အမရပူရနှင့် နေပူခံ ကိုယ်တော်ကြီး


၈  ဇန်နဝါရီ

 

ခရစ်နှစ် ၁၇၅၂ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ သက်တမ်း ၁၃၃ နှစ် ရှည်ကြာခဲ့သည့် ကုန်းဘောင်ခေတ်တွင် တည်ထောင်ခဲ့သော အမရပူရသည် ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားများစွာ ကျန်ရှိနေသည့် ရှေးဟောင်းမြို့တော်တစ်ခုဖြစ်ကာ အမရပူရမြို့နယ်အတွင်း တည်ရှိနေသည့် တောင်သမန်အင်းနှင့် ဦးပိန်တံတားသည် မြန်မာနိုင်ငံ၏ သဘာဝအမွေအနှစ်နှင့် သမိုင်းအမွေအနှစ် အဖြစ် ကမ္ဘာအနှံ့ ထင်ရှားလျက်ရှိနေပေသည်။ အမရပူရသည် ဗဒုံမင်းလက်ထက်တွင် ခရစ်နှစ် ၁၇၈၃ ခုနှစ်မှ ၁၈၂၃ ခုနှစ်အထိ တစ်ကြိမ်၊ သာယာဝတီမင်းလက်ထက်တွင် ခရစ်နှစ် ၁၈၃၇ ခုနှစ်မှ ၁၈၅၇ ခုနှစ်အထိ တစ်ကြိမ် ကုန်းဘောင် မင်းနေပြည်တော်အဖြစ် နှစ်ကြိမ်ဖြစ်ခဲ့သည်။

 

သမိုင်းထဲမှ အမရပူရ

 

ကုန်းဘောင်ဆက်ဘုရင် ဗဒုံမင်း(ခရစ်နှစ် ၁၇၈၂-၁၈၁၉)သည် ၁၇၈၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် တောင်သမန်အင်း၊ ဒုဋ္ဌဝတီမြစ်၊ ရွှေ တချောင်း၊ တက်သေးအင်းနှင့် အောင်ပင်လယ် ကန်တို့ ဝန်းရံနေသည့် ထီးပေါင်းကားအရပ်၌ မြို့တည်ရန် မြို့၊ ကျုံး၊ ရွှေနန်း၊ ရွှေဂူ၊ ကျောင်း၊ ပိဋကတ်တိုက်နှင့် ကန် ခုနစ်ဌာနကို တစ်ပြိုင်တည်း ရွှေပန္နက်၊ ငွေပန္နက် စိုက်ခဲ့သည်။ ထို့နောက် ၁၇၈၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင် မြို့တည် ခုနစ်ဌာနကို တစ်ပြိုင်တည်း စတင်တည်ဆောက်ခဲ့သည်။ အမရပူရတည်ခဲ့သည့် မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်ကို “အင်းအိုင်ဝိုက်လည် အမရ တည်”ဟု မှတ်သားခဲ့ကြသည်။

 

ဘိုးတော်ဘုရား ဗဒုံမင်းသည် အလောင်းမင်း တရားကြီး၏ စတုတ္ထသားတော်ဖြစ်ပြီး ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် တူတော် စဉ့်ကူးမင်းကို စီရင်ပြီး အင်းဝထီးနန်းကို သိမ်းပိုက်၍ ကုန်းဘောင်ဆက်၏ ဆဋ္ဌမမြောက်ဘုရင် ဖြစ်လာခဲ့၍ အမရပူရမြို့ကို တည်ထောင်ခဲ့ရာ အင်္ဂလန်နိုင်ငံ တတိယမြောက်ဂျော့ဘုရင်နှင့် ခေတ်ပြိုင်ဖြစ်ခဲ့သည်။ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်းက အင်းဝသည် အထက်မြန်မာပြည်၏ အကောင်းဆုံး မင်းနေပြည်တော်နေရာဖြစ်ပြီး နေပြည်တော်ကို အင်းဝမှအမရပူရသို့ ပြောင်းရွှေ့ခြင်းသည် နိုင်ငံနှင့် ပြည်သူများအား အကျပ်အတည်း အခက်အခဲများ ဖြစ်စေခဲ့ကြောင်း သုံးသပ်ခဲ့သည်။

