အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် YREO နှင့် အား/ကာသိပ္ပံ ဂိုးပြတ်အနိုင်ရ

၄ ဇန်နဝါရီ
 
၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၅) လက်ကျန်ပွဲများကို ဇန်နဝါရီ ၃၊ ၄ ရက်က အောင်ဆန်း ကွင်း၌ ဆက်လက်ကျင်းပရာ YREO နှင့် အား/ကာသိပ္ပံအသင်း ဂိုးပြတ်အနိုင်ရခဲ့သည်။

YREO အသင်းသည် တက္ကသိုလ်အသင်းကို ခုနစ်ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ YREO အသင်းသည် နှစ်ပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဇယားအလယ်တွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

 YREO အသင်း၏ နိုင်ပွဲအတွက် တိုက်စစ်မှူး မြတ်နိုးခင်က အကောင်းဆုံး ပုံဖော်ပေးခဲ့ပြီး တစ်ဦးတည်း ငါးဂိုးသွင်းယူခဲ့သည်။ YREO အသင်းသည် ပထမပိုင်းတွင် နှစ်ဂိုးသာသွင်းနိုင်သော်လည်း ဒုတိယပိုင်းတွင် ငါးဂိုးသွင်းယူကာ ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ YREO အသင်းအတွက် အနိုင်ဂိုးများကို ၁၄ မိနစ်တွင် ဆွေမာအောင်၊ ၁၆၊ ၅၇၊ ၇၁၊ ၈၀၊ ၈၄ မိနစ်တွင် မြတ်နိုးခင်၊ ၇၈ မိနစ်တွင် နွယ်နီဝင်းတို့က သွင်းယူခဲ့သည်။

အား/ကာသိပ္ပံနှင့် ဂန္ဓမာအသင်းပွဲတွင် အား/ကာသိပ္ပံအသင်းက ငါးဂိုးပြတ် အနိုင်ရခဲ့သည်။ အား/ကာသိပ္ပံ အသင်းသည် နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ထိပ်ဆုံးမှ အသင်းများကို သုံးမှတ်အကွာဖြင့် ပြန်လည်ဖိအားပေးနိုင်ခဲ့သည်။

အား/ကာသိပ္ပံအသင်းသည် ပွဲစကတည်းက ဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း ပထမပိုင်းပြီးခါနီးမှ ဂိုးရခဲ့သလို ဂိုးရပြီးနောက်ပိုင်းတွင် ဆက်တိုက်ဂိုးများ သွင်းယူနိုင်ခဲ့၍ ဂိုးပြတ်သွားခြင်းဖြစ်သည်။

အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးများကို ၃၉ မိနစ်တွင် ဝေဝေအောင်၊ ၄၄ မိနစ်တွင် မေဖူးကို၊ ၄၅၊ ၇၆ မိနစ်တွင် ရီရီဦး၊ ၆၅ မိနစ်တွင် နုနုတို့က သွင်းယူခဲ့သည်။ ပွဲစဉ် (၅) အပြီးတွင် သစ္စာအားမာန်နှင့် မြဝတီအသင်းက ၁၃ မှတ်၊ အား/ကာသိပ္ပံအသင်းက ၁၀ မှတ်၊ အား/ကာဦးစီးဌာနအသင်းက ရှစ်မှတ်၊ YREO အသင်းက ခုနစ်မှတ်၊ ဇွဲကပင်နှင့် ဂန္ဓမာအသင်းက သုံးမှတ်စီရထားပြီး တက္ကသိုလ်အသင်းမှာမူ ငါးပွဲစလုံး ရှုံးနိမ့်ထားသည်။ သစ္စာအားမာန်အသင်းသည် မြဝတီအသင်းထက် ဂိုးကွာခြားချက် အသာရထားသောကြောင့် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရဲရင့်ရှိုင်း