားအချို့ ဆိုင်အလုပ်သမားများနှင့် အချင်းများခဲ့သည့်ကိစ္စ စတင်ဖြစ်ပေါ်လာသည်။ ၁၉၆၁ ခုနှစ်တွင် တက္ကသိုလ်ပညာရေးလည်း  လှုပ်လှုပ်ရှားရှား ဖြစ်လာပါသည်။    ပါမောက္ခချုပ်   ဒေါက်တာလှမြင့် လက်ထက်တွင်  စာမေးပွဲနှင့်ပတ်သက်၍ Supplementary Exam    ပြန်လည်ကျင်းပပေးရန်   တောင်းဆိုခဲ့ကြ၍ ထိုစာမေးပွဲကို ပြန်လည်ကျင်းပပေးခဲ့ပါ၏။

 

ပြဿနာအနည်းငယ်ဖြစ်သွားခဲ့

 

တက္ကသိုလ်ရှိ အဆောင်အသီးသီးတွင် ညနေထမင်း စားချိန်၌  အစဉ်အလာဖြစ်သော  ညနေ ၄ နာရီမှ ည ၇ နာရီအထိ  Dining  Room တွင်    စားခွင့်ပြုခဲ့ခြင်းကို ပါမောက္ခချုပ်ဆရာကြီး ဦးကာလက်ထက်တွင် ညနေထမင်း စားချိန်ကို ညနေ ၆ နာရီမှ ည ၇ နာရီသို့ ပြောင်းလဲ လိုက်သဖြင့်   ကျောင်းသားများက  ယခင်အချိန်အတိုင်း တင်ပြခဲ့ကြရာ ပြဿနာအနည်းငယ်ဖြစ်သွားခဲ့ပါသည်။

 

သန့်ရှင်းဖဆပလလက်ထက်တွင်        ဖက်ဒရယ် ပြည်ထောင်စုကိစ္စအပေါ်  အတွေးအခေါ်အမျိုးမျိုးယူဆ ကြပြီး ပြည်နယ်/တိုင်းများ၌ မငြိမ်မသက်ဖြစ်လာကာ တော်လှန်ရေးကောင်စီက အုပ်ချုပ်ရေးတာဝန်ကို လွှဲပြောင်း ယူလိုက်သည်။၁၉၆၂ ခုနှစ် ဇူလိုင်လ  ၈ ရက် တနင်္ဂနွေနေ့ နံနက် အရုဏ်တက်ချိန်တွင် သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အအုံလည်း ဖောက်ခွဲ ခံရပြီး တက္ကသိုလ်ကို ရက်ရှည်ပိတ်လိုက်သည်။  နောက် ပိုင်း  ပြန်ဖွင့်လိုက်၊  ပိတ်လိုက်ဖြင့် ကမ္ဘာ့နိုင်ငံများ၌ပင် ကျော်ကြားခဲ့သော ရန်ကုန်တက္ကသိုလ်၏ ပုံရိပ်မှာ မှုန်မှုန် မွှားမွှားဘဝမှ လုံးဝအမေ့ခံအဆင့်သို့ ရောက်သွားခဲ့ပါသည်။ ၁၉၆၂-၁၉၆၃ ခုနှစ်နှင့် နောက်ပိုင်းဘွဲ့ရသူများကို ဂုဏ်ဒြပ် ထည်ဝါလှသော ဘွဲ့နှင်းသဘင်ခန်းမတွင် ဘွဲ့အပ်နှင်းခြင်း အစား    ရန်ကုန်အောင်ဆန်းအားကစားပြိုင်ကွင်းတွင် လည်းကောင်း၊ မြင်းပြိုင်ကွင်း  ခန်းမများတွင်လည်းကောင်း ဘွဲ့အပ်နှင်းခြင်းကို  ကျင်းပပေးခဲ့ပါသည်။

 

၁၉၅၈ ခုနှစ်  ထီးတန်းကောလိပ်မှအစပြုခဲ့သော တက္ကသိုလ်ကျောင်းသားကြီးများ    ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကြီးကို မြင်သာမြင်ရမကြင်ခဲ့ရသော ဘဝဖြစ်၍ ပိုမိုပြီး လွမ်းမောတသခြင်းဖြစ်ရပါတော့သည်။ ရန်ကုန်တက္ကသိုလ်ဟုဆိုလိုက်သည်နှင့် အဓိပတိလမ်း၊ ဘွဲ့နှင်းသဘင်ခန်းမ၊  သစ်ပုပ်ပင်ကြီး၊  စာကြည့်တိုက်၊ အပန်းဖြေရိပ်သာနှင့်   ဦးချစ်လက်ဖက်ရည်ဆိုင်တို့သည် မမေ့နိုင်သော   ပြယုဂ်ဖြစ်၍ စွဲမြဲကျန်ရှိနေပါသည်။ တက္ကသိုလ်ဘောလုံး     အသင်းနည်းပြကထိက ဆရာငြိမ်း ကိုလည်း အမှတ်ရဆဲပါ။ ဆဲဗင်းဇူလိုင်   အရေးအခင်း ကြောင့် ကျောင်းသား ကျောင်းသူအချို့ အယူဝါဒအစွဲအရ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများသို့ ဝင်ရောက် သွားခဲ့ကြပါသည်။

 

တက္ကသိုလ်မှ    ဘွဲ့ရပြီးနောက်   တပ်မတော်သို့ ဝင်ရောက်သွားသူများ၊        ဝန်ကြီးဌာနအသီးသီးသို့ ဝင်ရောက်သွားသူများ၊  ဥပဒေပညာဆက်လက်သင်ယူပြီး အသက်မွေးဝမ်းကျောင်းပြုသူများ၊ ယခင်က Faculty of Education   (University   of   Education) သို့ ထပ်မံတက်ရောက်သွားသူများ စသည်ဖြင့်လည်းကောင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ၊ နိုင်ငံခြားတွင်သွားရောက်လုပ်ကိုင်ကြသူများ       စသည်ဖြင့် လည်းကောင်း    ရန်ကုန်တက္ကသိုလ်ကို လွမ်းတသသ၊ ဆွေးတမြည့်မြည့်ဖြင့် ခွဲခွာခဲ့ကြရပါသည်။

 

စာရေးသူအပါအဝင် သူငယ်ချင်းများတွင် သက်ရှိ ထင်ရှားရှိနေသူများအားလုံး အသက် ၈၀ နှင့် ၈၀ ကျော် ရှိနေကြ၍ မှတ်မိသမျှကို အလွမ်းပြေတင်ပြခြင်းဖြစ်၍ အပြည့်အစုံမရှိခဲ့ငြားအံ့၊ အမှားအယွင်း   ရှိခဲ့ငြားအံ့ သည်းခံခွင့်လွှတ်ဖတ်ရှုပေးပြီး ဖြည့်စွက်သတိရ လွမ်းဆွတ် ပေးကြပါရန် အထူးမေတ္တာရပ်ခံရပါကြောင်း။        ။

 

1