အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် လူ့တန်ဖိုး

၂၃  အောက်တိုဘာ

 

လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး စသည်တို့ကို ပြောမည်ဆိုလျှင် ကျားရယ် မရယ် ခွဲခြားပြောဆိုရန် မဖြစ်နိုင်ပါ။

 

သူက ယောကျာ်းဖြစ်လို့ ဘယ်ရာထူးကိုယူ၊ သူက မိန်းမဖြစ်တာကြောင့် ဟိုရာထူးပဲရမည် ဆိုတာမျိုး ခွဲခြားဖို့မဖြစ်နိုင်။ ဘယ်သူ ဘယ်မျှလောက် အလုပ်လုပ်နိုင်သလဲ၊ ဘယ်သူက အလုပ်နှင့် ထိုက်တန်သလဲ ဆိုတာသာ မူရင်းဖြစ်ပါမည်။

 

နိုင်ငံသားချင်းအတူတူ သူက ဘယ်တိုင်းရင်းသားမို့ ဘယ်ဘာသာ ကိုးကွယ်လို့ သည်မျှလောက်အခွင့်အရေး၊ ကိုယ်က မြေပြန့်သားဖြစ်လို့ ဘယ်ဘာသာကိုးကွယ်လို့ ဟိုမျှလောက် အခွင့်အရေးဟုဆိုကာ လူမျိုး ဘာသာခွဲခြား ပြောဆိုလို့မရ။ နိုင်ငံသားတိုင်းမှာ တန်းတူညီမျှ အခွင့်အရေး ရှိရမည်သာ။

 

သည်တစ်ယောက်က အသားဖြူလို့ ပိုယူ၊ ဟိုတစ်ယောက်က အသားမည်းလို့ ဟိုနားသွားနေ၊ ဟိုဘက်က အသားဝါလို့ ဝင်ခွင့်မရှိ ဟူ၍ အသား အရောင်ကို တည်မှီပြီး ခွဲခြားပြောဆိုလို့မရ။ လောက မိုးကောင်းကင် အောက်မှာ လူ့အခွင့်အရေး ဒီမိုကရေစီ အခွင့်အရေးက အားလုံးအတူတူ ရှိကြသည်ချည်းသာ။

 

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ အသားဖြူဖြူ ဝါဝါမည်းမည်း၊ လူမျိုးကိုးကွယ်ယုံကြည်ရာ မည်သို့ပင် မတူညီဘူးဖြစ်စေ အားလုံးမှာ ဥပဒေနှင့်အညီ တန်းတူညီမျှ အခွင့်အရေး ရှိကြရမည်ဆိုသည်က ယနေ့ ကမ္ဘာ့လူမှု အဖွဲ့အစည်း၏ ပြဋ္ဌာန်းချက်ဖြစ်နေပြီ။
ခေတ်ဟောင်း လူ့သမိုင်းစဉ်တစ်လျှောက်မှာမူ ယောကျာ်းများကသာ အများအားဖြင့် ကြီးစိုးလွှမ်းမိုးတာ များခဲ့၏။ ခန္ဓာကိုယ် ဖွဲ့စည်းပုံသဘာဝအရ အမျိုးသားတို့က အမျိုးသမီးများထက် ပိုမိုအားကောင်းခဲ့ခြင်းက အမျိုးသားတို့ အသာစီးရမှု၏ မူလဘူတ အကြောင်းခံဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။

 

သမိုင်းစဉ်တစ်လျှောက် လူသားတို့ သဘာဝတရားကို အန်တု၍ ရှင်သန်လှုပ်ရှား ရင်ဆိုင်ဖြတ်သန်းခဲ့ကြရာတွင် ခွန်အား၏ အခန်းကဏ္ဍက ပိုမိုအရေးပါခဲ့သည်ကြောင့် ဖြစ်ပါမည်။ ထို့ကြောင့်ပင် ခန္ဓာကိုယ်ကြံ့ခိုင် သန်စွမ်းမှုမှာ ယေဘုယျအားဖြင့် အားသာသော ယောကျာ်းများက ဦးဆောင်သည့်နေရာက နေခဲ့ကြရခြင်း ဖြစ်နိုင်ပါသည်။

 

