အနာဂတ်မျိုးဆက်သစ်အတွက် အမွေအနှစ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

ငြိမ်းချမ်းရေးအတွက် ပဏာမခြေလှမ်းဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှစ်ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေ ကြီးပြင်းလာတဲ့ အချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ထူးမခြားနား နိုင်ငံတော်မျိုးကို ကျွန်မတို့ ထားရစ်ခဲ့မှာလား၊ စည်းလုံးညီညွတ် ခိုင်မာတောင့်တင်းပြီး အများသူငါက လေးစားရတဲ့ နိုင်ငံတော်ကို ကျွန်မတို့ ထားရစ်ခဲ့မှာလား၊ အလေးအနက် စဉ်းစားကြဖို့ ကျွန်မအနေနဲ့ ဒီကနေ့ ဒီနေရာကနေ တိုက်တွန်းပြောကြားလိုပါတယ်  ဟု ပြောကြားခဲ့သည်။

 

NCA  စာချုပ် လက်မှတ်ရေးထိုးပွဲ၌  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အနာဂတ်နိုင်ငံတော်နှင့် မျိုးဆက်သစ်များအရေးအတွက် မြော်တွေးပြီး လက်နက်ကိုင်ပဋိပက္ခများ ရပ်ဆိုင်း၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အတူတကွပါဝင်နိုင်ရန် အလေးအနက် တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသကဲ့သို့ပင် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများမှာ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့ရာ ယခုအခါ နှစ်ပေါင်း ၇၀ ခန့်ပင် ရှိခဲ့ပြီဖြစ်သည်။

 

မြန်မာနိုင်ငံနှင့်အတူ မရှေးမနှောင်း လွတ်လပ်ရေးရရှိခဲ့သည့် နိုင်ငံများမှာ ၎င်းတို့နိုင်ငံကို တည်ငြိမ်အေးချမ်းအောင် တည်ဆောက်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်ပင် ရောက်ရှိနေပြီ။ တိုင်းပြည်စစ်ဘေး စစ်ဒဏ်ကြောင့် ပြာပုံဘဝရောက်ပြီးနောက် ၎င်းတို့တိုင်းပြည်ကို ၎င်းတို့ကိုယ်တိုင် ပြန်လည်ထူထောင်လိုသော တူညီသည့် ညီညွတ်သော စွမ်းအားများကြောင့် ရှေ့တန်းသို့ ပြန်လည်ရောက်ရှိခဲ့သော နိုင်ငံများကိုလည်း အတုယူအားကျဖွယ်ရာ မြင်တွေ့ရသည်။

 

မြန်မာနိုင်ငံတွင် လက်နက်ကိုင်လမ်းစဉ် ကိုင်စွဲကာ အချင်းချင်း တိုက်ခိုက်ခဲ့ကြသော ရှေးခေါင်းဆောင်များ၊ စတင်ဖန်တီးခဲ့ကြသည့် ပုဂ္ဂိုလ်များမှာ မျက်မှောက်ကာလတွင် ဤလောကကြီး၌ မရှိကြတော့ပြီ။ ၎င်းပုဂ္ဂိုလ်များ ထားရစ်ခဲ့သည့် အမွေဆိုးကို အဆင့်ဆင့် လက်ဆင့်ကမ်းသယ်ဆောင်ကာ ယနေ့ထက်တိုင် စစ်မီးမငြိမ်းနိုင် ဖြစ်ကြရသည်မှာ တိုင်းသူပြည်သားများအတွက် ဝမ်းနည်းစရာဖြစ်သည်။ လက်ဆင့်ကမ်း အမွေဆိုသည်မှာ ကောင်းသောအမွေကို ယူသင့်ကြသည်။ ဆိုးမွေများကို အတိတ်တွင်ချန်ရစ်ခဲ့ပြီး အနာဂတ်မျိုးဆက်များအတွက် ကောင်းသောအမွေကို လက်ဆင့်ကမ်းပေးသင့်ကြသည်။

 

ကောင်းသောအမွေကို ထားရစ်ခဲ့ကြသည့် လွတ်လပ်ရေးခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့ကြသော တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် အခွင့်အရေး သာတူညီမျှရှိသည့် ဝါဒဖြူစင်သည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန်အတွက် အားလုံးသဘောတူ လက်ခံနိုင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်ကို လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြဖို့ အချိန်တန်ပြီ။ ထိုသို့ ဆောင်ရွက်ခြင်းမရှိလျှင် တိုင်းပြည်နစ်နာလှပြီ၊ တိုင်းရင်းသား ပြည်သူ ပြည်သားများ ဆင်းရဲဒုက္ခရောက်လှပြီ။ ထို့ကြောင့် လက်နက်ကိုင်ဆောင်ထားမှုကို ခဏဘေးဖယ်၍ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းတွင် မိသားစုအချင်းချင်းသဖွယ် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်းအပ်ပါသည်။

 

(၂၁) ရာစု ပင်လုံညီလာခံသည် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ဖြစ်သည်။ တုဖက်ပြိုင်ဆိုင်မှု၊ အယူဝါဒကွဲပြားမှု၊ သံသယဖြစ်မှု၊ မာန်မာနများ၊ အာဃာတများကို ထားရစ်ခဲ့၍ တိုင်းပြည်နှင့် တိုင်းရင်းသား ပြည်သူလူထုမျက်နှာကို ရှေးရှုကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အတူလက်တွဲ ပါဝင်ဆောင်ရွက်ကြရန် အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။

 

ကမ္ဘာ့အလယ် တင့်တယ်အားကောင်းတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက်၊ နောင်လာမယ့် မျိုးဆက်တွေ တောက်ပရေးအတွက် နိုင်ငံတော်အပေါ် ထားအပ်တဲ့ စေတနာ၊ စေတနာရဲ့ အသီးအပွင့်တွေ ဝေဆာနိုင်မယ့်ပညာ၊ ပညာရဲ့လမ်းညွှန်မှုအရ လုပ်ရဲတဲ့ သတ္တိတွေနဲ့ ရှေ့ငြိမ်းချမ်းရေး၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းတွေကို တာဝန်ကျေစွာ ဆောင်ရွက်သွားကြပါစို့ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် တိုက်တွန်းမေတ္တာရပ်ခံမှုကို ထပ်ဆင့် မျှဝေအပ်ပါသည်။

 

(ကြေးမုံ)