အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနသို့ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ငါးသိန်း ပေးအပ်လှူဒါန်း

နေပြည်တော် ဒီဇင်ဘာ ၁၇

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနသို့ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။
 
အလှူငွေပေးအပ်ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiangက မြန်မာနိုင်ငံ၏ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်ကို တရုတ်နိုင်ငံကထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃သန်း လှူဒါန်းမည်ဖြစ်ပါကြောင်း၊ လာမည့်နှစ်တွင်  ကျန်သည့် အမေရိကန်ဒေါ်လာ တစ်သန်း ထပ်မံလှူဒါန်းမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းဖြစ်ပါကြောင်း၊  လှူဒါန်းမှုမှာ ပမာဏအားဖြင့် မကြီးမားသော်လည်း စေတနာကို ဖော်ပြရာ ရောက်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်ကိုလည်း ထပ်မံကူညီသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
 
ထို့နောက် အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနသို့ အမေရိကန်ဒေါ်လာ(၅)သိန်းကို ပေးအပ်လှူဒါန်းရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
 
ယင်နောက် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း မြန်မာပြည်သူများနှင့် အာလုံးလိုလားကြသည်မှာ ငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ၁၉၄၈ ခုနှစ်မှ စခဲ့သည့်ပြဿနာကို ဖြေရှင်းရန် ကြိုးစားနေပါကြောင်း။ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီချုပ်တို့ကလည်း ငြိမ်းချမ်းရေးသည် အဓိကဖြစ်သည်ဟု ပြောကြားထားပါကြောင်း၊ တရုတ်နိုင်ငံအစိုးရက မိတ်ဆွေအား အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်သည့်အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အားတက်ရပါကြောင်း၊ တရုတ်နိုင်ငံက မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလှူငွေများပေးအပ်နေမှုမှာ မိတ်ဆွေနိုင်ငံ၏ အထိမ်းအမှတ်ဖြစ်ပါကြောင်း၊  အစိုးရ၊  လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့ အားလုံးနှင့် ပြည်သူများက ငြိမ်းချမ်းရေးကို လိုလားပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဆက်လက်ကူညီပေးသွားစေလိုကြောင်း ပြောကြားသည်။
 
အလှူငွေပေးအပ်ပွဲသို့ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြား ရေး ဝန်ကြီးဌာန အာရှရေးရာဌာနမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ 

(သတင်းစဉ်)