 

လက်ရှိ အမရပူရ

 

အမရပူရသည် မန္တလေးမြို့မှ တောင်ဘက် ၁၁ ကီလိုမီတာ(၆ ဒသမ ၈ မိုင်)အကွာတွင် တည်ရှိပြီး ယခုအခါတွင် မြို့ ပြ ဖွံ့ ဖြိုးတိုးတက်လာမှုကြောင့် မ္တလေးမြို့ နှင့် တစ်ဆက်တည်း ဖြစ်လာခဲ့သည်။ မျက်မှောက်ခေတ်တွင် မန္တလေးခရိုင်အတွင်းရှိ အမရပူရမြို့နယ်ကို မြို့နှစ်မြို့(အမရပူရနှင့် မြစ်ငယ်)၊ ရပ်ကွက် ၉ ခု၊ ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကျေးရွာ ၁၇၀ ဖြင့် ဖွဲ့စည်းထားသည်။

 

လက်ရှိ အမရပူရမြို့နယ်သည် ဧရိယာ ၈၀ ဒသမ ၁၁ စတုရန်းမိုင် ကျယ်ဝန်းလျက် အရှေ့ ဘက်တွင် ပုသိမ်ကြီးမြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်၊ အနောက်ဘက်တွင် တံတားဦးမြို့နယ်၊ တောင်ဘက်တွင် စဉ့်ကိုင်မြို့နယ်နှင့် စစ်ကိုင်း မြို့နယ်၊ မြောက်ဘက်တွင် ချမ်းမြသာစည်မြို့နယ်တို့နှင့် ထိစပ်နေပေသည်။အမရပူရသည် ပဋိပတ္တိ ကျမ်းပြုအကျော် ဆရာတော် အရှင်ဇနကာဘိဝံသနှင့် ပရိယတ္တိအကျော် မိုးကုတ်ဆရာတော် ဦးဝိမလတို့ သီတင်းသုံးခဲ့သည့်မြို့လည်း ဖြစ်သည်။

 

၂၀၁၇ ခုနှစ် မတ်လအထိ ကောက်ယူထား သည့် စာရင်းများအရ အမရပူရမြို့နယ်အတွင်း၌ ဘုရား ၁၀ ဆူ၊ စေတီ ၁၇၁၅ ဆူနှင့် ဘုန်းကြီး ကျောင်း ၂၆၉ ကျောင်းရှိရာ တောင်မင်းကြီး၊ စွယ်တော်မြတ်စေတီ၊ ရွှေကူကြီး၊ ကျောက်တော်ကြီး၊ ပုထိုးတော်ကြီး၊ ဝေရောစန ကျောက်စိမ်း စေတီ၊ ရွှေကြက်ယက်၊ ရွှေကြက်ကျ ဘုရားတို့ သည် အထူးထင်ရှားကြပေသည်။ အမရပူရမြို့နယ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရှေးဟောင်း အဆောက် အအုံများအနက် ဦးပိန်တံတား၊ သပြေတန်း ခံတပ်၊ အမရပူရ နန်းမြို့ရိုးဟောင်း၊ ကုန်းဘောင် ခေတ် ဘုရင်သုံးပါးဖြစ်သည့် ဗဒုံမင်း၊ ဘကြီးတော် စစ်ကိုင်းမင်းနှင့် သာယာဝတီမင်းတို့၏ အရိုးအိုး ပြာသာဒ်များ၊ စန္ဒာမုနိစေတီ အုတ်တိုက်များ၊ ပုထိုးတော်ကြီး၊ ကျောက်တော်ကြီးတို့နှင့်အတူ တောင်မင်းကြီးဘုရားဝင်းအတွင်းမှ အုတ်ပြာသာဒ် နှစ်ဆောင်လည်း ပါဝင်သည်။

 

တောင်မင်းကြီး

 

