အနာဂတ်အတွက် တန်ဖိုးမြင့်သည့် လူသားအရင်းအမြစ်များဖြစ်ပေါ်ဖို့ မိဘဆရာကျောင်းသား ပူးပေါင်းဆောင်ရွက်စို့

mdn

သတင်းဆောင်းပါး - တက္ကသိုလ်ပွင့်သူအောင်

 

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် အခြေခံနှင့် အဆင့်မြင့် ပညာရေးကဏ္ဍဟူ၍ နှစ်ပိုင်းရှိပြီး အခြေခံ ပညာရေးကဏ္ဍ၌ ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရန် အဘက်ဘက်မှ ကူညီပံ့ပိုးဆောင်ရွက်နေခြင်းမှာ ကျောင်းနေသူများ ပိုမိုများပြားလာအောင် အားပေးနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပညာရေးဝန်ကြီး ဌာနမှ “မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ်ကလေး အားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘ ပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့” ဟူသော ဆောင်ပုဒ်ဖြင့် ၂၀၁၉ ခုနှစ် မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ယခု ကျောင်းအပ်နှံ ရေး သီတင်းပတ်ကုန်ဆုံးပြီဖြစ်၍ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းအသီးသီးတွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတို့သည် ပညာသင်ယူနေပြီဖြစ်သည်။

 

ပညာဆိုသည်မှာ

 

“ပညာတန်ဆောင်၊ ဉာဏ်အရောင်ကား၊ မိုက်မှောင် ဖျောက်ပယ်၊ ချမ်းသာကြွယ်၏” ဟူ၍ ရှေးပညာ ရှိများ ဆိုရိုး စကားထားခဲ့ကြသည်။ အဓိပ္ပာယ်ဖွင့်ဆိုရလျှင် ခွဲခြားသိမြင်နိုင်သော အသိ၊ အသိဉာဏ် သည် ပညာဖြစ်သည်။ ပညာတွင် အမှားအမှန်ပိုင်းခြားနိုင်ခြင်းနှင့် အသိတရားနှင့်ယှဉ်သော အတတ် ပညာတို့ရှိသည်။ အများအပြားကျယ်ကျယ်ပြန့်ပြန့် သိခြင်းနှင့် မည်သည့်အရာမဆို အမှန်အတိုင်း သိရှိခြင်းသည် ပညာဖြစ်သည်။ တစ်နည်းဆိုရသော် ပညာသင်ခြင်းသည် အတတ်ပညာကို ဆည်းပူး လေ့လာခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနက အခြေခံပညာသင်ရိုးသစ်များကို သင်ကြားပေးလျက်ရှိရာ ယင်းသို့ သင်ကြားခြင်းဖြင့် ကျောင်းသား ကျောင်းသူများသည် အတတ်ပညာ ကိုသာမက စည်းကမ်းလိုက်နာမှု ပိုမိုမြင့်မားလာခြင်း၊ နိုင်ငံချစ်စိတ်တိုးတက်လာခြင်း၊ ပူးပေါင်း ဆောင်ရွက်တတ်လာခြင်း၊ တန်းတူညီမျှ စိတ်ဓာတ်ရှိလာခြင်း၊ တီထွင်ကြံဆမှုနှင့် စဉ်းစားတွေးခေါ် မှုများ ပိုမိုတိုးတက်လာခြင်းဟူသော အကျိုးရလဒ်များ ရရှိလာမည်ဖြစ်၍ အနာဂတ်အတွက် တန်ဖိုးမြင့် သည့် လူသား အရင်းအမြစ်များ ဖြစ်ပေါ်လာကြမည်ဖြစ်သည်။

 

ထို့ကြောင့် သင်ရိုးသစ်၌ ယခင်က တွဲဖက်သင်ရိုးဘာသာ ရပ်များဖြစ်သော ကာယ၊ ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာတို့မှာ သင်ရိုးဘာသာရပ်များ ဖြစ်လာသည်။ ထိုကဲ့သို့ ဖြစ်လာစေရန် ပညာရေးဝန်ကြီးဌာနသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အသိပေးကြေညာ ချက်အဖြစ် “၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်၊ ၆ နှစ်အရွယ် ကလေး များကို ပထမတန်း (Grade-1) သို့ အပ်နှံရန်” ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ပညာရေးဝန်ကြီးဌာနက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကျောင်းအုပ်၊ ဆရာ ဆရာမများ အားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရ မည့် အချက်ပေါင်း ၁၇ ချက်ကို မိဘ၊ အုပ်ထိန်းသူ ပြည်သူများ သို့ မေတ္တာရပ်ခံချက်အဖြစ် မီဒီယာများမှတစ်ဆင့် လူသိရှင် ကြား ထုတ်ပြန်ခဲ့သည်။

