အမြင့်မြို့ဟောင်းမှ ရှေးဟောင်းစေတီများ

မောင်သာ(ရှေးဟောင်းသုတေသန)

ပျူယဉ်ကျေးမှု ထွန်းကားခဲ့ချိန်မှစ၍ ထေရဝါဒ ဗုဒ္ဓဘာသာဆိုင်ရာ အထောက်အထားများစွာကို တွေ့ရှိရသည့် မြန်မာ နိုင်ငံတွင် ရှေးဟောင်း ဘုရားစေတီပုထိုးများစွာကို နေရာ ဒေသများစွာတွင် ယနေ့တိုင် မြင်တွေ့နိုင်ကြသည်။ ဘုရားကြီး၊ ဘောဘောကြီး၊ ဘုရားမာ စသည့် ပျူခေတ်လက်ရာ စေတီများ၊ လေးမျက်နှာဂူ၊ ရဟန္တာဂူ၊ အရှေ့ဈေးဂူ စသည့် လိုဏ်ဘုရားများသည် ပျူမြို့ဟောင်း သရေခေတ္တရာတွင် ယခုတိုင် တည်ရှိနေသကဲ့သို့ ပုဂံခေတ် စေတီပုထိုးများစွာကိုလည်း ပုဂံဒေသတွင် ဖူးတွေ့နေကြရပေသည်။ ထို့အတူ စစ်ကိုင်း၊ အင်းဝ၊ အမရပူရ စသည့် မြန်မာ့ရှေးဟောင်း မြို့တော်များတွင် စေတီပုထိုးများ အပါအဝင် ဗုဒ္ဓဘာသာ ဆိုင်ရာ သာသနိက အ‌ဆောက်အအုံများကို ယနေ့တိုင် ထိန်းသိမ်းထားရှိသည်။


စေတီပုထိုးဟောင်းများသည် မွေတော်ကက္ကူ၊ ပလိပ်၊ မက္ခရာ အစရှိသည့် ရှေးဟောင်းနေရာဒေသအချို့တွင် ယနေ့တိုင် ရှိနေရာ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦး မြို့နယ်ထဲမှ အမြင့်ကျေးရွာသည်လည်း တစ်ခုအပါအဝင် ဖြစ်ပေသည်။


ချောင်းဦးမြို့နယ်
မြန်မာနိုင်ငံအတွင်းရှိခဲ့သည့် ရှေးဦးလူ ပရိုင်းမိတ် ရုပ်ကြွင်းအံသွားကို ရှာဖွေတွေ့ရှိခဲ့သည့် နွယ်ခွေကျေးရွာသည် ချောင်းဦးမြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်။ ၁၉၈၁ ခုနှစ်က နွယ်ခွေကျေးရွာမှ အနောက်မြောက်ဘက် တစ်မိုင်ကွာဝေးသည့် ရွှေမြင်တင်တောင်တန်းရှိ ဒင်္ဂါးကုန်းမှ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေသည့် ရှေးဦးလူသားအံသွားကို တွေ့ရှိခဲ့သဖြင့် ပညာရပ်နယ်ပယ် အသီးသီးတွင် အထူးထင်ရှားခဲ့သည်။


မြန်မာ့စွယ်စုံကျမ်း၌ မြန်မာသက္ကရာဇ် ၂၈၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၄ ရက်တွင် ညောင်ဦး စောရဟံသည် ချောင်းဦးရွာမကို အရံကျေးရွာငယ် ကိုးရွာခြံရံလျက် တည်ထားခဲ့ကြောင်းနှင့် မြို့၏ထောင့်လေးထောင့်၌ အင်းချပ်များမြှုပ်နှံရန် မြေတူးစဉ် သံတူးရွင်းမှ မီးတောက် သဖြင့် သံတောက်ဟုလည်း ခေါ်ဆိုခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အတူ ချောင်းဦးသည် ချောင်းများဦးတိုက်ရာ အရပ်၊ ချောင်းများ၏အစ ဖြစ်သဖြင့် ချောင်းဦးဟုခေါ်ဆိုကြောင်းနှင့် ခင်မွန်ရွာ ရွှေစည်းခုံဘုရား ကျောက်စာတွင် ချောင်းဦးမြေဟု ဖော်ပြခဲ့သည်။


