အမြန်လမ်းနှင့် စက္ကန့်စည်းမျဉ်းများ

mdn

သတင်းဆောင်းပါး - ဆောမျိုးနွယ်

 

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ရှေ့ကမောင်းနေတဲ့ လီဖန်းယာဉ်ကို နောက်ကမောင်းလာတဲ့ ပရိုဘောက်ယာဉ်က ဝင်တိုက်မိတဲ့ဖြစ်စဉ်တစ်ခု ဖတ်လိုက်ရပါတယ်။ သတင်းစာဓာတ်ပုံမှာ ဖော်ပြထားတဲ့ပုံအရ ရှေ့ကမောင်းနေတဲ့ယာဉ်က ယာဉ်ကြောအမှန်မှာမောင်းနေတာကို နောက်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတဲ့သဘော ဖြစ်နေပါတယ်။

 

ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ ပရိုဘောက်ယာဉ်ပေါ်မှာ လိုက်ပါလာသူတွေထဲက တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ ပြောချင်တာကတော့ အမြန်လမ်းမှာ ယာဉ်မတော်တဆ ဖြစ်ပြီဆိုလျှင် ထိခိုက်ဒဏ်ရာရ သေကျေကြတဲ့ ကိန်းဂဏန်းတွေ ပါလာလေ့ရှိတယ်ဆိုတာပါပဲ။ ဒါကလည်း မောင်းနှင်နေကြတဲ့ အရှိန်နဲ့ တိုက်ရိုက် သက်ဆိုင်နေပြန်ပါတယ်။

 

အဲဒီဖြစ်စဉ်မှာ ရှေ့ကမောင်းတဲ့ လီဖန်းယာဉ်က ဘယ်လိုပဲ ယာဉ်ကြောမှန်က မောင်းသည်ဖြစ်စေ အမြန် လမ်းမကြီးပေါ်မှာ မောင်းနှင်ခွင့်မရှိတဲ့ယာဉ်ဖြစ်နေပါတယ်။ နောက်ကမောင်းတဲ့ ပရိုဘောက်ယာဉ်အနေနဲ့ လည်း မိမိယာဉ်ပေါ်မှာ ပါလာတဲ့လူတွေကို သေကျေဒဏ်ရာရစေတဲ့အထိ ရှေ့ယာဉ်ကိုနောက်ကနေ ဝင်တိုက် မိတဲ့အထိယာဉ်ကို မထိန်းသိမ်းနိုင် ခဲ့တာတွေ့ရပါတယ်။ ဒါတွေအားလုံးကတော့ သက်ဆိုင်ရာ ဥပဒေတွေ၊ စည်းကမ်းတွေနဲ့ ရင်ဆိုင်ဖြေရှင်းကြရမှာပေါ့လေ။

 

အန္တရာယ်ကင်း နောက်လိုက်အကွာအဝေး

 

ဒီဖြစ်စဉ်ကိုမူတည်ပြီး ရှေ့ယာဉ်နဲ့ အန္တရာယ်ကင်းအကွာ အဝေးအကြောင်းကို ပြောလိုပါတယ်။ အန္တရာယ် ကင်းနောက် လိုက်အကွာအဝေးလို့လည်း ခေါ်ပါတယ်။ ယာဉ်မောင်းနှင်နေစဉ်မှာ ယာဉ်တစ်စီးနဲ့တစ်စီး အကြား ထားရှိရမယ့် အကွာအဝေး ဖြစ်ပါတယ်။ တစ်စီးနဲ့ တစ်စီးအကြားထားရှိရမယ့် အကွာအဝေးဆိုတော့ အဲဒီအကွာ အဝေးကို ထိန်းပေးဖို့ကိစ္စက နောက်ကလိုက်တဲ့ယာဉ်ကပဲ ဆောင်ရွက်နိုင်တာပါ။ ဒါကြောင့် ယာဉ်မောင်း သူတိုင်းဟာ မိမိရဲ့ ရှေ့ယာဉ်နဲ့ အကွာအဝေးကို ထိန်းပေးရမယ့်သူတွေပဲ ဖြစ်ပါတယ်။

 

