အမျိုးသမီးတို့ဘဝ လုံခြုံမှုအပေါ် သဘောထားအမြင်များ

ရန်ကုန် ၂၆ ဇန်နဝါရီ

ယနေ့ကမ္ဘာသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသည့်  ဗြဟ္မစိုရ်တရားများ၊ အရှက်၊ အကြောက်တည်းဟူသော လောကပါလတရားများ နည်းပါးလာသည်နှင့်အမျှ ပူလောင် ဆူပွက်လျက်ရှိသည်။ တစ်ချိန်က ရိုးသားလှသည့် မြန်မာဓလေ့ လူမှုဘဝအပေါ်သို့လည်း သက်ရောက်မှုများ ရှိလာကာ လူအချင်းချင်းကြားတွင် လှည့်ပတ်ခြင်း၊ ဆင်းရဲလိုခြင်းစသည့် စေတနာဆိုးများကလည်း အားကြီးလာသည်။

အထူးသဖြင့် မြန်မာအမျိုးသမီးတို့၏ နိစ္စဓူဝ လူမှုဘဝအပေါ်သို့လည်း လတ်တလော ရိုက်ခတ်မှုများ ဖြစ်ပေါ်လာသည်။

သို့ဖြင့် မြန်မာ့သတင်းစဉ်က ရန်ကုန်မြို့နေ အမျိုးသမီးအချို့၏ သဘောထား အမြင်များကို ကောက်နုတ်စုစည်း ဖော်ပြလိုက်ရပါသည်။

 

 

ဒေါ်ဆွေဆွေငြိမ်း [မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်]

လတ်တလော မှုခင်းဖြစ်စဉ်တွေအရဆိုရင် အမျိုးသမီးလေးတွေ အသတ်ခံရတာတွေ ကြားနေရတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် အမျိုးသမီးတွေအတွက် မလုံခြုံ တော့သလို ခံစားလာရတယ်။ အမျိုးသမီးတွေအနေနဲ့ မဖြစ်မနေ ညဘက်သွား လာရတဲ့အခါမျိုးမှာ  Taxi စီးရင်တောင် အသိမိတ်ဆွေတွေရဲ့ ကားကိုပဲရွေးစီးဖို့ လိုတယ်။ မဖြစ်မနေ တွေ့ရာကား ငှားစီးမယ်ဆိုရင်တောင် အထူးသတိထားပြီးစီးဖို့ လိုပါတယ်။  ဒါတွေဟာ ကိုယ့်သားသမီးတွေအတွက်လည်း စိတ်မချရပါဘူး။ အမျိုးသမီးတွေ အားလုံးလည်း သတိထားပြီးနေဖို့ လိုပါတယ်။   မဖြစ်မနေ သွားရမယ်ဆိုရင် အဖော်တစ်ဦးလောက် ခေါ်သွားဖို့လိုပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင် အိမ်မှာနေတဲ့ မိဘတွေအနေနဲ့ အမြဲတမ်းစိတ်ပူနေရမှာပါ။ အခုဆိုရင် ရန်ကုန်မှာ  ပိုပြီးလူသတ်မှုတွေ ကြားလာရတယ်။ အသတ်ခံရတဲ့အထဲမှာလည်း အမျိုးသမီးတွေပါဝင်နေတာ တွေ့ရတယ်။ ဒါတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့လည်း ကာကွယ်ပေးဖို့ လိုပါလိမ့်မယ်။ ကျူးလွန်တဲ့သူတွေကိုလည်း ပညာပေးအနေနဲ့ ပြစ်ဒဏ်တွေပေးသင့်ပါတယ်။

 

 

ဒေါ်ခင်လေးဆွေ[မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌ]