လက်ရှိ ချောင်းဦးမြို့နယ်သည် အရှေ့ဘက်တွင် မြင်းမူမြို့နယ်၊ အနောက်ဘက်တွင် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက်တွင် မြောင်မြို့နယ်နှင့် မြောက်ဘက်တွင် မုံရွာမြို့နယ်တို့နှင့် နယ်နိမိတ်ထိဆက်နေကာ ၁၈၈ ဒသမ ၅၇ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့မှ အနောက်သို့ ၁၄ မိုင် ၄ ဖာလုံနှင့် တောင်မှ မြောက်သို့ ၁၃ မိုင် ၇ ဖာလုံ ရှည်လျားသည့် ချောင်းဦး မြို့နယ်ကို ရပ်ကွက် ခြောက်ခု၊ ကျေးရွာအုပ်စု ၂၆ အုပ်စု၊ ကျေးရွာ ၈၉ ရွာဖြင့် ဖွဲ့စည်းထားသည်။

 

မြို့နယ်အတွင်းရှိ လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ် မြေ ၁၈၈၀၇၀ ဧကတွင် စိုက်ပျိုးရေးလုပ်ငန်းများကို ပြုလုပ်ကာ ၂၀၁၇- ၂၀၁၈ ခုနှစ်တွင် စပါးတင်း ၁၆ သိန်း နှင့် မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဝါနှင့် အစေ့ထုတ်ပြောင်းများ ထွက်ရှိခဲ့သည်။


နှစ်ရှည် သီးနှံအဖြစ် ထန်း၊ ကွမ်းသီးနှင့် သရက်ကို အများဆုံး စိုက်ပျိုးကြကာ ဈေးကွက်ဝင်သီးနှံအဖြစ် ဖရဲ နှင့် သခွားမွှေးကို ၁၂၇၁၆ ဧက စိုက်ပျိုးခဲ့သည်။


ချောင်းဦးမြို့နယ်နေ ကျောင်းသား ကျောင်းသူများ ပညာသင်ယူနိုင်ရန် အထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲ ကိုးကျောင်း၊ အလယ်တန်းနှင့် အလယ်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ မူလတန်းလွန်နှင့် မူလတန်း ကျောင်း ၆၂ ကျောင်း ဖွင့်လှစ်ထားသည်။ ထို့အတူ ဒေသနေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပြုနိုင်ရန် ၂၅ ခုတင်ဆံ့ ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံ၊ ၁၆ ခုတင် ဆံ့ အမြင့်တိုက်နယ်ဆေးရုံ၊ သုံးပန်လှ တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၆ ခုကို ဖွင့်လှစ်ထား သည်။