မိမိရဲ့ရှေ့ယာဉ်နဲ့ ဘယ်လောက်ခွာပြီး မောင်းရမယ်ဆိုတဲ့ အန္တရာယ်ကင်းအကွာအဝေးကို စည်းမျဉ်းတစ်ခု ထုတ်ပြန်ပြီးသတ်မှတ်ခဲ့ကြပါတယ်။ အဲဒါကိုတော့ “နှစ်စက္ကန့်စည်းမျဉ်း” လို့ခေါ်ပါတယ်။ ဘယ်အရှိန်နဲ့ သွားနေ တဲ့ယာဉ်ဖြစ်ပါစေ။ ယာဉ်အားလုံးနဲ့ သက်ဆိုင်တဲ့စည်းမျဉ်း ဖြစ်ပါတယ်။ ယာဉ်အန္တရာယ် ကင်းအောင် မိမိယာဉ်နဲ့ ရှေ့ယာဉ်အကွာအဝေးကို နှစ်စက္ကန့်ခွာပြီး မောင်းပါလို့ဆိုတဲ့သဘောပါပဲ။ အကွာအဝေးကို အချိန်နဲ့ ပြောနေ တာဖြစ်လို့ နားရှုပ်သွားမယ်လို့ ထင်ပါတယ်။ နှစ်စက္ကန့်စည်းမျဉ်းအရ နှစ်စက္ကန့်ခွာ မောင်းရမယ်ဆိုတာ ဘယ်လို သဘောလဲဆိုတာ တွက်ချက်ပြပါမယ်။

 

နှစ်စက္ကန့်စည်းမျဉ်းအရ အကွာအဝေး

 

သင်သည် တစ်နာရီလျှင် ၄၈ကီလိုမီတာ မိုင်၃၀ အမြန် နှုန်းဖြင့်မောင်းနေစဉ် သင့်ယာဉ်နှင့် သင့်ရှေ့ရှိ ယာဉ်၏ကြားတွင် နှစ်စက္ကန့်စည်းမျဉ်းအရ မည်မျှအကွာအဝေးရှိရမည်နည်း။ ဒီမေးခွန်းကို ကီလိုမီတာနဲ့ တစ်မျိုး၊ မိုင်နဲ့တစ်မျိုး တွက်ပြပါမယ်။

 

-ကီလိုမီတာဖြင့်တွက်သော် ၄၈ကီလိုမီတာ=၄၈_၁၀ဝ= ၄၈၀ဝဝ မီတာ၊ တစ်နာရီ=၆၀_၆၀=၃၆၀ဝစက္ကန့်၊ တစ်စက္ကန့် အမြန်နှုန်း= ၄၈၀ဝဝ÷၃၆၀ဝ =၁၃.၃မီတာ။ ထို့ကြောင့်နှစ်စက္ကန့် တွင်ရောက်ရှိမည့်အကွာအဝေး = ၁၃.၃_၂=၂၆.၆= ၂၇မီတာ။-မိုင်ဖြင့်တွက်သော် ၃၀မိုင်= ၃၀_၅၂၈၀=၁၅၈၄၀ဝပေ၊ တစ်နာရီ=၃၆၀ဝစက္ကန့်၊ တစ်စက္ကန့်အမြန်နှုန်း= ၁၅၈၄၀ဝ÷ ၃၆၀ဝ=၄၄ ပေ။ ထို့ကြောင့် နှစ်စက္ကန့်တွင်ရောက်ရှိမည့်အကွာ အဝေး= ၄၄_၂= ၈၈=၉၀ ပေ။

 

ဒါကြောင့် နှစ်စက္ကန့်စည်းမျဉ်းအရ ယာဉ်နှစ်စီးအကြားမှာရှိရမယ့် အကွာအဝေးဟာ ၂၇ မီတာ ၉၀ ပေ ဖြစ်တယ်ဆိုတဲ့ အဖြေပါပဲ။ အမြန်နှုန်းပြောင်းတာနဲ့အမျှ ကြားအကွာအဝေးပြောင်းပေးရမှာဖြစ်ပါတယ်။ ကမ္ဘာမှာ ဒီစည်းမျဉ်းကို၂၀၁၁ ခုနှစ်အထိ အသုံးပြုခဲ့ကြတယ်လို့ လေ့လာသိရှိရပါတယ်။ မြန်မာနိုင်ငံမှာလည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်တဲ့စာအုပ်တွေမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

 

သုံးစက္ကန့်စည်းမျဉ်း

 

