အမျိုးသမီးများဘဝ လုံခြုံမှုဂရုပြု

နေပြည်တော် ၂၇ မေ

 

မြန်မာနိုင်ငံရှိ အမျိုးသမီးများဘဝ လုံခြုံစိတ်ချမှုရှိစေရေး ယခုအခါ အရေးတကြီးလိုအပ်နေပြီဖြစ်သည်။ အမျိုးသမီးများ လုံခြုံမှုဆိုင်ရာ၌ အမျိုးသမီးများအား အနိုင်ကျင့်နှိပ်စက်မှု၊ အမျိုးသမီးများ လူကုန်ကူးခံရမှုတို့အပြင် အမျိုးသမီးများအား အဓမ္မပြုကျင့်ခံရမှုတို့ပါဝင်ပြီး ယင်းကိစ္စများကို အရေးတယူကိုင်တွယ်ဆောင်ရွက်လျက်ရှိသော်လည်း ပြစ်မှုကျူးလွန်မှုများ ဆက်လက်ဖြစ်ပွား နေသဖြင့် ပိုမိုအလေးထားကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်သည်။

 

အဆိုပါအရေးကိစ္စနှင့်ပတ်သက်၍ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် သက်ငယ်မုဒိမ်းမှုကျူးလွန်သူများအား ထိရောက်ပြင်းထန်စွာ အမြန်ဆုံး အပြစ် ပေးနိုင်ရေးနှင့် သက်ငယ်မုဒိမ်းမှုလျော့ကျရေး မည်သို့သောအစီအစဉ်များဖြင့် အရေးယူဆောင်ရွက် နေသည်ကို သိလိုကြောင်း မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတို့က ယင်းပြစ်မှုများ လျော့နည်းပပျောက်ရေးအတွက် ရှင်းလင်း ပြောကြားသွားခဲ့ပေသည်။

 

သက်ငယ်မုဒိမ်းမှုဖြစ်စေ၊ သက်ကြီးမုဒိမ်းမှုဖြစ်စေ ဖြစ်ပွားရသော အဓိကအကြောင်းအရင်းများမှာ ကျူးလွန်သူများဘက်တွင် အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အင်တာနက်စာမျက်နှာများပေါ်တွင် အလွယ်တကူရှာဖွေကြည့်ရှုနိုင်သော ညစ်ညမ်းစာပေ၊ တဏှာရာဂကို ထကြွစေသော ရုပ်ပုံနှင့် ဗီဒီယိုများ ပိုမိုပျံ့နှံ့နေသောကြောင့်ဖြစ်ပြီး ကျူးလွန်ခံရသူများဘက်တွင် ဆင်းရဲနွမ်းပါးမှု၊ အသိအမြင် ဗဟုသုတနည်းပါးမှုနှင့် သတိမမူ နေထိုင်သွားလာမှုတို့ကြောင့် ဖြစ်သည်ကို တွေ့ရှိရသည်။

 

မုဒိမ်းမှုများ လျော့နည်းပပျောက်စေရေးတွင် ဖော်ပြပါကိစ္စများကို ရှာဖွေတားဆီးနှိမ်နင်းခြင်းနှင့် အသိ ပညာပေး သတိပေးနှိုးဆော်မှုများကို ယခုထက်ပိုမို၍ ထဲထဲဝင်ဝင် ပိုမိုလုပ်ဆောင်သွားရမည်ဖြစ်သည်။ ထို့အပြင် ပြစ်မှုကျူးလွန်သူများအား ထိရောက်သောပြစ်ဒဏ်ချမှတ်မှုနှင့် ချမှတ်လိုက်သောပြစ်ဒဏ် များကို အများပြည်သူ လူမှုဘဝနယ်ပယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် မီဒီယာများသာမက ရပ်ရွာဒေသ အဖွဲ့အစည်းများက လှုပ်ရှားဆောင်ရွက်ကြရမည်ဖြစ်သည်။ မုဒိမ်းမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက အလေးအနက်ထား ဆောင်ရွက်နေစဉ်အတွင်းမှာပင် လူမဆန်သော သက်ငယ်မုဒိမ်းမှုများ ဆက်လက်ဖြစ်ပွားနေသည်ကို စိတ်မချမ်းမြေ့ဖွယ် ကြားသိနေရသည်။

 

သက်ငယ်မုဒိမ်းမှု အများဆုံးဖြစ်ပွားသော ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့ဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ၂၀၁၆ ခုနှစ်က မုဒိမ်းမှု ၁၁၀ဝ ဖြစ်ပွားခဲ့သည့်အနက် သက်ငယ်မုဒိမ်းမှု ၆၇၁မှု ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် မုဒိမ်းမှု ၁၄၀၅ မှုအနက် သက်ငယ်မုဒိမ်းမှု ၈၉၇ မှုဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ မုဒိမ်းမှု ၅၃၃ မှုအနက် သက်ငယ်မုဒိမ်းမှု ၃၆၀ ဖြစ်ခဲ့ရာ သက်ငယ်မုဒိမ်းမှုမှာ ပိုမိုဖြစ်ပွားသည်ကိုတွေ့ရသည်။

 

မုဒိမ်းမှုများ ဖြစ်ပွားရာတွင် တဏှာမုဆိုးများ၏ ကျော့ကွင်းအတွင်း မိန်းကလေးများ ရောက်မသွားစေရေး သတိထားရမည်ဖြစ်သည်။ ထို့ကြောင့် ကာယကံရှင်ကိုယ်တိုင် အသိအမြင် ဗဟုသုတနှင့် သတိထားနေထိုင်တတ်ရန် လိုအပ်သည်။ ထို့အပြင် မိဘအသိုင်းအဝိုင်းတို့ကလည်း ဝိုင်းဝန်းသတိမူ ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။ ယခုအခါ မုဒိမ်းမှုကျူးလွန်မှုများအနက် သွေးမတော် သားမစပ်သူများသာမက ဆွေမျိုးတော်စပ်သူများ၊ ဖခင်အချို့တို့ပါဝင်သည်ကို ကြားသိရသဖြင့် မိခင်များနှင့် အုပ်ထိန်းသူများက မိမိတို့သမီးငယ်များကို ရင်အုပ်မကွာ စောင့်ရှောက်ပေးရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မုဒိမ်းမှုများ လျော့နည်းပပျောက်စေရေးအတွက် အသိပညာဗဟုသုတများပေးဝေခြင်း၊ ဖြစ်ပွားစေနိုင်သော တွန်းအားများအား ကြိုတင်ကာကွယ်တားဆီးနှိမ်နင်းခြင်း၊ ကျူးလွန်သူများအား ပြစ်ဒဏ်များ ထိထိရောက်ရောက်ချမှတ်ပြီး ပြည်သူများအား အသိပေးခြင်းတို့ကို ပိုမို လုပ်ဆောင်ခြင်းဖြင့် အမျိုးသမီးများဘဝ လုံခြုံစိတ်ချရေးကိုဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