အခုဆို  အမျိုးသမီးတွေ တော်တော်များများ အကြမ်းဖက်ခံရတယ်။ တချို့ကျတော့ အကြမ်းဖက်ခံရရင်းနဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ်။ တချို့ကျတော့လည်း ဝတ်ဆင်ထားတဲ့ တန်ဖိုးရှိပစ္စည်းတွေကြောင့် အသတ်ခံရတာတွေ ကြားသိနေရပါတယ်။ အခုခေတ်က နည်းပညာ တိုးတက်လာတာနဲ့အမျှ အွန်လိုင်းကနေ တစ်ဆင့် အပြင်မှာ လူချင်းတွေ့ရင်းနဲ့ အသတ်ခံရတာမျိုးတွေရှိသလို၊ ဘဝပျက်သွားတာတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း သွားရင်းလာရင်းနဲ့ အကြမ်းဖက်ခံရတာမျိုးတွေလည်း ကြားနေရပါတယ်။   ကျွန်မတို့ဆိုရင် အပြင်သွားဖို့ လာဖို့တောင် မရဲတရဲဖြစ်လာတယ်။  လမ်းမှာ အခက်အခဲဖြစ်လို့ လူကောင်းတစ်ယောက်က ကိုယ့်ကိုစေတနာနဲ့ ကူညီမယ်ဆိုရင်တောင် မယုံကြည်ရဲတော့ဘူး။ ကိုယ့်မှာ အခြေအနေအရ လူဆိုးလား၊ လူကောင်းလားဆိုတာ  မဝေခွဲတတ်တော့ဘူး။ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် ဒါမျိုးတွေ မရှိသလောက်ပါဘဲ။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေမျိုးမှာတော့ အမျိုးသမီး တွေအနေနဲ့ ကိုယ်နဲ့ မရင်းနှီးသူတွေကို မယုံဖို့လိုတယ်။ သူစိမ်းတွေက အကူအညီပေးတိုင်းလည်း မယူမိဖို့လိုတယ်။ သွားလာနေထိုင်မှုမျိုးမှာ အမြဲသတိနဲ့ နေထိုင်သင့်ပါတယ်။

ဒေါ်နန့်သဇင်မင်း (ရောင်စုံမိန်းကလေးများအဖွဲ့ ၊ ညှိနှိုင်းရေးမှူး)

အမျိုးသမီးတွေကို အနိုင်ကျင့်ပြီး အသတ်ခံရတဲ့ သတင်းတွေကြားနေရတယ်။ ဒီလိုဖြစ်စဉ်တွေအပေါ်မှာ ပြန်ကြည့်ရင် ရန်ကုန်မြို့ကြီးမှာ အမျိုးသမီးတွေတင်သာမက  အမျိုးသားတွေအတွက်လည်း လုံခြုံမှု မရှိတော့ဘူးဆိုတဲ့ အချက်တစ်ချက်ကို တွေ့ရှိရပါတယ်။ ဒီကိစ္စမှာ အမျိုးသမီးတွေဘက်ကနေထပ်ပြီး ဖြည့်စွက်ပြောရမယ် ဆိုရင်တော့ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု အလေ့အထတွေက အမျိုးသမီးတွေအပေါ်မှာ တစ်ဆင့်နိမ့် တယ်ဆိုပြီး သတ်မှတ်ထားတာတွေ၊ မိန်းကလေးတွေက ဗိုင်းကောင်းကျောက်ဖိ အိမ်ထဲမှာ နေရမယ်ဆိုတဲ့ အချက်တွေက မိန်းကလေးတွေအပေါ်မှာ ပိုပြီးတော့ အနိုင်ကျင့် လာစေနိုင်တယ်လို့ ယူဆလို့ရပါတယ်။   ကျူးလွန်သူတွေရဲ့ စိတ်ထဲမှာလည်း ငါဂရုစိုက်စရာ မလိုဘူးလို့ ဖြစ်နေတဲ့ သဘောကလည်း စဉ်းစားစရာတစ်ချက်ပါပဲ။ နောက်တစ်ချက်ကတော့ ဒီလိုခေတ်ကာလမှာ အမျိုးသား၊ အမျိုးသမီးတွေဟာ နေ့ဘက်၊ ညဘက်တွေမှာလည်း အလုပ်လုပ်နေကြတာတွေ ရှိပါတယ်။ စားဝတ်နေရေး အတွက် အလုပ်လုပ်နေကြရတယ်။ လုံခြုံမှု မရှိတော့ဘူးဆိုရင် နေ့စဉ် လှုပ်ရှားရုန်းကန် နေတဲ့ ပြည်သူတွေအနေနဲ့ ဘယ်လိုအသက်ရှင်နိုင်မလဲ။ ဒါ့ကြောင့် ပြည်သူတွေအတွက် အန္တရာယ်မဖြစ်ခင်မှာ ကာကွယ်ပေးဖို့အတွက် အစိုးရမှာ တာဝန်ရှိသလို လူတိုင်းမှာလည်း တာဝန်ရှိပါတယ်။