လက်ရှိ အချိန်တွင် ချောင်းဦးမြို့နယ်၌ ဘုရား စေတီ ပုထိုး အဟောင်း အသစ်စုစုပေါင်း ၁၄၅၄ ဆူရှိရာ ချောင်း ဦးမြို့၊ ခင်မွန်ရွာ၊ အမြင့်ကျေးရွာ၊ အနိမ့်ကျေးရွာနှင့် မှန်ချို ကျေးရွာရှိ စေတီပုထိုးများသည် ထင်ရှားကြသည်။ ယင်းတို့ အနက် ခင်မွန်ကျေးရွာရှိ မင်္ဂလာအောင်မြင် ဂူဘုရား၊ ရုပ်စုံဘုရား၊ အောင်မြေလောက ဂူဘုရား၊ ပြာသာဒ်ဘုရား၊ မဟာဇောတိကာရာမကျောင်းတိုက်၊ အမြင့် ကျေးရွာရှိ မင်းအိုချမ်းသာ ဘုရားစု၊ ပြာသာဒ်ဘုရားစု၊ မင်းရဲဘုရားစု မှ စေတီတစ်ဆူ၊ ရပ်သစ်ကျောင်းဘုရားစုမှ စေတီတစ်ဆူ၊ အနိမ့်(သုံးပန်လှကျေးရွာ)ရှိ သမ္ဘူလဘုရား၊ တောရ ကျောင်း ပိဋကတ်တိုက်အနီးမှ စေတီ၊ ခြင်္သေ့ဦး ဘုရားစု လေးဆူ၊ ယွန်းကျောင်းစေတီဘုရားစု လေးဆူ၊ တောကျောင်းကြီး ကျောက်စာရုံ၊ သုံးပန်လှစေတီစု၊ ရွှေဂူထွဋ် စေတီစု၊ ဗူးကုန်းစေတီနှင့် နံရံဆေးပန်းချီရှိသည့် လိုဏ်ဘုရားကြီးတို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ကာကွယ်ထိန်းသိမ်းထားသောဇုန် အဖြစ် ၂၀၁၂ ခုနှစ်က သတ်မှတ်စောင့်ရှောက်ထားသည်။


အမြင့်မြို့ဟောင်း
သတင်းစာဆရာ အိုးဝေဦးညိုမြ (၁၉၁၄- ၁၉၈၅)၊ နိုင်ငံ့ဂုဏ်ရည်ပထမဆင့် သခင်လေးမောင်(၁၉၁၀- ၁၉၉၀)၊ အရီးတောင်း လက်ဖက်လုပ်ငန်းရှင် ဦးကျော်သိန်း(၁၉၂၄-)တို့၏ ဇာတိမြေဖြစ်သည့် အမြင့်သည် ချောင်းဦးမြို့၏ အနောက်ဘက်တည့်တည့် ခုနစ်မိုင်ခွဲအကွာ ချင်းတွင်းမြစ် ကမ်းပေါ်၌ တည်ရှိသည်။


မြို့ဂုဏ်ဆောင် ယင်းပုဂ္ဂိုလ်တစ်ဦးစီ၏ ဦးခေါင်း ပိုင်းရုပ်တုနှင့် ကိုယ်ရေးအကျဉ်း ကျောက်စာတိုင်သုံးခုကို အမြင့်မြို့တွင် ဖွင့်လှစ်ထားသည့် ညိုမြတို့ရွာ စာကြည့်တိုက်ရှေ့တွင် စိုက်ထူထားသည်။


အမြင့်သည် ရာဇဝင်ကျမ်းများအလိုအရ အမည်ငါးမျိုး တွင်သည့်ဒေသဖြစ်ကာ ပွင့်တော်မူခဲ့သည့် ဘုရားလေးဆူ လက်ထက်က ငမည်း၊ ငဆည်း၊ ကြံ့ကူး၊ ဥဇ္ဇေနီဟု ထင်ရှားခဲ့ပြီး နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် လက်ထက်တွင် ဖူးမစဲ အမည်ဖြင့် ထင်ရှားမည်ဟု ဆိုကြသည်။ ပုဂံဘုရင် ထီးလိုမင်းလိုနှင့် လောင်းရှည်မိဖုရားတို့ အပိုင်စားခဲ့ဖူးသည့် အမြင့်မြို့တွင် အင်းဝဘုရင်မင်းကြီး စွာစော်ကဲနှင့် ကုန်းဘောင်ခေတ်မြို့စား မင်းလက်ဝါးတို့သည်လည်း မြို့စားများ ဖြစ်ခဲ့ကြဖူးသည်။