နောက်ပိုင်းမှာတော့ အမေရိကန်နိုင်ငံ National Safety Council  က တစ်စက္ကန့်တိုးပြီး သုံးစက္ကန့်စည်းမျဉ်းကို ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ နှစ်စက္ကန့်စည်းမျဉ်းက အန္တရာယ် ကင်းရပ်တန့်မှုအကွာအဝေးအတွက် မလုံလောက်ကြောင်း ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ အဲဒီအခြေအနေတွေကတော့ ရာသီဥတုကြောင့် မြင်ကွင်း ကန့်သတ်ချက်ဖြစ်နေချိန်၊ မိုး နှင်း ရေခဲပြင်တွေကြောင့် လမ်းချောနေတဲ့နေရာတွေ၊ ကုန်တင်ယာဉ် ဆိုင်ကယ်စက်ဘီးခြေကျင်လျှောက်သူတွေနဲ့ ယာဉ်ကြောရှုပ်ထွေး နေချိန်၊ လမ်းပေါ်မှာ အတားအဆီးရှိနေတဲ့ နေရာမျိုးတွေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာတဲ့ ယာဉ်မောင်းတွေက နှစ်စက္ကန့်စည်းမျဉ်းကို မလုံလောက်စေတော့တာ ဖြစ်ပါတယ်။

 

သုံးစက္ကန့်စည်းမျဉ်းကို သတ်မှတ်ရာမှာတော့ လမ်းမျက်နှာ ပြင်ခြောက်သွေ့တဲ့လမ်းပေါ်မှာ အမြန်နှုန်း အမျိုးမျိုးအတွက် အန္တရာယ်ကင်းရပ်တန့်မှုအကွာအဝေးကို လက်တွေ့စမ်းသပ် ဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မိမိယာဉ်ကို ဘယ်လိုမိုင်နှုန်းနဲ့ မောင်းမောင်း သုံးစက္ကန့်စည်းမျဉ်းအကွာအဝေးခွာပြီး မောင်းရင် အချိန်မီ ရပ်တန့်နိုင်တာဖြစ်လို့ အခုအချိန်မှာ သုံးစွဲနေတဲ့ စည်းမျဉ်းဖြစ်ပါတယ်။

 

လေးစက္ကန့်စည်းမျဉ်း

 

လမ်းမျက်နှာပြင်ခြောက်သွေ့တဲ့ သာမန်အခြေအနေမှာ သုံးစက္ကန့်စည်းမျဉ်းဟာ လက်တွေ့စမ်းသပ်ချက် တွေအရ လုံလောက်မှုရှိတဲ့ စည်းမျဉ်းဖြစ်ပါတယ်။ အဲဒီစည်းမျဉ်းကိုပဲ လက်ခံကျင့်သုံးနေကြပါတယ်။ ဒါပေမယ့် စိုစွတ်တဲ့လမ်း၊ နှင်းခဲဖုံးတဲ့လမ်းနဲ့ နောက်တွဲယာဉ်တွေကို ဆွဲတဲ့ယာဉ်တွေအတွက် ရှေ့ယာဉ်နဲ့ အကွာအဝေးကို လေးစက္ကန့်စာ ခွာလိုက်ရပါမယ်။ မြန်မာနိုင်ငံမှာတော့ မည်သည့်ယာဉ် မည်သည့်အရှိန်နဲ့မဆို သာမန် အခြေအနေမှာ ရှေ့ယာဉ်နဲ့ လေးစက္ကန့်စာခွာလိုက်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒါဟာ လေးစက္ကန့် စည်းမျဉ်း သတ်မှတ်ချက်ပါပဲ။

 

အခုတင်ပြခဲ့တဲ့ စည်းမျဉ်းတွေက သာမန်အခြေအနေမှာ အနိမ့်ဆုံး အနည်းဆုံးသတ်မှတ်ချက်တွေ ဖြစ်ပါတယ်။ လမ်းမျက်နှာပြင်စိုစွတ်ပြီး လမ်းချောနေမယ်ဆိုရင်တော့  ယာဉ်မောင်းကိုယ်တိုင်က  သုံးစက္ကန့်ကနေ ခြောက်စက္ကန့်ကို ပြောင်းတာမျိုး၊ လေးစက္ကန့်ကနေ ရှစ်စက္ကန့်ပြောင်းတာမျိုး လုပ်သွားရမှာပါ။

 