 

 

ဒေါ်စုစုနိုင်(ကမာရွတ်မြို့နယ်)

အခုနောက်ပိုင်း အမျိုးသမီးတွေ အသတ်ခံရတဲ့ ဖြစ်စဉ်တွေ တော်တော်များများ ကြားနေရတယ်။ လက်ဝတ်လက်စားတွေလိုချင်လို့ သတ်တာရှိသလို ကာမကိစ္စကြောင့် အသတ်ခံရတာတွေကိုလည်း ကြားနေရတယ်။ ဒီအဖြစ်အပျက်တွေဟာ ကျွန်မတို့လို အမျိုးသမီးတွေ အတွက်ကတော့ ထိတ်လန့်စရာပါပဲ။   မဖြစ်မနေ အကြောင်းကိစ္စရှိလို့ အပြင်ထွက်ရင်တောင် အဖော်ပါမှထွက်တယ်။   တချို့ အလုပ်သွားအလုပ်ပြန် နောက်ကျတဲ့ အမျိုးသမီးတွေအနေနဲ့လည်း နီးစပ်ရာ သူငယ်ချင်းတွေနဲ့အတူ စုစုစည်းစည်း သွားလာနေထိုင်သင့်တယ်။ အကယ်၍ တစ်ယောက်တည်း ဖြစ်နေရင်လည်း အတတ်နိုင်ဆုံး မိဘတွေနဲ့ အဆက်အသွယ်ရှိနေအောင် မကြာခဏ ကိုယ်ဘယ်ရောက်နေတယ် ဆိုတဲ့အကြောင်း ဖုန်းဆက်သင့်တယ်။ ဒါမှလည်း မသမာသူတွေရဲ့ အန္တရာယ်ကနေ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။

 

 

ဒေါ်မြထွေးနု (အင်းစိန်မြို့နယ် ၊ ရွာမ အနောက်ရပ်ကွက်)