အမြင့်သည် ချင်းတွင်းမြစ်ရိုးတစ်လျှောက် တောင်ဘက် လေးမိုင်အကွာရှိ အနိမ့်မြို့ဟောင်းနှင့် တွဲဖက်ထင်ရှားခဲ့ရာ အနိမ့်မြို့ဟောင်း (ယခု သုံးပန်လှရွာ) သည် ဆရာတော်ဦးဝိစာရ၏ ဇာတိမြေဖြစ်ပေသည်။ မှန်နန်း ရာဇဝင်အလိုအရ အမြင့်သည် စစ်သည် ၈၀၀ ပြုမြို့ ဖြစ်ခဲ့ပြီး ကုန်းဘောင်ခေတ်တွင် စစ်သည် ၂၀၀ စုဆောင်းပေးရ သည့်မြို့ ဖြစ်ခဲ့သည်ဟု ဆိုသည်။


အမြင့်၏ မူလအမည်သည် ကမ်းမြင့်ဖြစ်၍ ချင်းတွင်း မြစ်အတိုင်း မျောပါလာသည့် ကြံ့တစ်ကောင်သည် ကမ်းသို့တက်ရန် ကြိုးပမ်းခဲ့စဉ် အမြင့်နေရာ၌ ကမ်းပါးက မြင့်နေသဖြင့် မတက်နိုင်ခဲ့ဘဲ ကမ်းပါးနိမ့်သည့် အနိမ့်နေရာရောက်မှ တက်နိုင်ခဲ့သဖြင့် ယင်းနေရာနှစ်ခုကို ကမ်းမြင့် နှင့် ကမ်းနိမ့်ဟု ခေါ်ဆိုခဲ့ကြာင်း အမြင့်ကျေးရွာရှိ ညိုမြတို့ရွာ စာကြည့်တိုက်မှူး ဦးညိုသောင်းက ရှင်းပြခဲ့သည်။


အမြင့်ကို သက္ကရာဇ် ၂၂၄ ခုနှစ်တွင် တည်ထားခဲ့သည်ဟု ယုံကြည်ကြကာ မြို့စတင်တည်ထောင်ခဲ့သည့် ခုနှစ်ကို "ကြာကြာရစ် အမြင့်"ဟု မှတ်သားခဲ့ကြသည်။ ပုဂံဘုရင် နရပတိစည်သူ (၁၁၆၅-၁၂၀၁) လက်ထက်တွင် အမြင့်မြို့ဟောင်းကျုံးကို ပြုပြင်မွမ်းမံခဲ့ရာ ထိုကျုံးကို အမြင့်သို့အဝင်၌ ယနေ့တိုင် မြင်တွေ့နိုင်ကြပေသည်။


အမြင့်မြို့ဟောင်း၏ အဝန်းအဝိုင်းအတွင်း၌ စေတီပုထိုး ၃၃၆ ဆူ၊ ဘုန်းကြီးကျောင်း ၁၁ ကျောင်းနှင့် ပုဂံ ခေတ်မှ ကုန်းဘောင်ခေတ်အထိ ရေးထိုးခဲ့သည့် ကျောက် စာ ၆၃ ချပ် တည်ရှိသည်။ အမြင့်မြို့ ဘုံစဉ်ကျောင်းဆရာတော် မှတ်စုတွင် အမြင့်မြို့ကို စေတီ ၁၀ ဆူ၊ နတ်ကြီး ကိုးပါး၊ ဂူ ကိုးလုံး၊ ကုန်း ကိုးကုန်း၊ အင်းကိုးအင်း၊ ရေဝင်ပေါက် ငါးပေါက်ဖြင့် တည်ထားခဲ့ကြောင်း ဖော်ပြထားသည်။