တောင်မင်းကြီးဘုရားသည် အမရပူရမြို့မှ တောင်သမန်အင်း၊ ဦးပိန်တံတားသို့ သွားသည့်လမ်း၏ ယာဘက်တွင်ရှိကာ ဘုရားဝင်းအတွင်း သို့ဝင်သည့် စင်္ကြံလမ်း၏အဆုံးတွင် ကြီးမား သော ဗုဒ္ဓဆင်းတုတော်ကြီးကို ဖူးမြင်နိုင်ကြသည်။ ထိုဆင်းတုတော်ကြီးသည် ရှေးအခါက အမိုးအကာမရှိဘဲ လွင်တီးခေါင်တွင် သီတင်းသုံး ခဲ့သဖြင့် နေပူခံကိုယ်တော်ကြီးဟု ထင်ရှားခဲ့သည့် သမိုင်းဝင် ရှေးဟောင်းဆင်းတုတော်ကြီး ဖြစ်ပေသည်။

 

နေပူခံကိုယ်တော်ကြီးကို မြန်မာသက္ကရာဇ် ၁၁၄၈ ခုနှစ် (ခရစ်နှစ် ၁၇၈၆ ခုနှစ်)တွင် တောင် မင်းကြီးခေါ် အသည်ဝန် မဟာမင်းလှကျော်စွာက လှူဒါန်းခဲ့သည်။ အလှူရှင်မင်းကြီးသည် ဆင်ဖြူဝန်ရာထူးကို ထမ်းဆောင်ခဲ့သဖြင့် ဆင်ဖြူဝန် ဘုရားဟုလည်း ခေါ်ခဲ့သည်။ နန်းတွင်း ပန်းချီဆရာများ ရေးဆွဲခဲ့သည့် ပုရပိုက်မြေပုံတွင် ဆင်ဖြူဝန်ဘုရားဟု အမှတ်အသားပြုသည်ဟု ဆိုသည်။ ယခုအခါတွင်မူ တောင်မင်းကြီးဘုရား ဟူသည့် အမည်ဖြင့် လူသိများ ထင်ရှားလျက် ရှိသည်။

 

တောင်မင်းကြီးဘုရားဟု ဘွဲ့မည်တွင်သည့် နေပူခံကိုယ်တော်ကြီးသည် အမြင့် ၄၆ ပေ ၁၁ လက်မ၊ တင်ပျဉ်ခွေထားသည့် ဒူးစွန်းနှစ်ဖက် အကျယ် ၃၆ ပေ ၆ လက်မနှင့် မကိုဋ်တော်အမြင့် ၁၃ ပေ ၁ လက်မရှိသည်။ ရုပ်ပွားတော်ကြီး၏ လက်တော်ဟန်(မုဒြာ)သည် လက်ချောင်းတော် များက မြေသို့ထိထားသည့် ဘူမိဖဿမုဒြာ ဖြစ်သည်။ ခြေတော်ဟန် (အာသာန)မှာ ကမ္မဋ္ဌာန်းထိုင်သည့်ပုံစံ ဈာနာသန ဖြစ်သည်။ တောင်မင်းကြီးသည် နေပူခံကိုယ်တော်ကြီးကို တည်ထားခဲ့စဉ်က အမိုးအကာလုပ်လျှင် ခိုက်မည်၊ အန္တရာယ်ကျရောက်မည်ဟု ယုံကြည်မှုများရှိခဲ့သဖြင့် အမိုးအကာ မပြုလုပ်ခဲ့ချေ။ ရုပ်ပွားတော်ကြီး သီတင်းသုံးရန် အမိုးအကာတစ်ကြိမ် ဆောက်လုပ်ခဲ့ဖူးသော်လည်း ပြိုကျပျက်စီးခဲ့သည်ဟု ပြောစမှတ်ရှိခဲ့သည်။ သို့ရာတွင် နေပူခံကိုယ်တော်ကြီးကို အမိုးအကာအောက်တွင် ထားရှိရန်အတွက် အမရပူရမြို့ တရုတ်တန်းအရပ်မှ ဦးရင်ကလေး ကြီးမှူးလျက် ကံစမ်းထီမဲဖွင့်လှစ်ကာ အများကောင်းမှု အာရုံခံတန်ဆောင်းကြီးကို အောင်မြင်စွာ ဆောက်လုပ် လှူဒါန်းခဲ့သည်။ နေပူခံကိုယ်တော်ကြီးသည် အမိုးအကာအောက်တွင် သီတင်းသုံးခဲ့ပြီးနောက် မူလအမည်သည် တဖြည်းဖြည်း ပျောက်ကွယ်ခဲ့ပြီး တောင်မင်းကြီးဘုရားဟု ထင်ရှားလာခဲ့သည်။ တည်ဆောက်ခဲ့သည့် ခုနှစ်မှတ်တမ်းကိုမူ မတွေ့ရှိခဲ့ပါ။