အခုတလောကြားရတဲ့ သတင်းတွေက ကျွန်မတို့လို မိန်းမသားတွေအတွက် အချိန်မတော် အပြင်မထွက်ရဲလောက်အောင် ဖြစ်နေတယ်။ မဖြစ်မနေ အပြင်ထွက် ရမယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုမရှိသလို စိုးရိမ်နေရတယ်။ ကျွန်မတို့ဆိုရင် အလုပ်လုပ်ရတော့ သွားရေး၊ လာရေးမှာ အရင်ထက်ပိုပြီး သတိထားနေရတယ်။ ရှေ့သွားနေပေမယ့် နောက်ကြည့်နေရတယ်။ ဘယ်သူ့ကိုမှ မယုံရဲဘူး။   ဒီနှစ်ကတော့ အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏဆိုသလို ကြားနေရတယ်။ ဒါတွေကို ထိန်းချုပ်ဖို့လိုသလို ကျူးလွန်တဲ့ သူတွေကိုလည်း တရားဥပဒေအရ ထိထိရောက်ရောက် အပြစ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်မှုတွေ အရင်ထက်ပိုပြီး လုပ်ပေးဖို့ လိုပါတယ်။ အမျိုးသမီးတွေ အနေနဲ့လည်း ညဘက်အပြင်ထွက်တာမျိုး၊ ဒါမှမဟုတ် လူသူကင်းရှင်းတဲ့ နေရာမျိုးတွေကို မဖြစ်မနေ သွားရတော့မယ်ဆိုရင်  မိမိမှာ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဝတ်ဆင် မသွားဖို့ လိုပါတယ်။ တချို့ကျတော့ ကိုယ်ဝတ်ဆင်ထားတဲ့ တန်ဖိုးရှိ ပစ္စည်းတွေကြောင့် အသက်ပေးလိုက်ရတဲ့ ဖြစ်စဉ်မျိုးလည်းရှိတယ်။ ညဘက်တွေမှာ အဖော်မပါဘဲ တစ်ယောက်တည်း အပြင်သွားလာတာမျိုးကိုလည်း  ရှောင်သင့်ပါတယ်။ မဖြစ်မနေ သွားရမယ်ဆိုရင်  ကိုယ့်ရဲ့အိမ်နဲ့ အဆက်အသွယ် မပြတ်အောင် လုပ်ထားသင့်ပါတယ်။ (ဥပမာ) မိမိဘယ်ရောက်နေပြီ၊ ဘယ်သူနဲ့ အတူရှိနေတယ်။ ဘယ်အချိန် ပြန်ရောက်မယ် စသဖြင့် မိဘအုပ်ထိန်းသူတွေကို အသိပေးသင့်ပါတယ်။ ဒါမှလည်း အကြောင်း တစ်စုံတစ်ရာ ဖြစ်ပေါ်လာရင် ကူညီမှုတွေ ပြုလုပ်ပေးနိုင်မယ်လို့ မြင်ပါတယ်။

 

 

ဒေါ်မေသန်းဦး (လှိုင်သာယာမြို့နယ်)

အမျိုးသမီးတွေအနေနဲ့ အပြင်သွားမယ်ဆိုရင် လုံလုံခြုံခြုံလေး ဝတ်ဖို့လိုတယ်။ သွားလာနေတဲ့ အချိန်အခါမှာလည်း သတိဝီရိယ ရှိဖို့လိုပါတယ်။ ကိုယ့်ရဲ့ အိမ်နဲ့လည်း အဆက်အသွယ် မပြတ်သွားဖို့ လိုပါတယ်။ သွားလာတဲ့အခါမှာ ကိုယ့်အတွက် ကာကွယ်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် ပစ္စည်းတစ်ခုခု ယူဆောင်သွားဖို့ လိုပါတယ်။ ကျွန်မကတော့ ကျွန်မရဲ့သမီးကို အကြောင်းကိစ္စရှိလို့ အပြင်သွားတဲ့အခါ သူငယ်ချင်း တစ်ယောက် နှစ်ယောက်လောက်ပါအောင် ခေါ်သွားခိုင်းတယ်။ သူဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ် ဆိုတာတွေကိုလည်း မကြာခဏ ဖုန်းဆက်ပြီးမေးတယ်။ ကလေးတွေအနေနဲ့လည်း ကိုယ့်ရဲ့ မိဘတွေအပေါ်မှာ အမှန်အတိုင်းပြောဖို့လိုတယ်။ အဲဒါမှလည်း သူတို့ဘယ်မှာ ဘာတွေလုပ်နေသလဲဆိုတာ သိရမှာပါ။ အဲဒီလိုမှ မဟုတ်ဘဲ ကလေးတွေအနေနဲ့ မိဘတွေအပေါ်မှာ လိမ်ညာမယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက် အကျိုးမရှိဘဲ မသမာသူတွေရဲ့ အမြတ်ထုတ်မှုမျိုးကို ခံသွားရနိုင်ပါတယ်။ ဒါ့ကြောင့် မိဘနဲ့ သားသမီးကြားမှာ အပြန်အလှန် လေးစားယုံကြည်မှုမျိုးနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံသင့်ပါတယ်။ အပြင်ရောက်နေတဲ့အခါမှာ  မိဘတွေနဲ့လည်း အဆက်အသွယ် အမြဲတမ်းရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အရေးအကြောင်းရှိရင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း- ဇော်ကြီး ဓာတ်ပုံ- ဖေဇော်