အမြင့်မြို့တည် စေတီ ၁၀ ဆူသည် အတွင်းဧသံ၊ အပြင်ဧသံ၊ အတွင်းစက်လုံ၊ အပြင်စက်လုံ၊ အတွင်းဥတိ၊ အပြင်ဥတိ၊ အတွင်းမြင်တင်၊ အပြင်မြင်တင်၊ အတွင်းရွှေဂူ၊ အပြင်ရွှေဂူတို့ဖြစ်၍ နတ်ကြီးကိုးပါးအနက် ဈေးမင်းခေါင်၊ သောတာပန်၊ ရွှေညောင်မကြီး၊ သူရာမကြီး၊ စပသင်နှင့် ပုန့်သင်ရုပ်တုများကို မြို့တံခါးပေါက်ခြောက်ခု၌ ထားရှိ၍ ကျန်နတ်ကြီးသုံးပါး ဖြစ်သည့် ပြည့်ဝသင်၊ တောက်ပသင်နှင့် အလှည့်ရှင်တို့ကို မြို့တွင်းကုန်း ကုန်းကျောင်းတွင် ထားရှိခဲ့သည်။


ဂူကိုးလုံးသည် နတ္တရရွှေဂူ၊ ဂူနက်၊ ဂူနီ၊ ဂူဖြူ၊ ဂူတုတ်၊ ဂူတော်ပြောက်၊ ဂူတော်သစ်၊ သေနဒီဂူနှင့် ဆင်ဂူတို့ ဖြစ်ကြ၍ ကုန်းကိုးကုန်းသည် လှော်ကားကုန်း၊ ငခဲကုန်း၊ ပွေးပင်ခရာကုန်း၊ ဘုံကုန်း၊ ကုလားကြီးကုန်း၊ သဖန်းကုန်း၊ တလိုင်းကုန်း၊ ဝယောက်ကုန်းနှင့် သစ်တစ်ပင်ကုန်းတို့ ဖြစ်သည်။ အင်းကိုးအင်းကို အမြင့်မြို့တွင်း မြို့၏ အရှေ့ ဘက်နှင့် တောင်ဘက်တို့တွင် တူးဖော်ခဲ့ရာ ရွှေကြာအင်း၊ ဝက်ချီးအင်း၊ အင်းပက်လက်၊ လှော်ကားအင်း၊ ခဝါသည် အင်း၊ ကျေးခေါင်အင်း၊ လေးသောင်းအင်း၊ ကံဆီးအင်းနှင့် ငခဲအင်းတို့ ဖြစ်ကြပြီး မြို့တွင်း ရေဝင်ပေါက် ငါးခုသည် ထိမ်ချိုင်ပေါက်၊ ပေါက်တောပေါက်၊ ရှင်သူငယ်ပေါက်၊ ငဆီကြည်ပေါက်နှင့် အရမ်းဝတာပေါက်တို့ ဖြစ်ကြသည်။ ထို့အတူ မြို့တံခါးပေါက် ၁၂ ပေါက်ရှိခဲ့သည်ဟု ဆိုကြကာ မြို့ဝင်ပေါက်တံခါးများကို စည်သာတံခါး၊ သုဒဿတံခါး၊ ဆင်ချတံခါး၊ မင်္ဂလာတံခါး၊ မသာတံခါး၊ အောင်သာတံခါး၊ မသိုးတံခါး၊ မညှိုးတံခါး၊ တက်တိုးတံခါး၊ က္ကံသာတံခါး၊ မင်းမတံခါးနှင့် သာစည်တံခါးဟု အမည်များပေးခဲ့သည်ဟု ဆိုသော်လည်း ယင်းတံခါးများကို မတွေ့ရှိရတော့ပါချေ။