 

အင်္ဂလိပ်မှတ်တမ်းထဲမှ နေပူခံကိုယ်တော်ကြီး

 

ခရစ်နှစ် ၁၈၅၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အင်္ဂလိပ်သံအဖွဲ့၏မှတ်တမ်း (The Court of Ava in 1855)တွင် Heney Yule က နေပူခံကိုယ်တော်ကြီးကို “အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်းမှ ရုပ်တုကြီးများကဲ့သို့ အမရပူရမြို့ တောင်သမန်အင်းစောင်းမှ ကြီးမားသော ရုပ်တုကြီးတစ်ဆူသည် တောင်သမန်အင်းကြီးကို ပြုံး၍ကြည့်နေသည်”ဟု ရေးသားခဲ့သည်။

 

ကုန်းဘောင်မင်းဆက်၏ ၁၀ ဆက်မြောက်ဘုရင် မင်းတုန်းမင်း(ခရစ်နှစ် ၁၈၅၃-၁၈၇၈)သည် အမရပူရတွင် နန်းစံနေစဉ် အိန္ဒိယဘုရင်ခံ ဒါလဟိုဇီသည် ၁၈၅၅ ခုနှစ် ဇွန်လ၌ ဆာအာသာ ဖယ်ရာဦးဆောင်သည့် သံအဖွဲ့ကို အမရပူရသို့ စေလွှတ်ခဲ့သည်။ သံအဖွဲ့သည် ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲအပြီး ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်တို့ ပဲခူးကို သိမ်းပိုက် အုပ်ချုပ်ထားမှုအား အထက်မြန်မာနိုင်ငံအစိုးရက လက်ခံရန် မင်းတုန်းမင်းနှင့် ညှိနှိုင်းရေးနှင့် အထက်မြန်မာနိုင်ငံ၏ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေအရပ်ရပ်ကို ထောက်လှမ်းရန်ဟူသည့် ရည်ရွယ်ချက်နှစ်ခုဖြင့် လာခဲ့ကြသည်။

 

သံအဖွဲ့သည် ရန်ကုန်မှ အင်းဝသို့ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့ကြပြီး အဖွဲ့တွင် မြန်မာပြည် အခြေအနေအရပ်ရပ်ကို မှတ်တမ်းတင်နိုင်ရန် မဒရပ်စစ်တပ်တွင် တာဝန်ကျနေသည့် အင်္ဂလိပ်လူမျိုးအရာရှိ Linnaeus Tripe နှင့် ပန်းချီဆရာ Colesworthy Grant တို့ လိုက်ပါခဲ့သည်။ အမရပူရသည် မြန်မာနိုင်ငံတွင် ဗြိတိသျှသံအဖွဲ့ ပထမဆုံးရုံးစိုက်ခဲ့သည့်မြို့ဖြစ်ပြီး ဆာအာသာဖယ်ရာ ဦးဆောင်သည့် သံအဖွဲ့သည် ၁၇၉၅ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် သံတဲတွင် တည်းခိုခဲ့ကြသည်။

 