မီးပွိုင့်တွေမှာပါ လိုက်နာကြ

 

စက္ကန့်စည်းမျဉ်းတွေက ရှေ့ယာဉ်နဲ့ အန္တရာယ်ကင်းအကွာ အဝေး၊ အန္တရာယ်ကင်း နောက်လိုက်အကွာ အဝေးဆိုတဲ့ မောင်းနှင်စဉ် အကွာအဝေးသတ်မှတ်ချက်တွေ ဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ မီးပွိုင့်ကလွှတ်လို့ ထွက်ခွာတဲ့အခါတွေမှာ ရှေ့ယာဉ်ထွက်ခွာပြီး မိမိယာဉ်စောင့်ရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ဒီနေရာမှာတော့ အကွာအဝေးနဲ့မတွက်ဘဲ စက္ကန့်နဲ့ပဲ တွက်ရမှာဖြစ်ပါတယ်။

 

သုံးစက္ကန့်စည်းမျဉ်းအရ ပြောရမယ်ဆိုရင် ရှေ့ယာဉ်ဘီး စလိမ့်ချိန်မှာ “ထောင့်တစ်၊ ထောင့်နှစ်၊ ထောင့်သုံး” လို့ ပုံမှန် လေးရေတွက်ပြီးမှ ကိုယ့်ယာဉ်ဘီးစလိမ့်ရမှာ ဖြစ်ပါတယ်။ သုံးစက္ကန့်ဆိုတဲ့အချိန်ကလေးဟာ ဘာမျှမကြာ လိုက်တဲ့ အချိန်တို လေးဖြစ်ပေမယ့်ယာဉ်တွေဟာ အန္တရာယ်ကင်းတဲ့အကွာအဝေး ဖြစ်နေတာကို တွေ့ရပါ လိမ့်မယ်။ ဒါကြောင့် စက္ကန့်စည်းမျဉ်းတွေ ကို မီးပွိုင့်တွေမှာပါ လိုက်နာကြရမှာဖြစ်ပါတယ်။

 

အလွယ်မှတ်နိုင်အောင်တွက်ချက်

 

နောက်ဆုံးအနေနဲ့ စက္ကန့်စည်းမျဉ်းတွေထဲက သာမန်အခြေအနေမှာ အသုံးပြုနေကြတဲ့ သုံးစက္ကန့်စည်းမျဉ်းကို အခြေခံပြီး တွက်ချက်ထားတာလေးကို တင်ပြလိုပါတယ်။ အမြန်နှုန်းတွက်ချက်ရာမှာ ကျွန်တော်တို့ ယဉ်ပါး နေတာက ပေ၊ ပေါင်၊ စက္ကန့် (fps) စနစ်ဖြစ်ပါတယ်။ ကားတွေမှာပါတဲ့ အမြန်နှုန်းပြကိရိယာမှာ ဖော်ပြ ထားတာက မီတာ၊ ကီလို၊ စက္ကန့်စနစ်ကို အခြေခံထား တဲ့ ကီလိုမီတာနဲ့ ဖော်ပြထားပါတယ်။

 

ဒီတော့မျက်စိရှေ့မှာမြင်နေရတာက ကီလိုမီတာဒိုင်ခွက်၊ တွက်ချက်ချင်တာက မိုင်နဲ့ဆိုတော့ ဒိုင်ခွက်မှာ ဖော်ပြ နေတဲ့ ကိုယ့်ရဲ့ အမြန်နှုန်းကီလိုမီတာကို ကြည့်လိုက်တာနဲ့ သုံးစက္ကန့် စည်းမျဉ်းအရ ရှေ့ယာဉ်နဲ့ ဘယ်လောက် ခွာမောင်းရမယ်ဆိုတာ အလွယ်မှတ်နိုင်အောင် တွက်ချက်ပေးပါ့မယ်။ ဒီနေရာမှာ ကိန်းပြည့်ယူတွက်မှာမို့ ဆယ်ပေ ဆယ့်ငါးပေတော့ အတိမ်းအစောင်း ရှိပါလိမ့်မယ်။ တစ်ကီလိုမီတာမှာ ဝ ဒသမ ၆၂၃၃ မိုင်ရှိပါတယ်။ ဒါကြောင့် တစ်ကီလိုမီတာ=ဝ.၆မိုင်နဲ့ တွက်ပါ့မယ်။

 