မံဘုရား ၁၀ ဆူ

အမြင့်မြို့ ကုန်းကျောင်း ဂန္ဓကုဋိတိုက်အတွင်း၌ အပူဇော်ခံထားရှိသည့် သစ်သားအပိုင်းအစ၊ အမှုန်အမွှားများဖြင့် ပြုလုပ်ထားသည့် ဉာဏ်တော် သုံးတောင်မြင့်သော ရုပ်ပွားတော်ကို ပုဂံဘုရင် နရပတိစည်သူမင်းကြီးက ထုလုပ်ကိုးကွယ်ခဲ့ သည်ဟု ယူဆကြသည်။ နရပတိစည်သူသည် ဆင်းတုတော် ၁၀ ဆူကို ထုလုပ်ကိုးကွယ်ခဲ့ရာ ရွှေလင်းပင်ကျောင်း(ခင်ဦးမြို့နယ်၊ စည်ပုတ္တရာကျေးရွာ)၊ ကောင်းမှုတော်ဘုရား(စစ်ကိုင်းမြို့)၊ ရွှေစကားကြီးဘုရား (စစ်ကိုင်းမြို့နယ်၊ စမွန်ကျေးရွာ)၊ ရွှေတန်ဆာဘုရား(ရွှေဘိုမြို့)၊ ရွှေစကားဘုရား(မင်းကင်းမြို့)၊ ရွှေယပ်တောင် ဘုရား(စဉ့်ကူးမြို့)၊ စကားလှဘုရား (ကလေးမြို့)၊ ရွှေ စကားကြီးဘုရား (ကြာညှပ်မြို့)၊ ရွှေကုမြင်ဘုရား (မြေဒူးမြို့)နှင့် အမြင့်မြို့တို့တွင် တစ်ဆူစီ တည်ရှိနေကြသည်။


အမြင့်မြို့တွင် ပူဇော်ထားသည့် ယင်းမံဘုရားကို မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်တွင် အမြင့်နှင့် အနိမ့်အကြားရှိ ရွှေတွင်းအောင်း စေတီမှ ရရှိခဲ့သည်။ သော တာပန်ကျေးရွာအနီးတွင် မကွေးဝန်ကြီး ဆောက်လုပ်လှူဒါန်းခဲ့သည့် မကွေးကျောင်းဆရာတော် ဦးပဏ္ဏာဝံ သည် အမြင့်မှ မိမိကျောင်းသို့ကြွလာစဉ် လမ်းရှိ ရွှေတွင်းအောင်းစေတီကို ဝင်ရောက်ဖူးမြော်ခဲ့သည်။ ယင်းစေတီ ဝင်းအတွင်း၌ တည်ရှိသည့် တွင်းကြီးကို အနော်ရထာမင်း စိတ်မျက်ခဲ့ချိန်က ကျန်စစ်သား ပုန်းအောင်းခဲ့သည့်နေရာ ဟု ယူဆကြသည်။


ဆရာတော် ဦးပဏ္ဏာဝံသည် ယင်းတွင်းထဲမှ ဉာဏ်တော် သုံးတောင်ရှိသည့် ဆင်းတုတော်တစ်ဆူကို တွေ့ရှိသဖြင့် ရွာသူရွာသားများ၏ အကူအညီဖြင့် တွင်းထဲမှ အပြင်သို့ ပင့်တင်ခဲ့ရာ ဆင်းတုတော်၏ အောက်ခြေ၌ "မံဘုရား၊ သက္ကရာဇ် ၅၃၆ ၊ ပုဂံ နရပတိစည်သူမင်းကြီး၏ ကောင်းမှု"ဟု ရေးထိုးထားသော ကမ္ပည်းစာကို တွေ့ရှိသဖြင့် မကွေးကျောင်းသို့ ပင့်ဆောင်ခဲ့ သည်။ နောက်တစ်နှစ်တွင် ဆင်းတုတော်ကြီး ခိုးယူခံရပြီး ရက်သတ္တပတ် သုံးပတ်အကြာတွင် ကိုးကျောင်း ဆရာတော် ဦးသီလက အမြင့်မြို့အနီးရှိ တောတန်းထဲမှ ပြန်လည်တွေ့ရှိခဲ့သည်။ ခိုးယူသွားသူများက ဆင်းတုတော်ရှိ ကျောက်မျက်ရတနာ များနှင့် ရွှေများကို ယူဆောင်သွားခဲ့သဖြင့် အမြင့်မြို့မှ ဦးဘိုးတုတ်နှင့် ဒေါ်ကြည်က မူလလက်ရာအတိုင်း ပြင် ဆင်မွမ်းမံခဲ့သည်။ ထို့နောက် ကုန်းကျောင်းဆရာတော်က မကွေးဆရာတော် ဦးပဏ္ဏာဝံထံ ဆင်းတုတော်ကို ပြန် လည်အပ်နှံခဲ့သော်လည်း လက်ခံတော်မမူခဲ့ချေ။