Linnaeus Tripe သည် ရန်ကုန်မှ အမရပူရ သို့ လာခဲ့သည့် ခရီးစဉ်အတွင်း ဓာတ်ပုံပေါင်း ၂၀ဝ ကျော် ရိုက်ကူးခဲ့ပြီး ဓာတ်ပုံ ၁၂၀ ကို ပုံနှိပ် ထုတ်ဝေခဲ့ရာ အမရပူရတွင် ရိုက်ကူးခဲ့သောပုံက ၅၈ ပုံ ပါဝင်ခဲ့သည်။ နေပူခံကိုယ်တော်ကြီး၏ ဓာတ်ပုံတွင် ရုပ်ပွားတော်ကြီးအား စေတီငယ်များက ဝန်းရံထားကာ ရုပ်ပွားတော်ကြီးသည် ပလ္လင်အထက် ၃၇ ပေ ခြောက်လက်မခန့် ဉာဏ်တော်ရှိကြောင်း ဖော်ပြခဲ့သည်။

 

ဗဒုံမင်းနှင့် တောင်မင်းကြီး

 

ဗဒုံမင်းသည် ခရစ်နှစ် ၁၇၈၂ ခုနှစ်တွင် ကုန်းဘောင်ဘုရင် ဖြစ်လာခဲ့ပြီးနောက် ငယ်သူငယ်ချင်းဖြစ်သူ တောင်မင်းကြီးကို ရွှေတိုက်ဝန်အဖြစ် ခန့်အပ်ခဲ့သည်။ တောင်မင်းကြီး၏သား မောင်ရွှေကန်သည် ချောမောသော လူငယ်တစ်ဦးဖြစ်ပြီး ဖခင်၏အရှိန်အဝါဖြင့် ဘုရင့်နန်း အနောက်ဆောင်မှ သမီးတော်များ၊ မိဖုရားငယ်များနှင့် ရောထွေးယှက်တင်နေကြောင်း ဗဒုံမင်းကြီးကြားသိသဖြင့် တောင်မင်းကြီးကိုခေါ်ယူကာ သားဖြစ်သူအားဆုံးမရန် သတိပေးခဲ့သည်။

 

တောင်မင်းကြီးသည် မိမိ၏သားကြောင့် ဆွေစဉ်မျိုးဆက် မင်းပြစ်မင်းဒဏ်သင့်ကာ ဒုက္ခရောက်မည်ကို စိုးရိမ်ခဲ့သဖြင့် သားဖြစ်သူ မောင်ရွှေကန်ကို သရက်နှစ်ပင်သင်္ချိုင်းတွင် ကိုယ်တိုင်ကွပ်မျက်ခဲ့သည်ဟု ဆိုကြသည်။ တောင်မင်းကြီးက မောင်ရွှေကန်အား ကွပ်မျက်လိုက်သည်ကို ကြားသိကြသော အမရပူရ မြို့သူ မြို့သားများက “တောင်မင်းကြီး မျက်မာန်၊ ရွှေကန်တဲ့လေး၊ ကိုယ့်သားကို ကိုယ်ပြန်သတ်ရ တယ်၊ ဖြစ်တတ်ပေ့လေး”ဟု စာချိုးခဲ့ကြသည်။

 

ဗဒုံမင်းသည် တောင်မင်းကြီးက သားဖြစ်သူ မောင်ရွှေကန်အား သတ်လိုက်သည့်သတင်းကို ကြားသိခဲ့ပြီးနောက် တောင်မင်းကြီးကို ခေါ်ယူ၍ “မင်းကြီး၊ ငါက သင့်သားကို ဆုံးမခိုင်းခြင်းဖြစ်သည်၊ သတ်ခိုင်းခြင်းမဟုတ်”ဟု မိန့်ကြားခဲ့သည်။ တောင်မင်းကြီးသည် မိမိသားကို သတ်ခဲ့မိသည့်စိတ်ဖြင့် စိတ်နှလုံးထိခိုက်ကာ တောင်သမန်အင်း အနောက်ဘက်တွင် ရပ်တော်မူ ရုပ်ပွားတော်လေးဆူ၊ သား၏ ဇာတိမြေဖြစ်သည့် အမရပူရမြို့နယ် တံခွန်တိုင်ရွာအနီး ယာတော်ကျေးရွာတွင် ဘုရားတစ်ဆူကို တည်ထားခဲ့သည်။

 