ယဉ်ကျေးမှု၏ အခြေခံအကြောင်းတရားက မိမိကြောင့် အခြားသူတစ်ဦး သို့မဟုတ် လူမှုအဖွဲ့အစည်း ထိခိုက်နစ်နာ သွားမည်ကို လူတစ်ဦးချင်းက စောင့်ထိန်းမှု၊ လူသားအချင်းချင်း တန်းတူညီမျှ သဘောထားကာ ဆက်ဆံမှုတို့အပေါ် မူတည်ခြင်းဖြစ်ပါ၏။ သည်တော့ လူ့ယဉ်ကျေးမှု မြင့်မားသည်နှင့်အမျှ အခြားသူတစ်ဦး ထိခိုက်နစ်နာမှုမရှိစေရန်နှင့် မိမိက အခြားသူများကို တန်းတူညီမျှဆက်ဆံရန် စသည်တို့က အရေးပါလာပါသည်။ ထိုအခြားသူသည် လူတစ်ဦးအဖြစ် ရှင်သန်နေရန်သာ လိုအပ်ပြီး သူ၏ အသားအရောင်၊ လိင်အမျိုးအစား၊ လူမျိုးကိုးကွယ် ယုံကြည်ရာတို့နှင့် လားလားမှမဆိုင် ဖြစ်ပါသည်။

 

အခြားတစ်ဖက်တွင်လည်း ခေတ်သစ်နည်းပညာ အတတ်ပညာ သမိုင်းက အစဉ်သဖြင့် တိုးတက်ပြောင်းလဲလာခဲ့ပြီး ယနေ့ကာလလို ပညာဉာဏ်ပေါ်မှာ အခြေခံသည့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာခေတ်တို့ကို ရောက်ရှိလာသည့်အခါ ယောကျာ်း မိန်းမဟူ၍ ခွဲခြားဖို့ မဖြစ်နိုင်တော့ပြီ။ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အားသာမှုက လူမှုဝန်းကျင်မှာ အသာစီး ရသင့်သည်။ ပိုမိုအခွင့်အရေး ရသင့်သည်ဟူသည့် အယူအဆက ဗလအားကိုးခေတ်မှာ အလိုအလျောက် ကျန်ခဲ့ပြီဟု ဆိုရပါမည်။ ဤသည်က အရှေ့တိုင်းနိုင်ငံ၊ အနောက်တိုင်းနိုင်ငံရယ်ဟူ၍ မဟုတ်တော့ဘဲ နိုင်ငံတကာ အမြင်၊ နိုင်ငံတကာအတွေး၊ နိုင်ငံတကာယဉ်ကျေးမှု ဖြစ်လာပါသည်။

 

နေရာဒေသ အသီးသီး၊ အခန်းကဏ္ဍအသီးသီးမှာ အမျိုးသား အမျိုးသမီးဟူ၍ ခွဲခြားကန့်သတ်ဖို့ မဖြစ်နိုင်တော့သည့်ခေတ် ဖြစ်နေပြီ။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ အရေးအရာ မည်သို့သော နယ်မြေမှာမဆို အမျိုးသား အမျိုးသမီး ခွဲခြားစည်းတားလို့ မရနိုင်ပြီ။
ယခုအခါဆိုလျှင် အမျိုးသမီးတို့၏ အခွင့်အရေး အမျိုးသားတို့၏ အခွင့်အရေးဟု ခွဲခြားပြောဆိုနေခြင်းသည်ပင်လျှင် မသင့်လျော်သော အချိန်သို့ရောက်လာနေပြီး လူ့အခွင့်အရေး စံသတ်မှတ်ချက်တွင်းမှာ အားလုံးအတူတူ တန်ဖိုးချင်း အတူတူဟု နားလည်ကြသည့်ကာလဟု မြင်ပါသည်။
ယနေ့ခေတ်က အမျိုးသမီး အမျိုးသားမဟူ၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာမခွဲ၊ မည်သည့် အသားအရောင်မခြား၊ မည်သူပဲဖြစ်ဖြစ် လောကလူမှုအဖွဲ့အစည်းအတွက် မည်မျှလောက် တာဝန်ကျေကျေ ပါဝင်လုပ်ဆောင်နိုင်သလဲ ဟူသည့် အပေါ်မှာတည်၍ လူသားတို့၏ တန်ဖိုးကို သတ်မှတ်နေမည်သာဖြစ်သည်ဟု တင်ပြလိုက်ရပါသည်။ ။

 

မြန်မာ့အလင်း