နှစ်စဉ် သီတင်းကျွတ်လပြည့် မတိုင်မီ တစ်ရက်မှ လပြည့်ကျော် တစ်ရက်အထိ ဆင်းတုတော်ကြီးကို ကုန်း ကျောင်းမှ မကွေးကျောင်းသို့ ယာယီပင့်ဆောင်၍ မံဘုရား ကြီး ပူဇော်ပွဲကို နှစ် ၉၀ ကျော်ကြာသည့်တိုင် ကျင်းပခဲ့ သည်။ သို့သော် ကုန်းကျောင်းအဆောက်အအုံ ယိုယွင်း ပျက်စီးလာသဖြင့် ပြန်လည်ပြုပြင်သည့်အချိန်တွင် မံဘုရား ဆင်းတုတော်ကြီးကို ရွှေကြိုးရာဇ်ဘုရား ဂန္ဓကုဋိတိုက်သို့ ပြောင်းရွှေ့ အပူဇော်ခံခဲ့သည်။ကုန်းကျောင်း တည်ဆောက် ပြီးချိန်တွင် ကုန်းကျောင်းသို့ ပြန်လည်ပင့်ဆောင်ခဲ့သည်။


လေ့လာစရာ အမြင့်မှာ

သမိုင်းနှင့် ရှေးဟောင်းသုတေသန ဝါသနာရှင်များ သည် အမြင့်သို့ မကြာခဏ သွားရောက်လေ့လာလေ့ရှိကြရာ ကျန်စစ်သား ပုန်းအောင်းခဲ့သည့်နေရာဟု ယူဆကြသည့်နေရာတွင် တည်ထားသော ရွှေတွင်းအောင်းဘုရား၊ ကျန်စစ်သား ပုန်းအောင်းခဲ့သည့် လိုဏ်ခေါင်း၊ ရွှေကြိုးရာဇ် ရုပ်ပွားတော်၊ ကျွန်းတိုင် ၁၁၉ တိုင်ဖြင့် တည်ဆောက်ခဲ့သည့် မင်းရဲကျောင်းတိုက်နှင့် မင်းရဲတိုက် အတွင်းရှိ စေတီတော်များကို လေ့လာနိုင်ကြသည်။ သက္ကရာဇ် ၁၂၂၀ ပြည့်နှစ်က မင်းတုန်းမင်း၏ သက်တော်ရှည် အမတ်ကြီးဖြစ်သူ မင်းလက်ဝါး ဆောက်လုပ်လှူဒါန်းခဲ့သည့် မင်္ဂလာဘုံပျံ ကျောင်းသည်တိုင် ၁၃၆ တိုင်၊ အဆောင် ၁၂ ဆောင်နှင့် အုတ်လှေကားလေးစင်း ပါရှိသည်။ ထို့အတူ မြန်မာနိုင်ငံ တွင် တစ်ဆူတည်းသာရှိသည်ဟုဆိုသည့် လက်တော်ရာ ကို ကိုယ်တော်ပျောက်ဘုရားဝင်းအတွင်း၌ မြင်တွေ့ကြရ ပေသည်။