 

သင်ရိုးသစ်၏ ရည်ရွယ်ချက်

 

ထို့အပြင် ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်း များတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက် များ၌ အတန်းပေါင်း ၁၁ တန်းအဖြစ် သူငယ်တန်း (KG) ၊ ပထမတန်း (Grade-1) သင်ရိုးသစ်၊ ဒုတိယတန်း (Grade-2) သင်ရိုးသစ်၊ တတိယတန်း (Grade-3) သင်ရိုးသစ်၊ စတုတ္ထတန်း (သင်ရိုးဟောင်း)၊ ဆဋ္ဌမတန်း (Grade-6)(သင်ရိုးသစ်)၊ ဆဋ္ဌမတန်း (သင်ရိုးဟောင်း) ၊ သတ္တမတန်း၊ အဋ္ဌမတန်း၊ နဝမ တန်းနှင့် ဒသမတန်းဟူ၍ သတ်မှတ်ခဲ့သည်။ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေး ငွေကိုမျှ လုံးဝမကောက်ခံကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များကို အခမဲ့ ထောက်ပံ့ပေးခဲ့သည်။

 

အထူးသဖြင့် သင်ရိုးသစ်၏ ရည်ရွယ်ချက်မှာ ယခင်စနစ် ဟောင်းတွင် ကျောင်းသားကျောင်းသူများကို ဆရာ ဆရာမများက သင်ကြားပေးခဲ့သည့်စနစ်မှ ကျောင်းသားကိုယ်တိုင် စဉ်းစား တွေးခေါ်အဖြေရှာ သည့်စနစ်သို့ ပြောင်းလဲရန်ဖြစ်ရာ စွမ်းဆောင်ရည်ပြည့်ဝသည့် ဆရာဆရာမများက သင်နည်း စနစ်များနှင့်အညီ ပြည့်ဝမှန်ကန်စွာ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ပညာပြည့်ဝသည့် ကျောင်းသား ကျောင်းသူလေးများအဖြစ်ဖြင့် အနာဂတ်အတွက် တန်ဖိုးမြင့်သော လူသားအရင်းအမြစ်များ ဖြစ်ပေါ် လာတော့မည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနသည် တစ်နိုင်ငံလုံးတွင် သင်ရိုးသစ်မူလတန်းအဆင့် KG တန်းကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် လည်းကောင်း၊ Grade-1 ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင်လည်းကောင်း၊ Grade-2 ကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် လည်းကောင်း သင်တန်းများပို့ချခဲ့ပြီး သင်ရိုးသစ် Grade-3 နှင့် သင်ရိုးသစ် Grade-6 ကို၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လည်းကောင်း သင်ကြားပို့ချလျက်ရှိသည်။

 

ယခုအခါ ကျောင်းများဖွင့်နေပြီဖြစ်ရာ ပညာသင်နှစ်နှင့် အတူ မူလတန်းအဆင့် တတိယတန်း (Grade-3) နှင့် အလယ် တန်းအဆင့် ဆဋ္ဌမတန်း (Grade-6) သင်ရိုးညွှန်းတမ်းများလည်း အသစ်ပြောင်းလဲ လိုက်သဖြင့် သင်ရိုးသစ်များ ပြောင်းလဲသင်ကြားရာ၌ ဆရာ ဆရာမများ၏ အခန်းကဏ္ဍသည် အဓိက အရေးပါသူများဖြစ်သကဲ့သို့ ကျောင်းသား ကျောင်းသူများကိုယ်တိုင် စဉ်းစားတွေးခေါ် အဖြေရှာသည့် စနစ်သို့ပြောင်းလဲ နိုင်သော စွမ်းဆောင်ရည်ပြည့်ဝရန်လိုအပ်လာပြီဖြစ်သည်။ ထို့အတူ မိဘအုပ်ထိန်း သူများကပါ မိဘဆရာအသင်းများတွင် ပါဝင်ကာ အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိရေးကို ဆောင်ရွက်ရမည်ဖြစ်သည်။ အထူးသဖြင့် မိဘများအားလုံးနှင့်အုပ်ထိန်းသူအားလုံးကို ကိုယ်စားပြု နေသော မိဘဆရာ အသင်းသည် ကျောင်းတစ်ကျောင်းအတွက် အဓိကလိုအပ်ချက် အသင်းတစ်ခု လည်းဖြစ်သည်။ မိဘဆရာအသင်း၏ လှုပ်ရှားမှုအရ၊ ဆောင်ရွက်နိုင်မှုအရ ပညာရေး၏ တာဝန်ယူ ဆောင်ရွက်ထားသည့် တိုးမြှင့်စီစဉ်မှုအားလုံးသည် အောင်မြင်မှုမလွဲမသွေ ရရှိလာမည်ဖြစ်သည်။