အမြန်နှုန်းပြဒိုင်ခွက်မှာ ဖော်ပြထားတဲ့ ကီလိုမီတာအတိုင်း တွက်ပါမယ်။

 

- ၂၀ကီလိုမီတာ_ဝ.၆မိုင်= ၁၂မိုင်_၅၂၈၀ ပေ= ၆၃၃၆၀ ပေ ÷ ၃၆၀ဝ စက္ကန့် =၁၇.၆ ပေ_ ၃စက္ကန့်=၅၂.၈ ပေ= ၅၀ ပေ (ကိန်းပြည့်ယူ)။
- ၄၀ကီလိုမီတာအတွက် ထိုတွက်နည်းအတိုင်းတွက်လျှင် ၁၀ဝ ပေ။
- ၆၀ ကီလိုမီတာအတွက် ပေ ၁၅၀။
- ၈၀ကီလိုမီတာအတွက် ပေ ၂၀ဝ။
- ၁၀ဝကီလိုမီတာအတွက် ပေ ၂၅၀ ဆိုပြီး ရပါတယ်။ ကိုယ်တိုင် တွက်ကြည့်လို့ ရပါတယ်။

 

အဲဒီတော့ ကီလိုမီတာဒိုင်ခွက်ကြည့်ပြီး အခြေခံဖြစ်တဲ့ ၂၀ ကီလိုမီတာမှာ ပေ ၅၀ ခွာမောင်းရမယ်။ နောက်တစ်ကွက်ဖြစ်တဲ့ ၄၀ ကီလိုမီတာဆို ပေ ၁၀ဝ ခွာရမယ်နဲ့ ၅၀ စီ တိုးတာလေးကို ပုံသေမှတ်ထားပြီး ၁၀ဝ ကီလိုမီတာမောင်းနေချိန်မှာတော့ ရှေ့ယာဉ်နဲ့ ပေ ၂၅၀ ခွာမောင်းရပါမယ်။ အဲဒီလို မောင်းတာဟာ စနစ်တကျလက်တွေ့စမ်းသပ်ပြီး ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတစ်ခုကို လိုက်နာလိုက်တာဖြစ်လို့ အန္တရာယ်ကင်း ကြပါလိမ့်မယ်။

 

အမြန်နှုန်းကို ထက်ဝက်လျှော့ချ

 

ဒါပေမယ့်လည်း အဲဒီစည်းမျဉ်းတွေက သာမန်အခြေအနေကိုမူတည်ပြီး စမ်းသပ်ထုတ်ပြန်ထားတာဖြစ်လို့ မူသေ လိုက်နာကြရမယ်လို့ မဆိုလိုပါဘူး။ ရာသီဥတုကြောင့် လမ်းမျက်နှာပြင် စိုစွတ်နေရင် မြင်ကွင်းမကောင်းရင် အမြန်နှုန်းကို ထက်ဝက်လျှော့ချပြီး မောင်းရမယ်ဆိုတဲ့အချက်ကိုပါ လိုက်နာကြရမှာပါ။ အဲဒီလိုမှ မလိုက်နာ ပြန်ဘူးဆိုရင်တော့ အခြားသူတွေရဲ့ ပယောဂမပါဘဲ ကိုယ့်ယာဉ်တစ်စီးတည်းနဲ့တင် ဒုက္ခတွေ့ ကြရပါလိမ့်မယ်။ လမ်းချော်ပြီး တိမ်းမှောက်တာမျိုး၊ လမ်းဘေးထိုး ကျတာမျိုး၊ လမ်းဘေးကတစ်ခုခုကို ဝင်တိုက်မိတာမျိုးကို ဆိုလိုတာပါ။

 

မြန်နှုန်းကိုထက်ဝက်လျှော့ချပြီး မောင်းရမယ်ဆိုတော့ ဘယ်အမြန်နှုန်းက စံလဲလို့ မေးစရာရှိပါတယ်။ ဘာလို့ အမြန်နှုန်းကို လျှော့ရတာလဲလို့လည်း မေးနိုင်ပါတယ်။ အမြန်နှုန်းကိုပြောင်းဖို့အတွက် လမ်းပုံသ္ဌာန်၊ လမ်းရဲ့ အကျယ်၊ လမ်းမျက်နှာပြင်အခြေအနေနဲ့ အန္တရာယ်အနေအထားတွေအပေါ် အခြေခံပြီး ဆုံးဖြတ်ရပါတယ်။ လမ်းမျက်နှာပြင်အခြေအနေက စိုစွတ်နေပြီဆိုရင် အရှိန်လျှော့ဖို့ ဆုံးဖြတ်ရပါမယ်။ စိုစွတ်တဲ့လမ်းမှာ ယာဉ်တစ်စီးရပ်တန့်နိုင်ဖို့အတွက် ခြောက်သွေ့တဲ့ လမ်းမှာထက် အကွာအဝေးများစွာလိုအပ်တာကြောင့် အမြန် နှုန်းကို မဖြစ်မနေလျှော့ရတာဖြစ်ပါတယ်။

