နေပြည်တော် ၁ မတ်

ဟိုတယ်ဝန်ဆောင်မှု သင်တန်းများဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှု သင်တန်းအမှတ်စဉ်(၃) စာတွေ့ပြီးမြောက်မှု၊ အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၈)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်းပွဲများကို ယနေ့နံနက် ၈ နာရီတွင် ပုသိမ်မြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပုသိမ်)၌ ကျင်းပသည်။

သင်တန်းဆင်းပွဲ၌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများတွင် ဒေသခံအမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန် ဟိုတယ်ဝန်ဆောင်မှု သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် စာတွေ့သင်တန်း (၃)လပြီးဆုံး၍ လက်တွေ့သင်တန်း (၃)လ ဆက်လက်သင်ယူရမည့် ဟိုတယ်အသီးသီး၌ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားသင်ယူသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရသင်တန်းသူများအား ဆုများပေးအပ်ပြီး ကျောင်းဝန်းအတွင်းရှိ သင်တန်းခန်းမများ၊ စားရိပ်သာ၊ စားဖိုဆောင်၊ အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသ အပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသော ဒေသများမှ ဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိရာတွင် ဟိုတယ်ဝန်ဆောင်မှုသင်တန်းများ သင်ကြားပေးလျက်ရှိသည့် အိမ်တွင်းမှုသင်တန်းကျောင်း ပုသိမ်နှင့် ပခုက္ကူမှ သင်တန်းဆင်း ၄၅၀ အနက်မှ ပုဂံဇုန်ရှိဟိုတယ်များ၌ ၅၅ ဦး၊ မန္တလေးဇုန်ရှိ ဟိုတယ်များ၌ ၇၅ ဦး၊ မကွေးဇုန်ရှိ ဟိုတယ်များ၌ ၂၀၊ နေပြည်တော်ဇုန်ရှိ ဟိုတယ်များ၌ ၉ ဦး၊ ငွေဆောင်ဇုန်ရှိ ဟိုတယ်များ၌ ၄၇ ဦး၊ ချောင်းသာဇုန်ရှိ ဟိုတယ်များ၌ ၁၂၀၊ သက်ဆိုင်ရာ အခြားမြို့နယ်များရှိ ဟိုတယ်များ၌ ၅၂ ဦး စုစုပေါင်း ၃၈၇ ဦးတို့ အလုပ်အကိုင်များရရှိကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် လပွတ္တာမြို့နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် လေ့ကျင့်သင်ကြားပေးနေသော ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းများတွင် လက်တွေ့လေ့ကျင့် သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ ဒုတိယဝန်ကြီးသည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဘိုကလေးနှင့် မအူပင်တို့ရှိ ကျောင်းအုပ်များ၊ ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်သည်။

(သတင်းစဉ်)

 

mdn