အမျိုးသားရေးညီညွတ်ရေး……….

၃၀  နိုဝင်ဘာ

 

တိုင်းပြည်နိုင်ငံထူထောင်ရာ၌ ညီညွတ်ရေးအရေးကြီးသည်၊ ညီညွတ်ကြဖို့လိုသည်ဆိုခြင်းမှာ အထူးတလည် ရှင်းလင်းပြစရာမလို။ နိုင်ငံသားတိုင်းလိုလို နားလည်ယုံကြည်ကြပြီးသားဖြစ်သည်ဟု မြင်ပါ၏။
မြန်မာနိုင်ငံကဲ့သို့ အရာရာတိုင်းလိုလိုတွင် အောက်ဆုံးတန်း ရောက်နေသည်မှာ ကြာရှည်လှပြီသော တိုင်းပြည်အဖို့ အလိုအပ်ဆုံးအရာတစ်ခုမှာအမျိုးသားညီညွတ်ရေး ဖြစ်ပါမည်။
သို့သော်လည်း လက်တွေ့ ညီညွတ်ရေး တည်ဆောက်ရာတွင်မူအခက်အခဲများ များစွာတွေ့ ကြုံနေရသည်ကိုလည်း သတိပြုမိပါသည်။ ပြည်သူအများစုသည်လည်းကောင်း၊ နိုင်ငံရေးအင်အားစု အများစုသည်လည်းကောင်း ညီညွတ်ရေးလိုအပ်သည်ဆိုခြင်းကို ယုံကြည်ကြသော်လည်း လက်တွေ့တည်ဆောက်သည့်အခါ အလွယ်တကူ မဖြစ်ကြသေး။

 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၆ ခုနှစ်ဇန်နဝါရီလ ၂၃ ရက်နေ့က ဖဆပလပြည်လုံးကျွတ်ညီလာခံကြီးတွင် ညီညွတ်ရေးအဆိုကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့စဉ်က မိန့်ဆိုခဲ့သကဲ့သို့ “ညီညွတ်ရေးဆိုတာဘာလဲ နားလည်ဖို့လိုတယ်။ ... တူညီသောအကျိုး၊ တူညီသော အလုပ်၊ တူညီသော ရည်ရွယ်ချက် ရှိရမယ်။ ကျွန်တော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။ ရာထူးယူဖို့ ညီညွတ်ရမလား။ ဒါမှမဟုတ် တိုင်းသူပြည်သားတွေကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ... ကျွန်တော်တို့လိုချင်တဲ့ညီညွတ်ရေးက တစ်တိုင်းတစ်ပြည်လုံး လူတစ်မျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ့ အကျိုး။ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့ အလုပ်၊ ဒါတွေကို ရအောင် အဲဒီလို တူညီတဲ့အကျိုး၊ တိုင်းသူပြည်သားတွေရအောင် တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်။ ပါးစပ်က ပြောရုံနဲ့ မပြီးဘူး။ ပါးစပ်ကပဲ ညီညွတ်ချင်ပါတယ်ပြောလို့ မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ အကျိုးမှာလည်း တူရမယ်။ ရည်ရွယ်ချက်မှာလည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။”

 

အထက်ပါ စကားများနှင့်အတူ ဖဆပလ အဖွဲ့ချုပ်ကြီးက တင်သောအဆိုတွင်ပါရှိသည့် အချို့သောအပိုဒ်များကို ကိုးကားပြောဆိုခဲ့သည်။ ရည်ရွယ်ချက်တူ အကျိုးတူ တောင်သူလယ်သမားများ အခြေပြုဖွဲ့ စည်းသည့် ညီညွတ်သည့် တစ်ခုတည်းသော တောင်သူလယ်သမားအဖွဲ့ပေါ်ပေါက်ရေး။ စင်ပြိုင်အလုပ်သမားအဖွဲ့များ မဖြစ်သင့်ဘဲ တစ်ခုတည်းသော အလုပ်သမားအဖွဲ့ပေါ်ပေါက်ရေး စသည်တို့ကို ပြောကြားခဲ့ပါသည်။
နယ်ပယ်အသီးသီး၊ လူတန်းစားအသီးသီးတို့ကြားတွင် အချင်းချင်းနားလည်မှု၊ စေ့စပ်ညှိနှိုင်းမှုတို့ဖြင့် ညီညွတ်သည့် အဖွဲ့အစည်းများပေါ်ပေါက်ခြင်းက နိုင်ငံအတွက် အင်အားဖြစ်ပါမည်။ ယင်းကဲ့သို့သော ညီညွတ်ရေးမျိုးအတွက် အခြေခံကား ညီညွတ်လိုသောစိတ်ဓာတ်နှင့် ညှိနှိုင်းလိုသော သဘောထားဖြစ်ပါမည်။

 

မိမိနိုင်ငံနှင့် လူမျိုးအကျိုးစီးပွားအတွက် ကိုယ်ရေးကိုယ်တာများကို ဖယ်ထားကာ ညီညွတ်ဖို့ ကြိုးစားကြရလိမ့်မည်ဟု ထင်မြင်ပါသည်။ အထူးသဖြင့် တိုင်းရင်းသားများနှင့် ဒီမိုကရေစီရေး အရေးပါမှုကို သဘောပေါက်နားလည်ကြသည့် နိုင်ငံရေးအင်အားစုများ အားလုံးညီညွတ်လိုသည့်စိတ်ဓာတ်ဖြင့်သာ နိုင်ငံ၏ ဒီမိုကရေစီ အခြေခံခိုင်မာရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်နိုင်ရေး စသည့်ပြည်သူတို့ မျှော်မှန်းရာပန်းတိုင်သို့ အရောက်သွားနိုင်မည်ဟု မြင်ပါသည်။

 

နိုင်ငံနှင့် ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်မည်ဟု ဆုံးဖြတ်ချက်ချကာ ြွေကးကြော်နေသည့် နိုင်ငံရေးအင်အားစုများအားလုံးအမှန်တကယ် ညီညွတ်လိုသော စိတ်ဓာတ်များ မွေးမြူနိုင်ကြပါစေသတည်း။ မြန်မာ့အလင်း