မြန်မာသက္ကရာဇ် ၁၂၀ဝ ပြည့်နှစ်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် တောင်မင်းကြီးဘုရား ပြိုကျပျက်စီးခဲ့ပြီး ၁၂၁၂ ခုနှစ်တွင် အမရပူရ မြင်းရုံရပ်မှ လွှထောင်ကြီးဦးမှုံက ပုဂံမင်း(ခရစ် နှစ် ၁၈၄၆-၁၈၅၃)ထံမှ အမိန့်ခံ၍ တောင်မင်း ကြီးဘုရားကို ပြန်လည်ပြုပြင်ခဲ့ရာ မင်းတုန်းမင်း နန်းတက်သည့် ၁၂၁၄ ခုနှစ်တွင် ပြီးစီးခဲ့သည်။ တောင်မင်းကြီးဘုရား ပြုပြင်ရန် ကမ္ပည်းစာနှင့် ရွှေခွက်အစိတ်၊ ရွှေချိန် ၂၀ဝ ရရှိခဲ့သည်။

 

နှစ်ကာလ ရှည်ကြာလာချိန်တွင် တောင်မင်းကြီးရုပ်ပွားတော်ကြီးသည် ကိုးကွယ်၊ ထိန်းသိမ်းမည့်သူ မရှိသဖြင့် ချုံနွယ်များ ပိတ်ဖုံးလာခဲ့သည်။ သီပေါမင်း ပါတော်မူအပြီး မြန်မာသက္ကရာဇ် ၁၂၅၀ ပြည့်နှစ်တွင် အမရပူရ သိမ်ကြီးဈေးအရှေ့ မိုက်စုရွာသစ်နေ ရွှေလှံဆရာဖူးက ချုံနွယ်များ ဖုံးနေသည့် တောင်မင်းကြီးဘုရားဝန်းကျင်ကို ရှင်းလင်းခဲ့ပြီး တပေါင်းလပြည့်နေ့တွင် ဆွမ်းတော်ကြီးကပ်လှူပွဲကို ပထမဆုံး ကျင်းပပြုလုပ်ခဲ့သည်။ ထိုအချိန်မှစ၍ တောင်မင်းကြီးဘုရား ပွဲတော်ကို နှစ်စဉ် တပေါင်းလတွင် ကျင်းပခဲ့သည်။ လက်ရှိအချိန်တွင် ဘုရားကြီး၏ စိန်တောင်ခုံ သည် ၈၅ စတုရန်းပေ ကျယ်ဝန်းလျက် ပလ္လင်အမြင့်သည် ခုနစ်တောင်(၁၀ ပေ ၆ လက်မ)၊ နှစ်ဖက်ဒူးအစွန်း ၂၁ တောင် ၂ မိုက်၊ ဓမ္မခဏ်တော် အရှေ့အနောက် ပေ ၂၀၊ ဉာဏ်တော် အတောင် ၃၀၊ သင်းကျစ်တော်အလျား ၁၂ တောင်၊ ပါးစပ်တော်အလျား ၄ တောင် ၁ ထွာ ရှိသည်။

 

ဘုရားကြီးရင်ပြင်တွင် ရေးသားထားချက်အရ ပလ္လင်သည်အမြင့် ခုနစ်တောင်၊ ပလ္လင်ရှေ့နောက် ၃၃ ပေ၊ ပလ္လင်တောင်မြောက် ၄၇ ပေ ရှိပြီး ရုပ်ပွားတော်ကြီး၏ နားတော်သည် လူတစ်ယောက် အထဲဝင်ထိုင်နိုင်အောင် ကြီးမားကျယ်ဝန်းသည်။ တစ်ချိန်က တောင်သမန်အင်းစောင်းရှိ မယ်ဇယ်ပင်တန်းများအကြားတွင် တည်ထားခဲ့သည့် နေပူခံကိုယ်တော်ကြီးသည် မြန်မာတို့၏ လက်ရာမြောက်သော ဗိသုကာပညာ တစ်စိတ် တစ်ပိုင်းကို ဖော်ညွှန်းနေသကဲ့သို့ သမိုင်းသက်သေ ရှေးဟောင်း ရုပ်ပွားတော်ကြီးတစ်ဆူအဖြစ် လည်း ရပ်တည်နေပေသည်။ ။

 

မောင်သာ (ရှေးဟောင်းသုတေသန)