အမျိုးသားတွေနဲ့ တန်းတူ လုပ်ကိုင်နေတဲ့  အမျိုးသမီးယာဉ်မောင်း

မန္တလေး ၁၅ မတ်


ယနေ့ကမ္ဘာပေါ်တွင် အမျိုးသမီးတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် သူတို့ရဲ့ အရေးပါအရာ ရောက်မှုတွေ ကဏ္ဍပေါင်းစုံမှာ ပေါ်ထွန်းလို့လာပါပြီ။ အမျိုးသမီးတွေဟာ အမျိုးသား တွေနဲ့အတူ ရင်ဘောင်တန်းပြီး လုပ်ငန်းမျိုးစုံမှာ လုပ်ကိုင်နေတာကိုလည်း နေ့စဉ်တွေ့မြင်နေရပါတယ်။ 


ကမ္ဘာမှာသာမက မြန်မာနိုင်ငံမှာလည်း အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေများစွာရှိပါတယ်။ အဲဒီအထဲမှာ အများပြည်သူသုံး ယာဉ်လိုင်းတွေကို မောင်းနှင်တဲ့ အမျိုးသမီး ယာဉ်မောင်းတွေလည်း ရှိပါတယ်။ ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ်ဖြစ်တဲ့ YBS ယာဉ်လိုင်းမှာ အမျိုးသမီးယာဉ်မောင်းတွေကို ၂၀၁၇ ခုနှစ်မှာ စတင်ခေါ်ယူခဲ့ပါတယ်။ 


အမျိုးသားတွေနဲ့ တန်းတူ ယာဉ်မောင်းသူနေရာတွေမှာ ပါဝင်လုပ်ကိုင်လာတဲ့ အမျိုးသမီးတွေထဲမှာ မန္တလေးမြို့က သုံးဘီးဆိုင်ကယ် ယာဉ်မောင်းအမျိုးသမီး တစ်ဦးအကြောင်းကို ဖော်ပြချင်ပါတယ်။ မန္တလေးမြို့မှာ သုံးဘီးဆိုင်ကယ်မောင်းတဲ့ အမျိုးသမီးယာဉ်မောင်း ၈ ဦးခန့် ရှိတယ်လို့ သိရပါတယ်။


အသက်  ၅၈ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ဖြူဖြူဝင်းဟာ မန္တလေးမြို့က သုံးဘီးဆိုင်ကယ် အငှားယာဉ်မောင်း တစ်ဦးဖြစ်ပါတယ်။ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဈေးချိုတော်အနီး၊ သီရိမာလာအရှေ့ရပ်ကွက် ၈၆ လမ်းနဲ့ ၂၆ လမ်းမှာ နေထိုင်ပါတယ်။ အသားဖြူဖြူ၊ ဖော်ရွေတဲ့အပြုံးနဲ့ ဒေါ်ဖြူဖြူဝင်းဟာ သုံးဘီးဆိုင်ကယ် မောင်းလာတာဟာ ၇ လခန့် ရှိပြီဖြစ်ပါတယ်။ 


အရင်ကဆိုရင် သူဝယ်ထားတဲ့ သုံးဘီးဆိုင်ကယ်ကို တခြားသူကို အငှားမောင်းခိုင်းခဲ့တာပါ။ အငှားမောင်းတဲ့ယာဉ်မောင်းဟာ မနက် ၈ နာရီ ခွဲလောက်မှာ သုံးဘီးဆိုင်ကယ်ကို လာယူပါတယ်။ သူမလာခင်အချိန်မှာ သွားလိုတဲ့ ခရီးသွားတွေလာတဲ့အခါ ဒေါ်ဖြူဖြူဝင်းက လိုက်ပို့ဖြစ်ရာကနေ သုံးဘီးဆိုင်ကယ်ကို စတင်မောင်းနှင်လာခဲ့တာဖြစ်ပါတယ်။


‘အိမ်မှာနေတဲ့ ကောင်လေးက မနက်ဆိုရင် ၈ နာရီ ၉ နာရီမှ လာတယ်။ လာတော့ အစောကြီး လာတဲ့ခရီးသည်တွေရှိတယ်။ ၆ နာရီလောက်ဆိုရင် ခရီးသည်တွေက ရောက်ကြပြီ။ အဲကျတော့ စီးချင်တဲ့သူကလာတော့ မောင်းမဲ့သူကမရှိတော့ တက်ပြီးမောင်းလိုက်တာ’လို့ သုံးဘီးဆိုင်ကယ် စတင်မောင်းနှင်ဖြစ်ခဲ့ပုံကို ရှင်းပြပါတယ်။