 

ဘယ်နှုန်းကို စံထားပြီးလျှော့ရမှာလဲ

 

အမြန်နှုန်းကို ထက်ဝက်လျှော့ချရာမှာ ဘယ်နှုန်းကို စံထားပြီး လျှော့ရမှာလဲဆိုတာကို ထင်သာမြင်သာရှိတဲ့ ဥပမာ တစ်ခုပေးရမယ်ဆိုရင် အမြန်လမ်းမှာ တစ်နာရီကီလိုမီတာ ၁၀ဝ နှုန်းထက် မကျော်ဖို့ ကန့်သတ်ထားတာ ရှိပါတယ်။ ဒါတောင် အကွေ့နေရာတွေမှာ အမြန်နှုန်းကို သီးခြားကန့်သတ် ပေးထားတာတွေ ရှိပါသေးတယ်။ အဲဒီကန့်သတ်ချက်တွေက ရာသီဥတုကောင်းတဲ့ သာမန်အချိန်တွေအတွက် ကန့်သတ်ပေးထားတာပါ။ လမ်းမျက်နှာပြင်စိုစွတ်နေချိန်မှာ အမြန်နှုန်းကို ထက်ဝက်လျှော့ချရမယ်ဆိုရင် ၁၀ဝ ကီလိုမီတာနှုန်းကို စံထားပြီး ထက်ဝက်ဖြစ်တဲ့ ၅၀ ကီလိုမီတာနှုန်းနဲ့မောင်းရမှာ ဖြစ်ပါတယ်။

 

တကယ်တော့ ခြောက်သွေ့တဲ့အချိန် လမ်းအခြေအနေအရ မောင်းနှင်တဲ့ အမြန်နှုန်းကိုမူတည်ပြီး လမ်းမျက်နှာ ပြင်စိုစွတ်နေတဲ့အချိန်မှာ အမြန်နှုန်း ထက်ဝက်လျှော့ချ မောင်းနှင်ကြရမယ်လို့ဆိုလိုတာပါ။ ဒါကတော့ အခုလို ရာသီဥတုအခြေအနေကြောင့် လမ်းမျက်နှာပြင် စိုစွတ်နေတဲ့အချိန်မှာဖြစ်တတ်တဲ့ ယာဉ်မတော်တဆမှုတွေ ကနေ ကိုယ်မဖြစ်အောင် ဘယ်လိုဆင်ခြင်မောင်းနှင်ရမယ်ဆိုတဲ့ အသိတစ်ခုရစေချင်လို့ ဖြည့်စွက်ဆွေးနွေး ပေးခဲ့တာပဲ ဖြစ်ပါတယ်။

 

အချုပ်အားဖြင့်ပြောရမယ်ဆိုရင် အမြန်လမ်းမှာဖြစ်ခဲ့တဲ့ ယာဉ်မတော်တဆမှုတစ်ခုကို အကြောင်းပြုပြီး ယာဉ်တစ်စီးနဲ့ တစ်စီးကြားမှာ ထားရှိရမယ့် အန္တရာယ်ကင်းနောက်လိုက် အကွာအဝေးသတ်မှတ်ချက်စည်းမျဉ်း၊ ရာသီဥတုအခြေအနေ ပေါ်မူတည်ပြီး အရှိန်ဘယ်လို လျှော့ရမယ်ဆိုတာတွေကို အလွယ်နည်းနဲ့ တွက်ချက် ပြသပေးခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တိုင်လက်တွေ့ လိုက်နာစမ်းသပ်ကြည့်ခြင်းဖြင့် ယာဉ်မတော်တဆမှုနအ္တရာယ် ကင်းဝေးကြပါစေ။