 

မိဘဆရာကျောင်းသားသုံးဦးဖလှယ်ပူးပေါင်းမှု

 

ထို့ကြောင့် ကျောင်းအလိုက်ဆောင်ရွက်နေကြသော စီမံဆောင်ရွက်မှုများ ပညာရည်တိုးတက်မှု လုပ်ငန်းများကို မိဘများကတစ်ဆင့် ကျောင်းကိုပါဝင်ပူးပေါင်းနိုင်သကဲ့သို့ ကျောင်းကတစ်ဆင့် မိဘများကိုအသိပေးခြင်းအားဖြင့် ပူးပေါင်းကူညီနိုင် မှုအခြေအနေ အကောင်းဆုံးရနိုင်သော အစီအစဉ် ပင်ဖြစ်သည်။ မိဘဆရာအသင်းသည် ကျောင်းတစ်ကျောင်းအတွက် အလွန်အရေးပါသည့် အသင်း ဖြစ်သည်။ မိဘဆရာအသင်းကို ကျောင်းတစ်ကျောင်းမှာစနစ်တကျဖွဲ့ပြီး ပွင့်လင်းမြင်သာစွာ ဖြင့်ကျောင်း၏အကျိုးကို ဆောင်ရွက်မည်ဆိုပါက ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာသင်ရိုးသစ် သင်ကြားရခြင်း၏ အကျိုးရလဒ်များကို များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။

 

မိဘ၊ ဆရာ၊ ကျောင်းသားတို့ သုံးဦးသုံးဖလှယ်ပူးပေါင်းမှု အားကောင်းသည်နှင့်အမျှ ကျောင်းသား ကျောင်းသူကလေး ငယ်များ ကျောင်းနေပျော်၍ စာတော်သူများဖြစ်လာနိုင်မည်ဖြစ် သည်။ ထို့ကြောင့် မိဘဆရာအသင်း၏ ဆောင်ပုဒ်ကို “ မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း” ဟူ၍ သတ်မှတ် ထားခြင်းပင် ဖြစ်သည်။ ပြုစုထားသောစာရင်းများအရ အစိုးရကျောင်း ၄၇၀၀၅ ကျောင်း ရှိပြီး ဆရာ ဆရာမဦးရေမှာ ၄၀၄၄၄၄ ဦးရှိကာ ကျောင်းသား ကျောင်းသူပေါင်း ၉၁၄၄၄၆၉ ဦး ရှိသည်ကို သိရသည်။ ထို့အပြင် အစိုးရကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများပေါင်းပါက ကျောင်းသား ကျောင်းသူဦးရေမှာ ၉၇၀၇၀၈၈ ဦး ရှိနေပြီဖြစ်သည်။ ယခုအခါ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ Grade-5၊ Grade-9 နှင့် Grade-11 မှ လွဲ၍ ကျန်အတန်း အားလုံးသည် ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့အထိ တက်ရောက်ကြရမည် ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနသည် မူလတန်းအဆင့်တွင် ပထမတန်းကျောင်းသား ကျောင်းသူ များအားလုံးစာဖတ်တတ်ရန်၊ စာရေးတတ်ရန်၊ အခြေခံသင်္ချာ တွက်ချက်တတ်စေရန် အလေးအနက် ထားဆောင်ရွက်ကြရန် ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အဆင့်ဆင့်ဆက်လက် ပညာသင်ယူ နိုင်ရန်၊ မိဘများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် စသည်ဖြင့် တစ်နိုင်ငံလုံးရှိကျောင်းအသီးသီးသို့ ညွှန်ကြား ထားပြီးဖြစ်သည်။