အမြင့်ရှိ ရှေးဟောင်းစေတီများ၏ ဘုရားပွဲတော်များ ကျင်းပပုံကို "ရဇ်ကြီးမြစ်လျောင်း ရဲတွင်းပေါင်းမဲ၊ သက်မင်း နန်းရိုး မံဘုံသိမ်"ဟု မှတ်သားကြသည်။ ဝါဆိုလပြည့် မှ သီတင်းကျွတ် လကွယ်နေ့အထိ ဥပုသ်ရက်များတွင် ဘုရားပွဲများကို အစဉ်လိုက် ကျင်းပကြရာ ဘုရားပွဲအစဉ် သည် ရွှေကြိုးရာဇ်၊ ကိုယ်တော်ကြီး၊ ရှင်ပင်မြစ်တနံ၊ ရွှေသာလျောင်း၊ မင်းရဲဘုရားကြီး၊ ရွှေတွင်းအောင်း၊ မင်း ပေါင်း၊ ရှင်ပင်မဲတလီ၊ သက်တော်ရ၊ မင်းရဲ၊ နန်းဦး၊ ရိုး တော်ပုံ၊ မံဘုရား၊ ဘုံပျံနှင့် ရွှေသိမ်တော်တို့ ဖြစ်ကြသည်။


မင်းရဲဘုရားစုအတွင်းရှိ လိုဏ်ဘုရားတစ်ဆူ၏ အတွင်းနံရံတွင် နံရံဆေးပန်းချီများ ရှိနေကာ ယင်းတို့ကို ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နေသောကြောင့် မိမိတို့ ရောက်ရှိချိန်တွင် ဝင်ရောက် လေ့လာခွင့် မရရှိခဲ့ပါချေ။

 

အမြင့်ကျေးရွာသည် လက်ရှိအချိန်တွင် အိမ်ခြေ ၅၇၃ လုံးနှင့် လူဦးရေ ၂၆၁၃ ဦးသာရှိသည့် ရွာငယ်တစ်ခုအဖြစ်သာ တည်ရှိနေသော်လည်း တစ်ချိန်က စည်ပင်ဖွံ့ဖြိုးခဲ့သော ရှေးဟောင်းမြို့တစ်ခုဖြစ်သည်နှင့်အညီ စေတီပုထိုးဟောင်းများ၊ အပြိုအပျက်များနှင့် အုတ်ပုံများကို မြင်တွေ့ကြရသည်။ သမိုင်းအထောက်အထားများကို ရှာဖွေလိုသူများအား အမြင့်မြို့ဟောင်း က ကြိုဆိုနေသည့်နှယ် ဖြစ်နေသည်။


အမြင့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ညိုမြတို့ရွာစာကြည့်တိုက်တွင် ရှားပါးစာမူများ၊ ဓာတ်ပုံမှတ်တမ်းများ၊ စာရေးဆရာကြီး များ၏ လက်ရေးမူများနှင့် သတင်းစာ ဆရာကြီး ဦးညိုမြ စုဆောင်းခဲ့သည့် သတင်းစာနှင့် စာပေ များကို လေ့လာနိုင်ကြသည်။ စာကြည့်တိုက်အတွင်း၌ ကုန်းဘောင်ခေတ်အတွင်းက အမြင့်မြို့ကို စားခဲ့ရသည့် မင်းလက်ဝါးပုံကို ချိတ်ဆွဲပြသထားပြီး စာကြည့်တိုက်မှူး ဦးညိုသောင်းနှင့် အမြင့်မြို့မှ ကဗျာဆရာ ဦးလှသိန်းတို့က မိမိတို့အဖွဲ့အား စာကြည့်တိုက်နှင့် အမြင့်မြို့ဟောင်း၏ ရှေးဟောင်းသမိုင်းဝင်နေရာများကို လိုက်လံ ရှင်းလင်းပြသခဲ့ပေသည်။ ။

 

ကိုးကား
(၁) ချောင်းဦးမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (ပြည်ထဲရေးဝန်ကြီးဌာန)

(၂) မြန်မာ့စွယ်စုံကျမ်း - အတွဲ(၂)

(၃) ရှေးဟောင်းအမြင့်မြို့(မောင်မောင်ချစ်ဦး)

(၄) ရှေးဟောင်းအဆောက်အုံများစာရင်း (၂၀၁၃)