အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ချမှတ်

mdn

နေပြည်တော် နိုဝင်ဘာ ၂၅

အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်ကျေးရွာနေ မမိမော်၊ ၃၀ နှစ်၊ (ဘ)ဦးမောင်ထွေးက ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ မန်ထန်ကျေးရွာနေ မ xxx ၊ ၂၁ နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နေ မ xxx ၊ ၂၂ နှစ်တို့ကို တရုတ်နိုင်ငံတွင် တရုတ် ယောက်ျားယူပါက ငွေအမြောက်အမြားရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားခဲ့သဖြင့် လွယ်ဂျယ်နယ်မြေ ရဲစခန်း(ပ) ၃၀/ ၂၀၁၈၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဗန်းမော်ခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ နိုဝင်ဘာ ၂၃ ရက်တွင် တရားခံ မမိမော် အား လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန်နှင့် အမှုမှ သက်သေခံ ပစ္စည်း တရုတ်ယွမ်(၆၆၃၀)ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်ချမှတ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)