 

ထူးသဖြင့် နိုင်ငံတစ်နိုင်ငံဖွံ့ ဖြိုးတိုးတက်ရန်ပညာရေးစနစ်မှန်ကန်ကောင်းမွန်ရေးမှာ အဓိကကျနေ သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပညာရေးစနစ် မှန်ကန်ကောင်းမွန်ရေးအတွက် ပညာရေးဌာနသည် မိဘ၊ ဆရာ၊ ကျောင်းသားသုံးဦး ဖလှယ်ပူးပေါင်းမှုကို ဆောင်ရွက်လျက်ရှိသည်။ ပညာရေးသည် လူတစ်ဦး၏ဘဝအတွက်ကြီးမားသော အထောက်အပံ့ဖြစ်သည့် နည်းတူ လူမျိုးရှင်သန်မှုနှင့် နိုင်ငံဖွံ့ ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်သည်။ ပညာရေးနှင့်စပ်လျဉ်း၍ မန်လည် ဆရာတော်ကြီး စပ်ဆိုဖွဲ့ နွဲ့ခဲ့သည့် မဃဒေဝလင်္ကာတွင် ပြဆိုထားသည်မှာ- “ ဤလောက၌ အတတ်ပညာနှင့်တူသော ဥစ္စာသည်မရှိ။ အတတ်ပညာကို ခိုးသူတို့ မခိုးမယူနိုင်။ အတတ် ပညာသည် မိတ်ဆွေကောင်းဖြစ်၍ ချမ်းသာကိုပေးဆောင်နိုင်၏” ဟူ၍ ဖြစ်သည်။

 

ပညာရေးမှတစ်ဆင့် နိုင်ငံအတွက်မျှော်လင့်ချက်များ

 

ပညာရေးနှင့်ပတ်သက်၍ ပညာရေးဖွံ့ ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ)ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ရာ ထိုနှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်အမှာစကား ပြောရာ၌ “ ဒါဆိုရင် ပညာရေးကနေ ကျွန်မတို့နိုင်ငံအတွက် ဘာတွေမျှော်လင့်နိုင်ပါသလဲ။ ရေရှည်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ပညာရေးဖြင့် ကျွန်မတို့ ယခုကြုံတွေ့ရင်ဆိုင်နေရတဲ့ ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်ဖို့ မျှော်လင့်နိုင်ပါမယ်။ ပညာရေးဖြင့် မညီမျှမှုများ၊ မတည်ငြိမ်မှုများ ကင်းဝေးပပျောက်ပြီး တရား ဥပဒေစိုးမိုးမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ လွတ်လပ်မှုများ ကို နိုင်ငံသားများအားလုံးခံစားနိုင်ဖို့ မျှော်လင့်နိုင်ပါမယ်။ ပညာရေးဖြင့် ကျွန်မတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးကို ဆတက်ထမ်းပိုး တိုးတက်မြင့်မားလာစေဖို့၊ ပိုမိုစည်းလုံးညီညွတ်စေဖို့၊ ငြိမ်းချမ်းစည်ပင်စေဖို့ မျှော်လင့်နိုင်ပါမယ်။ ပညာရေးဖြင့် ပြည်ထောင်စုတိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့များကို တန်ဖိုးထားမြတ်နိုး ထိန်းသိမ်းသွားကြဖို့ မျှော်လင့်နိုင်ပါမယ်။ ပညာရေးဖြင့်သာ နိုင်ငံသားတိုင်း မိသားစုတိုင်းလူတန်းစေ့ ဘဝများကိုပိုင်ဆိုင်ပြီး သာယာပျော်ရွှင်စွာ ရပ်တည်ကျပ်နိုင်ဖို့ မျှော်လင့်ရပါမယ်။ ဒါတွေက ပညာရေး ကနေကျွန်မတို့ မျှော်လင့်ရယူနိုင်တဲ့ အခွင့်အလမ်းတွေပါပဲ” ဟူ၍ ပြောကြားသွားသည်။

 

ထို့ကြောင့် မှန်ကန်ကောင်းမွန်သည့် ပညာရေးစနစ်သစ် ၏ရည်မှန်းချက်များ ပေါက်ရောက် အောင်မြင်ရေးအတွက်လည်းကောင်း၊ အနာဂတ်အတွက်တန်ဖိုးမြင့်သည့် လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။