အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (NESP) ဆောင်ရွက်နေမှုတင်ပြခြင်းနှင့် အခြေခံပညာပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ လုပ်ဆောင်ခြင်း ဆွေးနွေးပွဲအခမ်းအနားကျင်းပ

ကော့သောင်း ၈ မေ 

 

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(NESP) ဆောင်ရွက်နေမှုတင်ပြခြင်းနှင့် အခြေခံပညာပြုပြင်ပြောင်းလဲမှု လုပ်ငန်းများလုပ်ဆောင်ခြင်း ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းတွင် ကျင်းပရာ အခမ်းအနားသို့ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(NESP) လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊မြို့နယ်ပညာရေးမှူး ဦးမျိုးလွင်၊ မြိတ်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ထားဝယ်ပညာရေးကောလိပ်မှ ကထိကကြီးများ မြိတ်ခရိုင်စု ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ်များမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ နိုင်ငံရေးပါတီများ၊ ပညာရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်လျှက်ရှိသည့် ပြင်ပအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများတက်ရာက်သည်။

 

 

အခမ်းအနားတွင် ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(NESP) လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (သုတေသန) ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်း မှ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(NESP) ဆောင်ရွက်နေမှု နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။ ယင်းနောက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (NESP) လုပ်ငန်းအဖွဲ့ဝင် ဒေါက်တာဒေါ်လီလီမြင့် နှင့် ဒေါက်တာဒေါ်ဌေးရီတို့က အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(NESP)  လုပ်ငန်းဆောင်ရွက်နေမှုနှင့် အခြေခံပညာပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ လုပ်ဆောင်မည့်အစီအစဉ်များအားအသီးသီးရှင်းလင်းပြောကြားပြီး အခမ်းအနားအစီအစဉ် ပထမပိုင်းအား ရုပ်သိမ်းလိုက်သည်။

 

 

ထိုနောက်မွန်းလွဲပိုင်းတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(NESP) လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲ ဒုတိယပိုင်းအစီအစဉ်အား ဆက်လက်ကျင်းပရာ ကော့သောင်းမြို့နယ်ပညာရေးမှူး ဦးမျိုးလွင်နှင့်  အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(NESP) လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းတို့က  အမှာစကားအသီးသီးပြောကြားသည်။ ယင်းနောက်  အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(NESP) လုပ်ငန်းအဖွဲ့ဝင် ဒေါက်တာဒေါ်လီလီမြင့်က အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(NESP) လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြင်ပအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ အစုအဖွဲ့(၁၀)ဖွဲ့ခွဲကာ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(NESP)၏ရည်မှန်းချက်များဖြစ်သည့် သင်ကြားသင်ယူမှုတိုးတက်လာရေး၊ ကျောင်းအရည်အသွေးဖွံ့ဖြိုးတိုးတက်လာရေး၊ ကလေးများ၏ပညာရေးတွင် မိဘများ ပိုမိုတက်ကြွစွာပါဝင်လာရေး၊ မည်သည့်ကျောင်းနေအရွယ် ကလေးတစ်ဦးတစ်ယောက်မျှမကျန်ရစ်စေရေး ဆိုင်ရာဆန်းစစ်မေးခွန်းလွှာများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

ကျော်စိုး (ကော့သောင်း)