အနာဂတ်ထောင်စုနှစ်များသို့တိုင်

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ လက်ရှိရာစုနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်းမြင့်မားသည့် နိုင်ငံကြီး နှစ်နိုင်ငံ၏ကြားတွင် တည်ရှိနေရာ ထူးခြားသည့် အခြေအနေနှင့် အခွင့်အလမ်းများကို ပိုင်ဆိုင်ထားသည် ဟူ၍ ရှုမြင်မှုများရှိသည်။ ယဉ်ကျေးမှုအရလည်းကောင်း၊ သမိုင်းကြောင်းအရလည်းကောင်း၊ ရေမြေတစ်ကြောတည်း ဆက်စပ်တည်ရှိမှုအရလည်းကောင်း အဆိုပါနိုင်ငံကြီးနှစ်နိုင်ငံအကြား တည်ရှိနေသည့် မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားမှာလည်း နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာတွင် အရေးပါကြောင်း လေ့လာတွေ့ရှိနိုင်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၏ အခြေခံမှာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅) ချက်ဖြစ်သည်။ အဆိုပါ မူကြီး (၅) ချက်ကို ၁၉၅၄ ခုနှစ်တွင် မြန်မာ-အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင် များက ချမှတ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ မူကြီး(၅) ချက်မှာ-

(၁) တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ 

(၂) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုရန်၊

 (၃) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်၊ 

(၄) တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်၊ 

(၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်တို့ ဖြစ်သည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်ကို ချမှတ်ခဲ့သည့် နှစ်ပေါင်း(၆၀) ကျော်လာခဲ့ပြီဖြစ်သော ယနေ့ အချိန်အခါတွင်မူ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှာ ဖွံ့ ဖြိုးတိုးတက်သော နိုင်ငံများ၊ အင်အားကြီးနိုင်ငံများ အဆင့်ဆီသို့ တက်လှမ်းခဲ့ကြပြီဖြစ်သည်။ ယနေ့ကာလတွင် လူဦးရေ ၁ ဒသမ ၂ ဘီလီယံရှိသော အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးသော ဒီမိုကရေစီနိုင်ငံကြီးဖြစ်လာသည်။ ကိုးကွယ် သည့်ဘာသာ၊ ပြောဆိုသည့်စကားတို့ ကွဲပြားကြပြီး လူမျိုးစုအလိုက် သီးခြားလက္ခဏာများ ရှိကြသူများ စုပေါင်းနေထိုင်ကြသော ဖက်ဒရယ်ပြည်ထောင်စု ပုံစံဖွဲ့စည်းထားသည့် အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံများမှ မိမိတို့ လေ့လာသင်ယူစရာများ ရှိနေသည်။

ထို့အပြင် ၁၉၉၁ ခုနှစ်တွင် ဈေးကွက်အခြေခံစီးပွားရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ပြီးနောက်ပိုင်း ဖွံ့ ဖြိုးတိုးတက်မှု အရှိန်အဟုန် မြင့်မြင့်မားမားရရှိကာ ကမ္ဘာပေါ်တွင် သစ်လွင်သော စက်မှုနိုင်ငံ တစ်နိုင်ငံအဖြစ်သို့ တက်လှမ်းလာသော အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့်နှစ်က တစ်ဦးချင်း အသားတင်ထုတ်လုပ်မှုတွင် ကမ္ဘာ့ဆဋ္ဌမ မြောက် အမြင့်မားဆုံး ဖြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံအဖို့ ၎င်း၏ အရှေ့မြောက်ဒေသမှ ပြည်နယ်များ ဖွံ့ ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ အရှေ့တောင်အာရှနိုင်ငံများ၊ တရုတ်နိုင်ငံတို့နှင့် ဆက်သွယ်ရေး တို့အတွက်လည်းကောင်း မြန်မာနိုင်ငံသည် အရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်ရာ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းအားဖြင့် နှစ်ဖက်စလုံး အကျိုးစီးပွားဖြစ်ထွန်းလာမည် မလွဲဖြစ်သည်။

မိတ်ဆွေကို ရွေးချယ်နိုင်သော်လည်း အိမ်နီးချင်းကိုမူ ရွေးချယ်နိုင်ခွင့်မရှိ။ ချစ်ခင်ရင်းနှီးသော အိမ်နီးချင်း၊ မိတ်ကောင်း ဆွေကောင်း အိမ်နီးချင်းတို့နှင့်အတူ ယှဉ်တွဲနေထိုင်ရခြင်းကမူ မင်္ဂလာတစ်ပါးပင်ဖြစ် သည်။ နှစ်ပေါင်းရာထောင်ချီခဲ့သည့် သမိုင်းအစဉ်အလာများနှင့် မြန်မာအိန္ဒိယ ချစ်ကြည်ရင်းနှီးမှုသည် အနာဂတ် ထောင်စုနှစ်များဆီသို့တိုင် ခိုင်မြဲပါစေကြောင်း။ ။(မြန်မာ့အလင်း)