အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၄) တွင် ထိပ်ဆုံးနှစ်သင်း ထိပ်တိုက်တွေ့ဆုံ

၂၃ ဒီဇင်ဘာ 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၄) ကို ဒီဇင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ဆုံးမှ မြဝတီနှင့် အား/ကာသိပ္ပံအသင်း ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

ပွဲစဉ် (၄) အဖြစ် ဒီဇင်ဘာ ၂၄ ရက် (ယနေ့) တွင် ဂန္ဓမာအသင်းနှင့် YREO အသင်း၊ ဒီဇင်ဘာ ၂၆ ရက်တွင် တက္ကသိုလ်အသင်းနှင့် ဇွဲကပင်အသင်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် သစ္စာအားမာန်အသင်းနှင့် အား/ကာ ဦးစီးဌာနအသင်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် အား/ကာသိပ္ပံအသင်းနှင့် လက်ရှိချန်ပီယံ မြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၃) အပြီးတွင် မြဝတီအသင်းက ကိုးမှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး အား/ကာသိပ္ပံ၊ သစ္စာအားမာန်နှင့် အား/ကာဦးစီးဌာနအသင်းတို့ ခုနစ်မှတ်စီရထားသော်လည်း ဂိုးကွာခြားချက်ဖြင့် အား/ကာသိပ္ပံက ဒုတိယ၊ သစ္စာအားမာန်က တတိယနှင့် အား/ကာဦးစီးဌာနက စတုတ္ထနေရာတွင် ရပ်တည်နေသည်။ ယင်းအသင်းများ၏ နောက်တွင် ဂန္ဓမာအသင်းက သုံးမှတ်၊ YREO အသင်းက တစ်မှတ်ရထားပြီး ဇွဲကပင်နှင့် တက္ကသိုလ်အသင်းမှာ သုံးပွဲစလုံး ရှုံးနိမ့်ထားသည်။ ယခုတစ်ပတ်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ အသင်းများအချင်းချင်းတွေ့ဆုံနေပြီး ဇယားရပ်တည်မှုများ အပြောင်းအလဲ ဖြစ်ပေါ်ဖွယ်ရှိနေသည်။ နှစ်နှစ်ဆက်ချန်ပီယံ မြဝတီအသင်းအနေဖြင့် ယခုရာသီတွင် ပထမဆုံးစမ်းသပ်ခံရမည့် ပွဲဖြစ်ပြီး ချန်ပီယံဆုကာကွယ်နိုင်ရန် အသင်းကြီးများအချင်းချင်း တွေ့ဆုံသည့်ပွဲများတွင် ရလဒ်ကောင်းရရန် လိုအပ်နေသည်။ သစ္စာအားမာန်နှင့် အား/ကာဦးစီးဌာန အသင်းမှာလည်း ထိပ်ဆုံးနှစ်သင်း တွေ့ဆုံမှုကို အခွင့်ကောင်းယူနိုင်ရန်လိုအပ်နေပေသည်။

 

သတင်း-ရဲရင့်ရှိုင်း