ဒေါ်ဖြူဖြူဝင်းဟာ အရင်က ကိုယ်ပိုင်ကား၊ ဆိုင်ကယ်တွေကို မောင်းနှင်တက်ပြီးသား ဖြစ်တဲ့အတွက် သုံးဘီးဆိုင်ကယ်မောင်းရတာ သိပ်မခက်ဘူးလို့ ဆိုပါတယ်။ ပထမဆုံး ခရီးသည်ကို လိုက်မပို့ခင် အရင်ရက်တွေကတည်းကလည်း တခါတစ်ရံ စမ်းပြီးမောင်းကြည့်ဖူးတယ်လို့ သိရပါတယ်။ ပထမဆုံးခရီးသည်ကို လိုက်ပို့ရတဲ့နေ့က အတွေ့ကြုံနဲ့ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။ 


‘စမောင်းတဲ့နေ့က မတ္တရာဘက်က ခရီးသည်တွေက ဆေးရုံသွားချင်တယ်ဆိုတာနဲ့ လူလေးယောက်လာကြတာ နောက်က သုံးယောက် ပိန်တဲ့ တစ်ယောက်ကို မောင်းတဲ့ဘေး မှာထိုင်ခိုင်းပြီး မောင်းချသွားတာ။  စိတ်ကတော့ လှုပ်ရှားတာပေါ့။ သတိတော့ တော်တော်ထား ပြီးမောင်းရတယ်’ လို့ ဆိုပါတယ်။


အဲဒီနောက်မှာတော့ နေ့စဉ် သုံးဘီးဆိုင်ကယ်မောင်းတဲ့ အလုပ်ကို လုပ်ဖြစ်ပါတယ်။ သုံးဘီးဆိုင်ကယ်ကို သူ့အိမ်နဲ့ မနီးမဝေးမှာရှိတဲ့ ၂၆ လမ်း ၊ ၈၆ လမ်းထောင့်မှာ ခရီးသည် စောင့်ပါတယ်။  မနက် ၆ နာရီကနေ နေ့လယ် ၁၀ နာရီ လောက်အထိ မောင်းပါတယ်။


သူတို့မိသားစုအတွက် ဝင်ငွေရှာဖွေပေးနေတဲ့ သုံးဘီးဆိုင်ကယ်ကို မနက်တိုင်း သန့်ရှင်းရေးလုပ်သလို၊ မနက်တိုင်း ရှိခိုးတယ်လို့ သိရပါတယ်။ ခရီးသည်ကို လိုက်ပို့တိုင်း လမ်းမှာ ယာဉ်မောင်းရင်း မေတ္တာသုတ်ရွတ် ဆိုလေ့ရှိပါတယ်။


အမျိုးသမီးယာဉ်မောင်းဖြစ်တဲ့အတွက် တချို့ခရီးသည်တွေက လိုလိုလားလား တောင်းဆိုကြသလို၊ တချို့ခရီးသည်တွေက ဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ မယုံကြည်မှုတွေ ရှိခဲ့ပါတယ်။ 


‘အမျိုးသမီး အချင်းချင်း သွားချင်တယ်ဆို တဲ့ခရီးသည် ရှိတယ်။ သူတို့အတွက် ပိုပြီးယုံကြည် စိတ်ချရတယ် ဆိုတာကြောင့်။ တချို့ကျတော့လည်း အမျိုးသမီးမောင်းတာ ကြောက်တယ်။ ဟယ် မောင်းမှာလား ဖြစ်ရဲ့လားဆိုပြီး အံ့သြတဲ့ပုံစံ၊ မယုံတဲ့ပုံစံမျိုး ပြောတာရှိတယ်’ လို့ ဒေါ်ဖြူဖြူဝင်းက သူ့အတွေ့ကြုံကို ပြောပြပါတယ်။ 


ဒေါ်ဖြူဖြူဝင်းမောင်းတာကို သိပ်မယုံရဲတဲ့ ခရီးသည်တွေကို သူတို့သွားလိုရာ လိုက်ပို့ရင်း သူ့ရဲ့ ယာဉ်မောင်းလုပ်သက်နဲ့ ကိုယ်ပိုင်ကားတွေပါ မောင်းတက်ပုံကို ရှင်းပြပါတယ်။


အမျိုးသားတွေလုပ်တဲ့ အလုပ်တစ်ခုကို အမျိုးသမီးလုပ်တဲ့အတွက် လုံခြုံရေးပိုင်းဆိုင်ရာမှာ ပိုပြီးထည့်သွင်းစဉ်းစားရပါတယ်။ ခရီးဝေးတာ၊  ငှားတဲ့ ခရီးသွားတွေက အမျိုးသား တွေကြည့်ပဲဖြစ်နေတာ၊ ညပိုင်းမှာ လာငှားတာမျိုးတွေဆိုရင် ဒေါ်ဖြူဖြူဝင်းက ယာဉ်မောင်းမလိုက်ပါဘူး။ 


‘လူတော့ကြည့်လိုက်ရတယ်။ မိသားစုသွားတယ်။ ကလေးပါတယ်။ ဆိုရင်လိုက်တယ်။ ဈေးရောင်း၊ ဈေးဝယ်သွားမည့်သူလား ဆိုပြီး အရိပ်အကဲကြည့်ပြီး လိုက်ရတယ်၊ အရမ်းရင်းနှီးတဲ့သူလောက်မှ ညပိုင်းလာငှားရင်လိုက်တာ’ လို့ ဆိုပါတယ်။


သုံးဘီးဆိုင်ကယ်မောင်းတာဟာ သမာအာဇိဝ ကျတဲ့လုပ်ငန်းဖြစ်တဲ့အတွက် မရှက်ပါဘူးလို့ ဆိုပါတယ်။ မိသားစုဝင်တွေကလည်း အားပေးကြတယ်။ 


‘အားပေးပါတယ်။ ကားလည်း မောင်းတက်ပြီးသားဆိုတော့ အမျိုးသမီးမောင်းတာ စိတ်ချပြီးသား။  တခါတလေ သူမသိတာတွေ ပြောပြတာပေါ့လို့ ဒေါ်ဖြူဖြူဝင်းရဲ့ အမျိုးသားဖြစ်သူ ဦးမြင့်လွင်က ပြောသည်။ ဒေါ်ဖြူဖြူဝင်းဟာ မိခင်ကြီးကို လုပ်ကြွေးနေသလို မိသားစုအတွက်လည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေပေးနေ သူပါ။ မန္တလေးမြို့တွင်းကို အနီးအဝေးပေါ်မူတည်ပြီး အများဆုံး ကျပ် ၅၀ဝ၀ အထိ ယူတယ်လို့ သိရပါတယ်။ သူ့ရဲ့ တစ်နေ့ဝင်ငွေဟာ ၁၅၀ဝ၀ ကျပ်နဲ့ ၂၀ဝ၀ဝ ကျပ် ရှိပါတယ်။ 


သုံးဘီးမမောင်းခင်က ဒေါ်ဖြူဖြူဝင်းဟာ အလှပြင်ဆိုင်ဖွင့်တဲ့ လုပ်ငန်းလုပ်ပါတယ်။ ဆိုင်ခန်းငှားခ ဈေးနှုန်းမြင့်လာတဲ့အတွက် အလှပြင်ဆိုင်ကိုပိတ်လိုက်ရပြီး ဘဏ်မှာ စုဆောင်းထားတဲ့ ငွေကြေးနဲ့ စားဝတ်နေရေးဖြေရှင်းရပါတယ်။


ဘဏ်တိုးနဲ့ မိသားစု စာဝတ်နေရေး ဖြေရှင်းနေရာကနေ သုံးဘီးဆိုင်ကယ်ကို ၄၂ သိန်း အရစ်ကျနဲ့ ဝယ်ယူခဲ့ပါတယ်။ အရင်ကထက်စာရင် အခုနောက်ပိုင်းမှာ စားဝတ်နေရေး ပိုပြီးအဆင်ပြေလာတယ်လို့ သိရပါတယ်။ 


‘အရင်ကဆိုရင် ဘဏ်တိုးလေးနဲ့သုံးရတာ၊ တခါတလေလိုပြီဆိုရင် အပ်ထားတဲ့ငွေထဲက ထုတ်သုံးနေရတော့ အဆင်မပြေဘူး။ အခုတော့တော်တော်လေးကို အဆင်ပြေလာတယ်’ လို့ ဒေါ်ဖြူဖြူဝင်းကပြောပါတယ်။


ကမ္ဘာမှာ အမျိုးသမီးတွေအတွက် နှစ်စဉ် မတ်လ ၈ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ်သတ်မှတ်ပါတယ်။ ကမ္ဘာမှာ ကျား၊ မ တန်းတူညီမျှရေး စီမံချက်ကို လူအခွင့်အရေးဖော် ဆောင်သူတွေက ဆောင်ရွက်နေကြပြီး ၂၀၃၀ မှာ လုပ်ငန်းခွင်အတွင်း ကျား၊ မ အချိုး ၅၀ ရာခိုင်နှုန်း စီရှိဖို့ မျှော်မှန်းထားကြပါတယ်။


အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်နေတဲ့ ဒေါ်ဖြူဖြူဝင်းကတော့ အမျိုးသမီးတွေအတွက် အခုလိုပဲ အားပေးခဲ့ပါတယ်။ ‘အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ရတာ ဂုဏ်ယူပါတယ်။ အမျိုးသမီးတွေလည်း မရှက်မကြောက်ပဲ လုပ်ကြပါလို့ ပြောချင်ပါတယ်’ လို့ ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။


အိမို့မို့ခိုင်